ရန်ကုန် ၁၀ ဖေဖော်ဝါရီ
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၃)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ယနေ့ ညနေ ၆ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်(၃) နှစ်မြောက် သီချင်းကိုသီဆိုပြီး အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လွှတ်တော်(၃) နှစ်မြောက် ဂုဏ်ပြုအမှတ်တရစကား ပြောကြားရာတွင် လွှတ်တော်သည် ဒီမိုကရေစီ၏ အသက်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ၏ ပန်းတိုင်ဖြစ်ပါကြောင်း၊ လွှတ်တော်အရည် အသွေးမြင့်မားလာသည်နှင့်အမျှ နိုင်ငံကိုဦးဆောင်မှုပေးနိုင်သည့် အခန်းကဏ္ဍတစ်ရပ် ပိုမိုမြှင့်မားလာမည်ဖြစ်ပါကြောင်း၊ လွှတ်တော်က ချမှတ်လိုက်သည့် ဥပဒေများသည် နိုင်ငံတော်တည်ဆောက်ရန်အတွက် ဌာနဆိုင်ရာ အသီးသီးလိုက်နာကျင့်သုံး ဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို တည့်မတ်ဆောင်ရွက်ပေးနိုင်သည့် အခြေအနေတစ်ခုဖြစ်သကဲ့သို့ လူမှုဘဝကိုမြှင့်တင်နိုင်ရန်အတွက်လည်း မူဝါဒချမှတ် ပေးနိုင်မည့် အခြေအနေတစ်ဖြစ်ပါကြောင်း၊ သို့ပါ၍ လွှတ်တော်၏ အခန်းကဏ္ဍ မြှင့်မားလာရေးသည် ဒီမိုကရေစီစနစ်တွင် အရေးအကြီးဆုံးကဏ္ဍတွင် ရှိနေသည် ကို အားလုံးသတိချပ်ရန် လိုအပ်ပါကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက လွှတ်တော် (၃)နှစ်မြောက် ဂုဏ်ပြုစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် မြို့တော်ဝန်ဦးမောင်မောင်စိုးတို့က လွှတ်တော်ဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲတွင် ပထမဆုရ မြောက်ပိုင်းခရိုင်အသင်း၊ ဒုတိယဆုရ တောင်ပိုင်း ခရိုင်အသင်း၊ ပူးတွဲတတိယဆုရအရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာအကအလှများ၊ တေးသီချင်းများ သီဆို ဖျော်ဖြေကြသည်။
(သတင်း၊မင်းသစ်(MNA)/ဓာတ်ပုံ၊ရဲထွဋ်)