ရန်ကုန် ၁၁  ဇွန် 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) ပထမနေ့ကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းရှိ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အစားထိုး ပြောင်းလဲမှုနှင့်စပ်လျဉ်း၍ ကတိသစ္စာ မပြုရသေးသော တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး သူအောင်ဇော်က ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးသည်။

 

mdn

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရသုံး ခန့်မှန်းခြေ ငွေစာရင်း(လျာထားချက်) ကို လွှတ်တော်သို့ရှင်းလင်းတင်ပြသည်။

ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ရှင်းလင်းတင်ပြရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး ရသုံးခန့်မှန်းခြေငွေစာရင်းများကို ရန်ကုန်တိုင်း ဒေသကြီးအဆင့်  ဌာနအဖွဲ့အစည်းများမှရေးဆွဲတင်ပြချက်နှင့် ပြည်သူ့ကိုယ်စားလှယ်များပါဝင်သည့် ဘတ်ဂျတ်များအနေဖြင့်လည်း ကြိုတင်ပြုစုခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဖွဲ့အစည်းများအနေဖြင့် တင်ပြချက်များကိုလည်း မတ် ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနတွင် အပြီးသတ်စုစည်းကာ စိစစ်ခဲ့ပြီးနောက် ပြည်သူ့ငွေစာရင်း ပြည်သူ့ငွေစာရင်းကော်မတီသို့ ပေးပို့ခဲ့ကြောင်း၊ ပြည်သူ့ငွေစာရင်းကော်မတီအနေဖြင့် စိစစ်မှုများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

အဆိုပါရှင်းလင်းတင်ပြမှုနှင့်စပ်လျဉ်း၍ ဇွန် ၁၂ ရက်နံနက်တွင် ကျင်းပမည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) ဒုတိယနေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသွားကြမည်ဖြစ်သည်။

(သတင်းစဉ်)