ရန်ကုန် ၂၄ ဖေဖော်ဝါရီ
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါ်ချိုမာလာအား ခန့်အပ်တာဝန်ပေးအပ်ပြီးဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ဖတ်ကြား တင်ပြပြီး ဒေါ်ချိုမာလာက လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြ မေးခွန်း သုံးခုကို မေးမြန်းရာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားသည်။
ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းမကြီးများနှင့် လမ်းသွယ်များပေါ်တွင် ယာဉ်ရပ်နားရန် နေရာများပေါ်၌ အတားအဆီးများချထား၍ ဆောင်ရွက်နေမှုသည် ယာဉ်ရပ်နားရန် အခက်အခဲရှိလာပါသဖြင့် အဆိုပါကိစ္စများအား ၂၀၁၈ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးဥပဒေနှင့်အညီ မြို့နယ်အလိုက် ရှင်းလင်းအရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ယင်းကို စနစ်တကျ ဆောင်ရွက်ရန် အစဉ်မပြတ်ဆောင်ရွက်နေကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ၂၀၁၈ အရ ပြဋ္ဌာန်းထားသည့်ရည်ရွယ်ချက်အတိုင်း စည်ပင်သာယာရေးကော်မတီ၏ အဆင့်ဆင့် ဦးဆောင်မှုဖြင့် မြို့တော်ကို အစဉ်မပြတ်ဆက်လက်ဖွံ့ဖြိုးပြီး မြို့နေလူထု၏ လူနေမှုအဆင့်အတန်း ပြောင်းလဲရန် ၊ နိုင်ငံတကာမြို့တော်များကဲ့သို့ သန့်ရှင်လှပပြီး စနစ်တကျဖြစ်စေရန် အဆင့်မြှင့် ဆောင်ရွက်နေကြောင်း၊ ယင်းသို့ ဆောင်ရွက်သော်လည်းတိုးပွားလာသည့်မော်တော်ယာဉ်အစီးရေ၊ စည်းကမ်းမဲ့ လမ်းဘေးဈေးသည်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်အန္တရာယ်များ နေ့စဉ်ကြုံတွေ့ရသည့်အပြင် တိုးပွားလာသည့် ယာဉ်အစီးရေများကြောင့် ယာဉ်ရပ်နားသည့်နေရာ ရှားပါးလာကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၀၁၈ အရ လမ်းတံတား စကြန်နှင့် ရေမြောင်းများဆိုင်ရာ တားမြစ်ချက်များ ပုဒ်မ ၃၁၅ ၊ပုဒ်မခွဲ (စ)တွင် မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ စင်္ကြံပေါ်တွင် ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း အိမ်ထောင်ပရိဘောဂ ပစ္စည်းများ စုပုံခြင်း၊ ရောင်းချခြင်း၊ ခင်းကျင်းခြင်း၊ ပြုပြင်မွမ်းမံခြင်းများကို မလုပ်ရ ဟု ပြဋ္ဌာန်းထားပြီး ပြစ်ဒဏ်များအဖြစ် ပထမအကြိမ်ကျူးလွန်ပါက ငွေဒဏ်ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းအထိချမှတ်ပြီး ဆက်လက် ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ် သုံးလအထိချ မှတ်နိုင်ကြောင်း၊ မြို့တော်နယ်နမိတ်အတွင်း အများပြည်သူဆိုင်ရာ လမ်းများတွင် ယာဉ်သွား လာခြင်း၊ ယာဉ်ရပ်နားခြင်းနှင့် အနှောက်အယှက်ဖြစ်စေမည့် အတားအဆီးများ မပြုလုပ်ရန် ဥပဒေပြဋ္ဌာန်းထားပြီး ပြစ်ဒဏ်များ အဖြစ်ပထမအကြိမ် ကျူးလွန်ပါက ဒဏ်ငွေကျပ်တစ်သိန်းမှ ငါးသိန်းအထိချမှတ်ထားပြီး ဆက်လက်ကျူးလွန်ပါက ထောင်ဒဏ် ၃ လအထိချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း။
မြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် Down Town မြို့နယ်အတွင်းရှိ လမ်းမကြီးများနှင့် အမည်တပ်လမ်းများရှိ အတားအဆီးများကို စဉ်ဆက်မပြတ်စစ်ဆေးလျက်ရှိပြီး စိစစ်တွေ့ရှိပါက ခရိုင်၊မြို့နယ် အုပ်ချုပ်ရေးမှူးများက ခရိုင်လှည့်ရှင်းယာဉ်များဖြင့် တားဆီး ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၁၉ ခုနှစ် တစ်နှစ်တာအတွင်း မြို့တွင်း (၆)မြို့နယ်တွင် ရှင်းလင်းဖယ်ရှားရာ ကျောက်တံတားတွင် ၅၅၇ ခု ၊ပန်းဘဲတန်းတွင် ၄၇ ခု၊ လသာတွင် ၂၀၄၈ ခု၊ လမ်းမတော်တွင် ၂၅၃၀ ခု၊ ပုစွန်တောင်တွင် ၆၂၅ ခု၊ ဗိုလ်တထောင်တွင် ၅၄၉ ခု ဖြစ်ကြောင်း၊ မြို့တွင်းခြောက်မြို့နယ်တွင် သိမ်းဆည်းရှင်းလင်းဖယ်ရှားမှုအပါအဝင် ခရိုင်အလိုက် သိမ်းဆည်း ဖယ်ရှားမှုလုပ်ကြောင်း၊ အရှေ့ပိုင်းတွင် ၇၉၇ ခု၊ အနောက်ပိုင်းခရိုင်တွင် ၈၃၂၆ ခု၊ တောင်ပိုင်းခရိုင်တွင် ၂၆၃၁ ခုနှင့် မြောက်ပိုင်းခရိုင်တွင် ၂၁၀၇ ခုဖြစ်ကြောင်း။
စည်းကမ်းထိန်းသိမ်းရေးပိုင်းတွင်လည်း ဗဟန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက လိုက်နာ ဆောင်ရွက်ခြင်း မရှိသည့်အတွက် ၂၂.၁၀.၂၀၁၉ ရက်တွင် တည်ဆဲ၂၀၁၈ စည်ပင်ဥပဒေဖြင့် တရားစွဲ ဆောင်ရွက်ခဲ့ရာ တရားရုံးမှ ငွေကျပ်တစ်သိန်း ဒဏ်ရိုက်ခဲ့ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေ၂၀၁၈ ပုဒ်မ (၂)တွင် ရည်ရွယ်ချက် ငါးရပ်ပြဋ္ဌာန်းထားကြောင်း၊ မြို့တော်သာယာရေးနှင့် စည်းကမ်းစနစ်ကျရေးအတွက် မြို့နေလူထု အဖွဲ့အစည်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများကတည်ဆဲဥပဒေ၊ နည်းဥပဒေများဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက် ရှိကြောင်း၊ ထို့ကြောင့် ကော်မတီအနေဖြင့် လမ်းမကြီးများ နှင့် လမ်းသွယ်များပေါ်တွင် ယာဉ်ရပ်နားရန် နေရာများပေါ်၌ အတားအဆီးများကို ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေကြောင်း၊ မြို့နေပြည်သူများကလည်း ဥပဒေနှင့်အညီ လိုက်နာရန် နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကို ယ်စားလှယ် ဦးမိုးမြင့်၏ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥပဒေအား ပြင်ဆင်ရေးဆွဲ အတည်ပြုပြီးဖြစ်ပါသဖြင့် မြို့နယ်စည်ပင်သာယာရေး၊အုပ်ချုပ်ရေးမှူးရုံး နာမည်ဆိုင်းဘုတ်အား ပြောင်းလဲပေးရန် အစီအစဉ်ရှိ /မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းမှုနှင့် လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက လှိုင်မြို့နယ်အတွင်း ဖွင့်လှစ်ထားသော ယာဉ်ရောင်း ဝယ်ရေးစခန်းအား သင့်တော်သောနေရာများသို့ ပြောင်းရွှေ့ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းမှုတို့အား ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည် ရှင်းလင်းဖြေကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း(လျာထားချက်)နှင့်စပ်လျဉ်း၍ လွှတ်တော်တွင် ဆွေးနွေးမှုပြုလုပ်ရာ လွှတ်တော် ကိုယ်စားလှယ်(၆)ဦးတို့ ပါဝင်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) စတုတ္ထနေ့ကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်