ရန်ကုန် ၂၄ ဇွန်
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ နံနက် ၁၀ နာရီက ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမတွင် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က တရားရေးဥပဒေဆိုင်ရာလုပ်ငန်းများ မှန်ကန်မှု၊ တရားမျှတမှုရှိစေရေးအတွက် ကူညီဆောင်ရွက်ပေးရမယ်လို့ ပြဋ္ဌာန်းထားပါကြောင်း၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို ခွဲဝေပိုင်းခြား အပြန်အလှန်ထိန်းကြောင်းခြင်း ဥပဒေကို ပြဋ္ဌာန်းထားပါကြောင်း၊ တရားရုံး၌ ဦးတိုက်လျှောက်ထားသည့် အမှုမှလွဲ၍ သက်ဆိုင်ရာရဲစခန်းတွင် တိုင်ကြားသော အမှုတွဲများက အမှုစစ်အရာရှိရဲ့ မှန်ကန်မှု၊ ကျွမ်းကျင်ပါးနပ်မှု၊ စေ့စပ်သေချာမှုများသည် တရားစီရင်ရေးအတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ စုံစမ်းရှာဖွေထားသော မှတ်တမ်းစစ်ချက်တွေသည် ပြီးပြည့်စုံပါက ဥပဒေနဲ့ တရားရေးက မှန်ကန်ကြောင်း စီရင်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်ကြောင်း၊ ရဲလုပ်ငန်းကို ပြီးပြည့်စုံစွာ မဆောင်ရွက်ဘဲ ကျွင်းကျန်ရစ်ခဲ့သည် လည်းကောင်း၊ ရည်ရွယ်ချက်ရှိရှိ ထိန်ကျန်ခဲ့သည် လည်းကောင်း၊ ထိုကဲ့သို့ဖြစ်ပေါ်ခဲ့ပါက ဆက်စပ်နေတဲ့ ဥပဒေအကြံပြုချက်တွေ၊ တရားစွဲ စွတ်စွဲချက်တွေက အားနည်းချို့တဲ့စေပြီး အမှုလမ်းကြောင်းပြောင်းပြီး မှန်ကန်မျှတသော တရားစီရင်ရေး ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း၊ ထို့ကြောင့် တရားစွဲအဖွဲ့အစည်းများမှ သက်သေအထောက်အထား ခိုင်မာစွာရှိနေပါသော်လည်း ထိုခိုင်မာသော အထောက်အထားများအား ထိန်ချန်ခြင်း၊ မျက်ကွယ်ပြုခြင်းများကြောင့် ဖြစ်ရပ်မှန်မပေါ်ပေါက်ဘဲ အမှုလမ်းကြောင်း လွဲမှားကာ အမှုမှန် ပေါ်ပေါက်ခြင်းမရှိဘဲ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်ပါသဖြင့် သက်ဆိုင်ရာ အထက်အဖွဲ့အစည်းများမှ ထိန်းကျောင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခဲ့သည်။
အဆိုပါ မေးခွန်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေးက လွှတ်တော်ကိုယ်စားလှယ်ကြီးမေးသည့် မေးခွန်းအား အပိုင်းနှစ်ပိုင်းခွဲခြား ဖြေဆိုပေးရမည်ဖြစ်ကြောင်း၊ ပထမအပိုင်းအနေဖြင့် မှုခင်းစုံစမ်းစစ်ဆေးခြင်းနှင့် အမှုတွဲခိုင်မာစွာ တည်ဆောက်မှုသည် တရားစွဲဆို အဖွဲ့အစည်းများ၏ တာဝန်ဖြစ်ကြောင်း၊ အမှုစုံစမ်းစစ်ဆေးပြီး အမှုတွဲတည်ဆောက်မှုကို တရားရေးမှ ထိန်းကျောင်းဆောင်ရွက်ခွင့်မရှိကြောင်း၊ ဒုတိယအပိုင်းအနေဖြင့် အမှုလမ်းကြောင်းလွှဲမှားကာ အမှုမှန်ပေါ်ပေါက်ခြင်းမရှိပါက တရားဥပဒေစိုးမိုးရေး ထိခိုက်နိုင်သည်ဟူသည့် အမှုစစ်ဆေးမှုကို ဖြေကြားပေးမည်ဖြစ်ကြောင်း၊ ရာဇဝတ်မှု တစ်မှုတွင် တရားရုံးက ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ပြစ်ဒဏ်နှင့် အမိန့် မှန်/မမှန်၊ ဥပဒေနှင့် ညီ/မညီ၊ သင့်မြတ်မှု ရှိ/မရှိ စိစစ်ရန် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၃၅ အရ ပြဋ္ဌာန်းထားကြောင်း၊ တရားရုံး တစ်ရုံးရုံး၏ ဆုံးဖြတ်ချက်၊ အမိန့်၊ ပြစ်ဒဏ်များအပေါ် လစဉ်မှုခင်း ပြီးပြတ်မှု စာရင်းအရ စိစစ်၍ အမှုတွဲတောင်းခေါ် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ အပြီးပြတ်လွှတ်သည့် အမိန့်များအပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးသို့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၁၇ အရ အယူခံတက်ရောက်ရန် စာထုတ်ပြီး အကြောင်းကြားခြင်းဖြင့် ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း၊ တရားမမှုခင်းများတွင် အပ်နှင်းထားသည့် စီရင်ပိုင်ခွင့်အာဏာ မကျင့်သုံးမှု၊ မအပ်နှင်းထားသည့် အာဏာကို ကျင့်သုံးမှုနှင့် တရားဥပဒေနှင့် မညီညွှတ်သော နည်းလမ်းမကျသော ဆောင်ရွက်မှု စသည့် အချက်(၃)ချက် ပေါ်ပေါက်ခဲ့လျှင် တရားမကျင့်ထုံး ဥပဒေပုဒ်မ ၁၁၅ အရ ပြင်ဆင်မှုဆောင်ရွက်ရကြောင်း၊ တရားသူကြီးသည် အမှုကြားနာခြင်း (သို့မဟုတ်) စီရင်ချက် ချမှတ်ခြင်းနှင့် စပ်လျဉ်း၍ အရည်အချင်းပျက်ယွင်းကြောင်း မှတ်ယူနိုင်သည့် အခြေအနေမျိုးကို နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ရမည်ဟူ၍ မြန်မာနိုင်ငံ တရားသူကြီးများအတွက် တရားစီရင်ရေးကျင့်ဝတ် အခန်း(၄)တွင် ပြဌာန်းထားကြောင်း၊ ကျင့်ဝတ် ဖောက်ဖျက်ပါက တိုင်းဒေသကြီးလွှတ်တော် မှ စိစစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်ပြအရေးယူဆောင်ရွက်ခြင်းနှင့် ထိန်းကျောင်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ရန်ကုန်တိုင်းဒေသကြီး တိုင်ကြားစာများ၊ အသနားခံစာများကို စိစစ်ရာတွင် တရားစွဲ အဖွဲ့အစည်းများ၏ လွဲချော်မှုကြောင့် အမှန်တကယ်နစ်နာသော ပြည်သူလူထုများစွာရှိပါကြောင်း၊ ဒီလိုနစ်နာမှုများ ပပျောက်အောင် တရားမျှတမှုသည် လူတန်းစားမရွေး မှန်ကန်သော စီစဉ်ဆောင်ရွက်မှု ဖြစ်စေရန်၊ နစ်နာမှုများ ချုပ်ငြိမ်းစေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း ဆက်စပ်မေးခွန်းနှင့် စပ်လျှဉ်း၍ မေးမြန်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေးက တိုင်ကြားစာကိစ္စများ အဖွဲ့များအနေဖြင့် တရားရုံးကိစ္စအား သွားလာလေ့လာနိုင်စေရန် သက်ဆိုင်ရာတရားရုံး အသီးသီးကို ညွှန်ကြားဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ အမှုတစ်ခုကို စစ်ဆေးနေစဉ် တရားသူကြီးက အမှု၏ အခြေအနေ နှင့် သက်သေခံချက် မခိုင်လုံမှု၊ ပြည့်ဝမှု စသည့် ကိစ္စရပ်များကို ပြောပိုင်ခွင့်မရှိကြောင်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် သွားမည်ဆိုလျှင် လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် အကြောင်းကြားရန် လိုအပ်ကြောင်း၊ ရုံးအသီးသီးထံ စာထုတ်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်၏ ဆက်စပ်မေးခွန်းနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် တိုင်းသေကြီးအစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ရယူနိုင်ရန် သဝဏ်လွှာပေးပို့လာမှုကို လွှတ်တော်ကိုယ်စားလှယ်များ ထံဖြန့်ဝေထားပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က သဘောမတူသူ မရှိသည့်အတွက် ကန့်ကွက်သူမရှိ လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းနှင့် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော်မတီတို့က လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ဖတ်ကြားတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဇွန် ၂၅ ရက်နေ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)
