ရန်ကုန် ၁၇  ဇွန်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်  ပြည်လမ်းရှိ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းကြရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဇော်လင်း၏ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၆) ရပ်ကွက်ရှိ ဗိုလ်မှူး ဗထူးလမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်တွင်ရှိသော ယခင်မြေပုံပါ ဗိုလ်မှူးဗထူးဈေးနေရာသည် (အလျား ပေ ၄၂၀ x အနံ ပေ ၃၆၀)ရှိခဲ့ပြီး အခြားစီမံကိန်းအကောင်အထည်မဖော်ရသေးသော (အလျားပေ ၁၂၀ x အနံပေ ၂၄၀) ဈေးနေရာအဖြစ် ပြန်လည်ဖော်ထုတ်ပေးရန် အစီအစဉ်ရှိ/ မရှိ မေးခွန်းနှင့်ပတ်သက်၍  ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ယင်းအကွက်များရှိ ကျူးကျော်များကိုဖယ်ရှားမည်ဖြစ်ကြောင်း၊ ပျံကျဈေးတည်ဆောက်ရာတွင် ငွေလုံးငွေရင်းသုံးစွဲ၍မရသည့်အတွက် သာမန်ငွေစာရင်းမှ အကုန်အကျခံ၍ ကွန်ကရစ်လမ်းခင်း ပျံကျဈေးတည်ဆောက်မည်ဖြစ်ကြောင်း၊ နဂိုမူရင်းအနေဖြင့် လုပ်ဆောင်၍ မရသည့်အတွက် လက်ရှိအစီအစဉ်ကိုသာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် မြောက်ဥက္ကလာပမြို့နယ် ၊ မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၏ မြောက်ဥက္ကလာပမြို့နယ် (ဂ) ရပ်ကွက် ဥက္ကာ(၁)လမ်းနှင့်ဥက္ကာလမ်းမကြီးထောင့်တွင် ကစားကွင်းအားပြန်လည်ဖော်ထုတ်ပေးနိုင်ခြင်းရှိ/မရှိပြန်လည်ဖော်ထုတ်ပေးနိုင်ပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည် ကိုသိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ယာယီအားကစားကွင်းအပါအဝင် ယင်းဧရိယာ၏ တစ်စိတ်တစ်ဒေသဧရိယာတွင်လည်း  ဥက္ကာလမ်းမကြီးအတိုင်း အပြိုင်သွယ်တန်းထားသည့် လျှပ်စစ်ဝန်ကြီးဌာန၏ မဟာဓာတ်အား လိုင်းတည်ရှိကြောင်း၊ ဖော်ပြပါမြေနေရာသည် မဟာဓာတ်အားလိုင်းအောက်တွင် တည်ရှိနေခြင်းကြောင့် အားကစားကွင်းအဖြစ် သတ်မှတ်ဖော်ဆောင်ပေးရန် အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေကြားသည်။

ယင်းနောက် အလုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်း၏ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက် ကွင်းကျောင်းကစားကွင်းနေရာအားခြံစည်းရိုးခတ်ခြင်း၊ အများပြည်သူ အနားယူအပန်းဖြေရန်နှင့် ကလေးများကစားကွင်းအဖြစ် အသုံးပြုနိုင်ရေး အတွက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကိုသိရှိလိုကြောင်း မေးမြန်းမှုအပေါ် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက လာမည့်နှစ်တွင် လိုအပ်သည့် အချက်အလက်များထည့် သွင်းဖြည့်စွက်ပြီး ဘတ်ဂျက်တင်ပြတောင်းခံကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်၍  ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ ရန်ကုန်တိုင်းဒေသကြီးမှ ရင်းနှီးထည့်ဝင်ခဲ့သော အများပိုင်မော်တော်ယာဉ် ကုမ္ပဏီများဖြစ်သည့် YBPC နှင့် YUPT တို့ရှိ ပုံသေပိုင်ပစ္စည်းအပါအဝင် မော်တော်ယာဉ်များ၏ တန်ဖိုးလျော့စရိတ်အား ဖော်ပြရာတွင် မော်တော်ယာဉ်များ၏ တန်ဖိုးလျော့ရာခိုင်နှုန်းမှာ ၁၂ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်ဟု ဖော်ပြထားရာ အဆိုပါရာခိုင်နှုန်းသည် မှန်ကန်မှု ရှိ/ မရှိ၊ မှန်ကန်မှုရှိပါက အဆိုပါမော်တော်ယာဉ်များအနေဖြင့် (၈)နှစ်အချိန်ကာလကြာမြင့်စွာသုံးစွဲနိုင်သော ခိုင်ခန့်မှု ရှိ/ မရှိ၊ မှန်ကန်မှုမရှိပါက မော်တော်ယာဉ်များအား မည်သည့်ရာခိုင်နှုန်းဖြင့် တန်ဖိုးလျော့ပြင်ဆင်သတ်မှတ် ထားသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်သောင်းက မော်တော်ယာဉ်များ၏ တန်ဖိုးလျော့ရာခိုင်နှုန်း ၁၂ ဒသမ ၅ ရာခိုင်နှုန်းမှာ မှန်ကန်မှု ရှိ/ မရှိနှင့်ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်း အခွန်ဦးစီးဌာန၊ ဝင်ငွေခွန်စည်းမျဉ်း ပုဒ်မ(၁၀)၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မ(၁၁)၊ ပုဒ်မခွဲ(ခ)တို့အရ ဝင်ငွေခွန် တွက်ချက်ရာတွင် ကုန်ကျသောစရိတ်နှင့် စည်မျဉ်းများအရ ပြဋ္ဌာန်းသည့် တန်ဖိုးလျော့ငွေကို နှုတ်ပေး ရမည်ဟု ပြဋ္ဌာန်းထားရှိကြောင်း၊ ဝင်ငွေခွန် စည်းမျဉ်း ၁၃၊ စည်းမျဉ်းခွဲ(က)နှင့် အမှတ်စဉ် ၆(က)(၁)အရ မော်တော်ယာဉ်များ၏ မူရင်းတန်ဖိုးအပေါ် တန်ဖိုးလျော့နှုန်းကို ၁၂ ဒသမ ၅ ဟု ပြဋ္ဌာန်းထားရှိသည့်အတွက် အဆိုပါရာခိုင်နှုန်းသည် မှန်ကန်မှုရှိကြောင်း၊ ဝင်ငွေခွန်စည်းမျဉ်း ၁၃၊ စည်းမျဉ်းခွဲ ၆(ခ)အရ အငှားယာဉ်၊ ကုန်တင်ကားများနှင့် ခရီးသည်တင်ယာဉ်များ၏ မူရင်းတန်ဖိုးအပေါ် တန်ဖိုးလျော့ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း သို့မဟုတ် ယင်းကား၏ သက်တမ်းကို ၅ ရာခိုင်နှုန်း သတ်မှတ်ကာ ဆက်လက်ပြဋ္ဌာန်းထားရှိကြောင်း၊ ထို့အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မော်တော်ယာဉ်များ၏ တန်ဖိုးလျော့နှုန်းကို ၂၀ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းနှင့် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်း နှင့် ဥပဒေကြမ်း တင်သွင်းတို့ကိုဆောင်ရွက်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ လေ့လာစိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင်ဖြစ်သည့် မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာမိုးက လွှတ်တော်သို့ဖတ်ကြားတင်ပြသည်။

သတင်း-ဇော်ကြီး ၊ ဓာတ်ပုံ-ဖေဇော်