ထားဝယ် ၂၅ စက်တင်ဘာ 


ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ယနေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၈)ဦး၊တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၇)ဦးနှင့် လေ့လာသူ သတင်းမီဒီယာ(၁၆)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူး လွှတ်တော်ရုံးဝန်ထမ်း အကြီးအမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေနှင့် တွဲဖက်အခမ်းအနားမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးမိုးထွန်းတို့က ဆောင်ရွက်ခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး နေရာယူပြီး အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့်လွှတ်တော်ကိုယ်စားလှယ်(၂၈)ဦး ရှိသည့်အနက်(၂၆)ဦး တက်ရောက်ခဲ့သဖြင့် စုစုပေါင်း(၉၂.၈၅) ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေး အထမြောက်ရန် လိုအပ်သော ကိုယ်စားလှယ်ဦးရေ ထက်ဝက်ကျော်လွန်တဲ့အတွက် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။


အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (ပထမနေ့) အစည်းအဝေး တက်ရောက်မှုကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း(၄)ခုအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာဝန်ကြီးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)ကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းနှင့် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အား ဖတ်ကြားရှင်းလင်းခြင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာဝန်ကြီးက ၂၀၁၉-၂၀၂၀ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ (မူကြမ်း)ကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းနှင့် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အား ဖတ်ကြားရှင်းလင်းကြသည်။


ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာဝန်ကြီးက ၂၀၁၈-၂၀၁၉ ခု၊ တနင်္သာရီတိုင်းဒေသကြီး၏ အထွေထွေပိုလျှံရန်ပုံငွေ (GRF)မှ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို(၁၂:၁၀)နာရီ အချိန်တွင်ရပ်နားပြီး (ဒုတိယနေ့)ကို (၃၀.၉.၂၀၁၉) ရက်(တနင်္လာနေ့) နံနက်(၁၀:ဝ၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။


(တိုင်းဒေသကြီးပြန်/ဆက်)