ထားဝယ်  ၁၉  မေ

 

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ကို ယနေ့ နံနက် ၁၀ နာရီက  တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁၈)ဦး၊ တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇)ဦး တက်ရောက်ခဲ့သည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ (ဒုတိယနေ့)အစည်းအဝေး တက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း(၂)ခု အား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းထားသော တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရသုံးခန့်မှန်းခြေ ငွေစာရင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသည်။

 

ယင်းနောက် တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီက တင်သွင်းထားသော ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုဘဏ္ဍာရန်ပုံငွေများဖြင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအား  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁)ဦး က ဆွေးနွေးပြီး တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ က ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှ (၁၄)ကြိမ်မြောက် ပုံမှန် အစည်းအဝေးအထိ ကတိကဝတ် သက်ရောက်သည့် အဆို/မေးခွန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်းခြင်းဆိုင်ရာ အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်‌တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ရပ်နားခဲ့ကာ (တတိယနေ့)ကို မေ ၂၀ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

 

(တိုင်းဒေသကြီး ပြန်/ဆက်)