သန်းဖြိုးနိုင်(ကညင်ကျိုး)
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၇၄ အရ ပြည်ထောင်စုလွှတ်တော်ကို ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်ခေါ်ယူဖွဲ့စည်း၍ အစည်းအဝေးများ ကျင်းပခဲ့ရာ ၎င်း၏ သက်တမ်းသည် ယခု ဇန်နဝါရီလ ၃၁ ရက်နေ့ဆိုလျှင် ၉ နှစ်တာခရီးကို ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုနေ့တွင် ဒုတိယအကြိမ် လွှတ်တော်များ၏ လေးနှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။ ထို ၉ နှစ်တည်းဟူသော အချိန်ကာလတွင် ပြည်ထောင်စုလွှတ်တော်အနေဖြင့် ၎င်း၏ အဓိကလုပ်ငန်းတာဝန်များဖြစ်သော ဥပဒေပြုခြင်း၊ ကိုယ်စားပြု ခြင်းနှင့် အပြန်ပြန်အလှန်လှန်ထိန်းကျောင်းခြင်းတာဝန်များအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များမှ ပေးအပ်သည့် တာဝန်များကိုပါ ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ ပြည်ထောင်စုလွှတ်တော်၏ ကိုးနှစ်တာခရီးအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ချက်များကို ပြည်သူအများ လေ့လာသိရှိနိုင်စေရန်အတွက် အကြောင်းအရာတစ်ခုချင်းအလိုက် ခြုံငုံတင်ပြပေးသွားမည်ဖြစ်ပါသည်။
အစည်းအဝေးများကျင်းပနိုင်ခဲ့မှု…
ကိုးနှစ်တာကာလတွင် ပြည်ထောင်စု လွှတ်တော်တွင် အစည်းအဝေးများ ကျင်းပခဲ့မှုကို လေ့လာကြည့်သည့်အခါ ယခင် အစိုးရလက်ထက် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် အထူးအစည်းအဝေးတစ်ကြိမ်နှင့် ပုံမှန်အစည်း အဝေးများကို ၁၄ ကြိမ် ကျင်းပခဲ့ပြီး ယခု အစိုးရလက်ထက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး များကိုမူ ယနေ့အချိန်အထိ (၁၄)ကြိမ် ကျင်းပခဲ့ပြီးဖြစ်ကြောင်း တွေ့ရသည်။ (၁၅)ကြိမ်မြောက် လွှတ်တော်ပုံမှန် အစည်းအဝေးများကိုလည်း ဇန်နဝါရီလ ၂၇ ရက်နေ့မှစ၍ ခေါ်ယူကျင်းပလျက်ရှိသည်။ ထိုသို့ မကျင်းပမီ လွှတ်တော်များ အစည်းအဝေးကျင်းပရေး ဗဟိုကော်မတီကိုပြည်ထောင်စုလွှတ်တော်နာယက၊ ဒုတိယ နာယကနှင့် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အစိုးရဌာနဆိုင်ရာများမှ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော် အတွင်းမှ တာဝန်ရှိသူဝန်ထမ်းများဖြင့် ဖွဲ့စည်းပြီး ပုံမှန်အစည်းအဝေး ကျင်းပချိန်နီးတိုင်း အစည်းအဝေးခေါ်ယူကာ ဆွေးနွေး လျက်ရှိသည်ကို တွေ့ရသည်။
ထို့အပြင် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ဖွဲ့စည်းထားသည့် လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ နေရာချထားရေး၊ ကျွေးမွေး ဧည့်ခံရေး၊ သတင်းထုတ်ပြန်ရေးတို့အတွက် လုပ်ငန်းကော်မတီအလိုက် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြသည်ကို တွေ့ရသည်။ ၎င်းအပြင် တစ်နှစ်တာအတွင်း လွှတ်တော်အစည်းအဝေးများ ကျင်းပရန် လျာထားချက် (လွှတ်တော်ပြက္ခဒိန်)၊ တစ်ပတ်တာ အစည်းအဝေး လျာထားချက်နှင့် တစ်ရက်ချင်းစီအလိုက် အစည်းအဝေး အစီအစဉ် လျာထားချက်များကိုလည်းရေးဆွဲကာ လွှတ်တော်ကိုယ်စားလှယ်များနှင့် အများပြည်သူသိရှိရေး ပုံမှန်ထုတ်ပြန် လျက်ရှိသည်ကို တွေ့ရသည်။
နှစ်အလိုက်ဥပဒေများ ပြဋ္ဌာန်းပေးနိုင်ခဲ့မှု...
ကနဦး ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြုရေးကိစ္စကို လေ့လာကြည့်လျှင် ဥပဒေပြုရေးဆိုသည်မှာ ဥပဒေအသစ်များ ပြုစုရေးဆွဲနေခြင်းကို ဆိုလိုသည်မဟုတ်ဘဲ ဌာနဆိုင်ရာများတွင် လက်ရှိ အာဏာတည်ဆဲ ဥပဒေများကို အမြဲမပြတ် ဆန်းစစ်လေ့လာကာ ၎င်းတို့အထဲမှ ခေတ်စနစ်နှင့် မကိုက်ညီတော့သည့် ဥပဒေများကို ပယ်ဖျက်ခြင်း၊ ခေတ်စနစ်နဲ့အညီ ပြန်လည်ပြင်ဆင်ခြင်းနှင့်၊ နိုင်ငံသူ နိုင်ငံသားများအတွက် ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းစေမည့် ဥပဒေအသစ်များကို ဆန်းစစ်သုတေသနပြုကာ ဆွေးနွေးအတည်ပြု ထုတ်ပြန်ရေးတို့ကို ဆောင်ရွက်နေခြင်း ဖြစ်သည်။
သို့အတွက် ဥပဒေများ ထုတ်ပြန်မှုကိုကြည့်လျှင် လွှတ်တော်များ စတင်ပေါ်ပေါက်လာသည့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ မှ ယနေ့အထိ ထုတ်ပြန်ခဲ့သည့် ဥပဒေပေါင်း မှာ (၃၅၆)ခုရှိသည်ကို တွေ့ရသည်။ ၎င်းအထဲ တွင်မှ ယခင်အစိုးရလက်ထက် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ထုတ်ပြန်ခဲ့သည့် ဥပဒေမှာ (၂၃၂) ခုရှိပြီး ပယ်ဖျက် (၁၇ )ခု၊ ပြင်ဆင် (၁၀၄)ခုနှင့် အသစ်ရေးဆွဲ(၁၁၁)ခုတို့ ဖြစ်သည်။ ယခုအစိုးရလက်ထက် ဒုတိယအကြိမ် သက်တမ်း တွင်မူ ထုတ်ပြန်ခဲ့သည့် ဥပဒေပေါင်းမှာ (၁၂၄)ခုရှိပြီး ပယ်ဖျက်(၉)ခု၊ ပြင်ဆင်(၄၉)ခုနှင့် အသစ်ရေးဆွဲ (၆၆)ခု ရှိခဲ့ သည်ကို တွေ့ရသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ထိတွင် ဥပဒေစုစုပေါင်း (၁၅၃)ခုကို ပြင်ဆင် နိုင်ခဲ့ပြီး ဥပဒေ(၂၆)ခုကို ရုပ်သိမ်းပယ်ဖျက်ခဲ့သည်။ အသစ်ရေးဆွဲပြဋ္ဌာန်း ဥပဒေပေါင်း မှာ(၁၇၇)ခုရှိခဲ့သည်။ ထိုအသစ်(၁၇၇)ခုတွင် နှစ်စဉ် ပြဋ္ဌာန်းပေးရပြီး နှစ်ကုန်လျှင် ပျက်ပြယ်သွားသည့် ဘတ်ဂျက်၊ စီမံကိန်းနှင့် အခွန်ဥပဒေများလည်း ပါဝင်သည်။ ပြည်ထောင်စု လွှတ်တော် စတင်ကျင်းပသည့် ၂၀၁၁ ခုနှစ်က စပြီး နှစ်အလိုက် ပြဋ္ဌာန်းခဲ့သည့် ဥပဒေများကို လေ့လာကြည့်လျှင် ၂၀၁၁ ခုနှစ်တွင် (၁၅ ) ခု၊ ၂၀၁၂ ခုနှစ်တွင် (၂၄)ခု၊ ၂၀၁၃ ခုနှစ် တွင် (၃၇)ခု၊ ၂၀၁၄ ခုနှစ်တွင် (၅၇)ခု၊ ၂၀၁၅ ခုနှစ်တွင် (၇၄)ခု၊ ၂၀၁၆ ခုနှစ်တွင် (၄၄)ခု၊ ၂၀၁၇ ခုနှစ်တွင် (၂၉)ခု၊ ၂၀၁၈ ခုနှစ်တွင် (၃၆)ခု နှင့် ၂၀၁၉ ခုနှစ်တွင် (၄၀)ခုတို့ ဖြစ်သည်။ ကဏ္ဍအလိုက်ခွဲခြားရလျှင် စီးပွားရေးကဏ္ဍ (၁၆၀)ခု၊ နိုင်ငံရေးကဏ္ဍ(၉၁)ခု၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍ(၇၂)ခု၊ မိခင်နှင့်ကလေးကဏ္ဍ (၂၆)ခု၊ အလုပ်သမားကဏ္ဍ (၁၀)ခု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍ (၈)ခုနှင့် ပညာရေးကဏ္ဍ (၁၁)ခုတို့ ဖြစ်ကြောင်း တွေ့ရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသည့် ဥပဒေကြမ်းများအား ပြဋ္ဌာန်းပေးနိုင်မှု ...
ပြည်ထောင်စု အစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသော ပြည်ထောင်စုလွှတ်တော်တွင်သာ ဆွေးနွေးရမည့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းဥပဒေ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အရအသုံးဆိုင်ရာဥပဒေ၊ ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေများကို နှစ်စဉ်နှစ်တိုင်း ဘတ်ဂျက်ရာသီအမီ ပြဋ္ဌာန်းပေးလျက်ရှိသည်။ ပြဋ္ဌာန်းပေးခဲ့သည့် ဥပဒေပေါင်းမှာ စီမံကိန်းဥပဒေ(၉)ခု၊ ဘတ်ဂျက် ဥပဒေ (၁၉) ခုနှင့် အခွန်အကောက်ဆိုင်ရာ ဥပဒေ(၇)ခုတို့ရှိခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ပြည်ထောင်စုလွှတ်တော်တွင်သာ ဆောင်ရွက်ရသည့် ဘဏ္ဍာရေး၊ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်း များ၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ဥပဒေကြမ်း စုစုပေါင်း (၁၀၈)ခုနှင့် နိုင်ငံတော်သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်ပို့လာသည့် ဥပဒေကြမ်းပေါင်း(၁၂၉)ခုကိုလည်း ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာတင် သွင်းခြင်း၊ ဆွေးနွေးအတည် ပြုပြီး နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်းများ ဆောင်ရွက် နိုင်ခဲ့သည်ကို တွေ့ရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများ လက်ခံဆွေးနွေးမှုနှင့် အတည်ပြု ပြဋ္ဌာန်းပေးနိုင်ခဲ့မှု…
ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စုလွှတ်တော်တွင်သာ တင်သွင်းဆွေးနွေးခွင့်ရှိသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်းများ တင်သွင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်းများနှင့် ပတ်သတ်၍လည်း ပထမအကြိမ် လွှတ်တော်သက်တမ်း (၉-၆-၂၀၁၅ ) ရက်တွင် ဦးသိန်းဇော် (မြစ်ကြီးနားမဲဆန္ဒနယ်)က တင်သွင်းလာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း(၄၃၆-က နှင့် ၄၃၆-ခ) (၂)ခုကို လက်ခံဆွေးနွေးခဲ့သည်။ ထိုနှစ်ခုတွင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ(ပုဒ်မ ၄၃၆-ခ) နှင့် ဆိုင်သည့် ပြင်ဆင်သည့် ဥပဒေတစ်ရပ်ကို (၂၂-၇-၂၀၁၅)ရက်တွင် ပြည်ထောင်စု လွှတ်တော်က ဥပဒေအမှတ်(၄၅/၂၀၁၅)ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းပေးခဲ့သည်ကို တွေ့ရသည်။ ၎င်းအပြင် ယခု ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးကာလတွင်လည်း ဦးသိန်းထွန်း၊ ကျောင်းကုန်း မဲဆန္ဒနယ် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးက တင်သွင်းထားသည့် ဥပဒေမူကြမ်း၊ ဒေါက်တာမောင်သင်း (မိတ္ထီလာမဲဆန္ဒနယ်)အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးက တင်သွင်းထားသည့် ဥပဒေမူကြမ်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက တင်သွင်းထားသည့် ဥပဒေမူကြမ်း၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ် အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စား လှယ် ၁၄၄ ဦးက တင်သွင်းထားသည့် ဥပဒေမူကြမ်းနှင့် ဦးစိုင်းသန်းနိုင် ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၅) အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးက တင်သွင်းထားသည့် ဥပဒေမူကြမ်း များကို လက်ခံဆွေးနွေးနေဆဲဖြစ်သည်ကို တွေ့ရသည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ နောင်ချို မဲဆန္ဒနယ်)က ၂၃-၁-၂၀၂၀ ရက်စွဲဖြင့် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃၅၁ ဦး လက်မှတ်ရေးထိုး တင်ပြလာသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း (ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ)) (၂)ခု တို့ကိုလည်း ယခုရက်ပိုင်းတွင် လွှတ်တော်သို့ တင်သွင်းကာ လက်ခံဆွေးနွေး လျက်ရှိကြောင်းလည်း သိရသည်။
လွှတ်တော်တွင် ဆွေးနွေးနေဆဲ ဥပဒေကြမ်းများ အခြေအနေ ...
ယခုလက်ရှိအချိန်တွင် ဆွေးနွေးနေဆဲ ဥပဒေကြမ်းများအဖြစ် ပြည်သူ့လွှတ်တော်တွင် (၁၂)ခု၊ အမျိုးသားလွှတ်တော် တွင် (၁၃)ခု စုစုပေါင်း(၂၅)ခုတို့ ရှိကြသည်။ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လာသော ဥပဒေကြမ်း(၂)ခုလည်း လက်ရှိဆွေးနွေးဆဲအဖြစ် ရှိနေသည်ကို တွေ့ရသည်။
နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ပေးနိုင်မှုနှင့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်များ ဦးရေနှင့် ဝန်ကြီးဌာနများ သဘောတူအတည်ပြု ဆုံးဖြတ်ပေးနိုင်မှု...
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နေ့မှစတင်ကာ ခေါ်ယူကျင်းပခဲ့ပြီး သည့်အချိန်မှစ၍ နိုင်ငံတော်သမ္မတ (၃) ဦးနှင့် ဒုတိယသမ္မတများကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ရွေးကောက်ခံ ကိုယ်စားလှယ်များ အစုအဖွဲ့နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့မှ အဆင့်ဆင့်ရွေးချယ်ခဲ့ကာ နောက်ဆုံးတွင် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ(၁)နှင့် (၂)အဖြစ် ရွေးချယ်တင်မြှောက်ခြင်း၊ ကတိသစ္စာ ဆိုခြင်းများကို ၃ ကြိမ် အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်မှုနှင့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ ဖွဲ့စည်းမှုအရေအတွက် တို့နှင့်စပ်လျဉ်းပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခန့်ထားသူက တင်ပြပေးပို့လာ သည့် အခါတွင်လည်း လွှတ်တော်အတွင်း ဆွေးနွေးဆုံးဖြတ်အတည်ပြုပေးခြင်းများ ဆောင်ရွက်ခြင်း၊ ကတိသစ္စာ ပြုခြင်းများ ဆောင်ရွက်စေခြင်းတို့ကို ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ၎င်းအပြင် ပြည်ထောင်စုတရားသူကြီး ချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်အပါအဝင် ဥပဒေအရ ဖွဲ့စည်း ကြသည့် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးရန်အတွက် ပြည်ထောင်စု လွှတ်တော်က သဘောတူအတည်ပြုချက် ပေးခဲ့ကြသည်ကို တွေ့ရသည်။
အပြန်ပြန်အလှန်လှန် ထိန်းကျောင်းခြင်း တာဝန်များ ထမ်းဆောင်နိုင်ခဲ့မှု…
ပြည်ထောင်စုလွှတ်တော်သည် အခြားသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများသို့ အပြန်ပြန် အလှန်လှန် ထိန်းကျောင်းခြင်း တာဝန်များကိုလည်း ထမ်းဆောင်လျက်ရှိသည်။ ထိုတာဝန်များအနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုအစိုးရအဖွဲ့မှ နှစ်စဉ်တင်သွင်းလာသည့် စီမံကိန်း၊ ဘတ်ဂျက်နှင့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းများ အပေါ် ၎င်းတို့တင်သွင်းလာသည့် အရအသုံးအပေါ် မူတည်ပြီး အားလုံးကို ခွင့်ပြုပေးခြင်းမျိုးမဟုတ်ဘဲ ပြည်ထောင်စု လွှတ်တော်အတွင်း ဖွဲ့စည်းထားသည့် ကော်မတီ၊ အဖွဲ့များမှ စိစစ်မှုမှ တွေ့ရှိလာ ရသည့်အပေါ် မူတည်ပြီး အသုံးစရိတ်များကို ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုပေးခြင်း၊ ဆွေးနွေးအတည်ပြု ခြင်းများ ဆောင်ရွက် လေ့ရှိသည်။ ၎င်းအပြင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းကာ သုံးစွဲခွင့်ပြု ပေးလိုက်သည့် နိုင်ငံ့ဘဏ္ဍာများကို သုံးစွဲပြီး ဆောင်ရွက်ကြသည့် လုပ်ငန်းစီမံကိန်းများအပေါ်တွင်လည်း ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများ၊ အခွန်အကောက်ဥပဒေပါ ရငွေသုံးငွေများ အပေါ် အမှန်ကောက်ခံရရှိ မှုစာရင်းများအပေါ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများကို နှစ်ဝက်၊ နှစ်စဉ် ပုံမှန် ပြန်လည်တင်သွင်းစေပြီး ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြန်လည်စိစစ်ကာ လွှတ်တော်သို့တင်ပြခြင်း၊ ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ အကြံပြုချက်များကို ပြည်ထောင်စု အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများသို့ ပေးပို့ခြင်းများဖြင့် ဌာနဆိုင်ရာများအပေါ် ထိန်းကျောင်းပေး လျက်ရှိသည်ကို တွေ့ရသည်။ ၎င်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များအရ ပြည်ထောင်စုလွှတ်တော်က အကောင်အထည်ဖော်ပြီး ပြဋ္ဌာန်းပေးခဲ့သည့် ဥပဒေများအရ ဖွဲ့စည်းကြရသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်နှင့် ဥပဒေဆိုင်ရာ အထောက် အကူပြုအဖွဲ့များသို့လည်း ၎င်းတို့၏လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် နှစ်စဉ် အစီရင်ခံစာများကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းစေပြီး ထိုအချက်များအပေါ် မူတည်ကာ လွှတ်တော်ကိုယ်စားလှယ်များက တစ်ဖန်ပြန်လည် ဆွေးနွေးခြင်း၊ အကြံပေးခြင်း၊ ထိန်းကျောင်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်ကိုလည်း တွေ့ရသည်။
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေမှ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှု ...
ပြည်ထောင်စုလွှတ်တော် အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးစီးပွားကို ဖော်ဆောင်ရာတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများကို အောက်ခြေအထိ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေမှ တစ်မြို့ နယ်လျှင် သိန်း ၁၀၀၀ သတ်မှတ်ပြီး နှစ်စဉ် ဘဏ္ဍာရေးနှစ်တိုင်းခွင့်ပြုပေး၍ ဆောင်ရွက် စေလျက်ရှိသည်ကိုလည်း တွေ့ရသည်။ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက်လည်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေတစ်ရပ်ကို (၁၂-၃-၂၀၁၄) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် (၉/၂၀၁၄)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး လုပ်ထုံးလုပ်နည်းများ အသေးစိတ်ရေးဆွဲကာ အဓိကအားဖြင့် ကျေးလက်ဒေသများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် အထောက်အကူ ဖြစ်စေရန်၊ မဲဆန္ဒနယ်မြေရှိ ပြည်သူလူထု၏ လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ဒေသခံများ၏ ပါဝင်ပူးပေါင်းမှုဖြင့် တစ်နိုင်ငံလုံး တစ်ပြေးညီရရှိ၊ သုံးစွဲစေရေးဆောင်ရွက် လျက်ရှိသည်ကိုလည်း တွေ့ရသည်။ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက်လည်း ပြည်ထောင်စု လွှတ်တော်နာယကက ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ မြို့နယ်တစ်ခုချင်းစီ အလိုက် ကော်မတီများကို လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိ ရပ်ဖများဖြင့်ပါ ဖွဲ့စည်းဆောင်ရွက်စေပြီး ဗဟိုကော်မတီသို့ တင်ပြအတည်ပြုချက် ရယူစေကာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက် ရှိသည်ကို လည်း တွေ့ရသည်။
ကော်မတီ၊ကော်မရှင်၊ ပူးပေါင်းကော်မတီ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့မှုများ …
ပြည်ထောင်စုလွှတ်တော် အနေဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၁ ခုနှစ်မှ ယနေ့အထိ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်အရ အများပြည်သူ အကျိုးအတွက် လွှတ်တော်အတွင်းဖွဲ့စည်း ဆောင်ရွက်ခဲ့သည့် ကော်မတီ၊ ပူးပေါင်း ကော်မတီ၊ အဖွဲ့နှင့် ကော်မရှင်များ စုစုပေါင်း (၂၃)ခု ရှိခဲ့သည်ကို တွေ့ရသည်။ ထို (၂၃)ခု အနက်တွင် အမြဲတမ်းဖွဲ့စည်းထားသည့် ကော်မတီ၊ ပူးပေါင်းကော်မတီ(၉)ခုရှိပြီး ထိုကော်မတီများမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၊ အာဆီယံပါလီမန်များ ညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ၊ ဖွံ့ဖြိုး ရေးလုပ်ငန်းဗဟိုကော်မတီ၊ လွှတ်တော်များ အစည်းအဝေးကျင်းပရေး ဗဟိုကော်မတီ၊ မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့နှင့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့တို့ ဖြစ်ကြသည်။ အခြားလုပ်ငန်းလိုအပ်ချက်အရ သက်တမ်းသတ်မှတ်ပြီး ဖွဲ့စည်းခဲ့သည့် ကော်မတီ၊ ပူးပေါင်းကော်မတီများအနေဖြင့် ယခင်ပထမအကြိမ် သက်တမ်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၊ အလုပ်ရှင်အလုပ်သမား အခွင့်အရေးလေ့လာရေး ပူးပေါင်း ကော်မတီ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိ စေရေးအတွက် စုံစမ်းရေးကော်မရှင်၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီနှင့် ယခု ဒုတိယအကြိမ် သက်တမ်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ(၆)ခု ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်တို့ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ (MPU-Myanmar Parliamentary Union)ဖွဲ့စည်း နိုင်ခဲ့မှုနှင့် ညှိနှိုင်း ဆောင်ရွက် နိုင်မှုများ
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ အောင်မြင်ထိရောက် စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဥပဒေပြုရေးလုပ်ငန်းများတွင် အခြေခံ လိုအပ်ချက်များကို ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ အဖွဲ့ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များရှိ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ပါဝင်သော မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ကို လွှတ်တော်၏ သဘောတူညီချက်ဖြင့် (၁-၃-၂၀၁၆) ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့ပြီး အကြောင်းရှိပါက တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများဖြင့် အစည်းအဝေးများ ပြုလုပ်ကာ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
AIPA & IPU အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ခဲ့မှုနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့မှုများ ...
ပြည်ထောင်စုလွှတ်တော်သည် စတင်ဖွဲ့စည်းသည့် ၂၀၁၁ ခုနှစ်မှစ၍ ကိုးနှစ်တာ အတွင်းတွင် လွှတ်တော်ရေးရာ ကိစ္စများနှင့် စပ်လျဉ်းပြီး ဒေသတွင်း အာဆီယံနိုင်ငံများမှ လွှတ်တော်များ၊ အပြည်ပြည်ဆိုင်ရာ လွှတ်တော်များနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ရေးအတွက် အာဆီယံပါလီမန်များအဖွဲ့ (AIPA-ASEAN Inter-Parliamentary Assembly-)နှင့် နိုင်ငံတကာပါလီမန်များ အဖွဲ့ (IPU-Inter Parliamentary Union) များသို့ အသင်းဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင် ခဲ့သည်ကို တွေ့ရသည်။ ကနဦးအဖြစ် AIPA သို့ (၂၀.၉.၂၀၁၁)ရက်နေ့တွင် ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ပြည်ထောင်စုအဆင့် လွှတ်တော်သုံးရပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ ပေါင်းစပ်ပြီး (Myanmar Parliamentary Union-MPU) ကို မူလဖွဲ့စည်းခဲ့ကြပြီးနောက်ပိုင်း နိုင်ငံတကာ ပါလီမန်များအဖွဲ့ (International Parliamentary Union-IPU)သို့ ဝင်ရောက်ကာ နှစ်စဉ်ကျင်းပပြုလုပ်သည့် အစည်းအဝေးများသို့ သွားရောက် တက်ရောက်ခြင်း၊ လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအနေဖြင့် အပြည်ပြည်ဆိုင်ရာ လွှတ်တော်များသို့ လေ့လာရေးခရီးများ သွားရောက်၍ လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လေ့လာကြခြင်းနှင့် အပြန်ပြန်အလှန်လှန် ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း စက်တင်ဘာလ (၃၀) ရက်နေ့တွင် အာဆီယံနိုင်ငံများ၏ လွှတ်တော်များ အထွေထွေညီလာခံကြီး (AIPAGA) ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(MICC -1)တွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ (၃၀)ရက်နေ့မှ အောက်တို ဘာလ(၃)ရက်နေ့ထိ (၄)ရက်တာ အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့သည်ကိုလည်း တွေ့ရသည်။
အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ကျင်းပနိုင်ခဲ့မှု ...
ပြည်ထောင်စုလွှတ်တော် အနေဖြင့် ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီးသည့် နောက်ပိုင်းတွင် နိုင်ငံတကာ ပါလီမန်များနှင့် ချိတ်ဆက်ဆောင်ရွက်ကာ ဆောင်ရွက်ခဲ့သည့်နည်းတူ ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံတိုင်းတွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကိုလည်း ၂၀၁၂ ခုနှစ်မှ စတင်ကာ ကျင်းပနိုင်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၈ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါနေ့တွင် နိုင်ငံအတွင်း အခြားသော မြို့ကြီးများတွင်လည်း ဒီမိုကရေစီ ပွဲတော်များ ကျင်းပခြင်း၊ ဒီမိုကရေစီနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပခြင်း၊ ဆုပေးခြင်းများ နှစ်စဉ် ဆောင်ရွက် လျက်ရှိသည်ကိုလည်း တွေ့ရသည်။ ပါတီစုံဒီမိုကရေစီစနစ် စတင်ကျင့်သုံးခဲ့သည့် ၂၀၁၁ ခုနှစ်မှာပင် အပြည်ပြည်ဆိုင်ရာ လွှတ်တော်များအဖွဲ့ (Inter-Parliamentary Union- IPU )သို့ အသင်းဝင်နိုင်ငံအဖြစ် ဝင်ရောက ်နိုင်ခဲ့ပြီး ထိုစဉ်မှစ၍ နှစ်စဉ် ဒီမိုကရေစီနေ့ အခမ်းအနားများကို ကျင်းပလာသည်မှာ ယနေ့အထိပင်ဖြစ်သည်။ မြန်မာ နိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ပြောင်းလဲကျင့်သုံးလာခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ ပြည်ထောင်စု လွှတ်တော်၏ ဦးဆောင်မှုဖြင့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို နယ်ပယ်အသီးသီးမှ စာတမ်းများတင်သွင်းစေကာ နှစ်စဉ် စည်စည်ကားကား ကျင်းပပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။
အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ ဆက်ဆံရေးကိစ္စများ ဆုံးဖြတ်အတည်ပြု ပေးနိုင်ခဲ့မှုများ...
ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ကျင်းပခဲ့သည့် လွှတ်တော်ပုံမှန်အစည်းအဝေး (၂၈)ကြိမ်တွင် နိုင်ငံတော်သမ္မတထံမှ သဝဏ်လွှာပေးပို့ကာ လွှတ်တော်၏ အတည်ပြုချက်ရယူဆောင်ရွက် ရန်လိုသည့် ပြည်ပမှ ငွေချေးငှားခြင်းဆိုင်ရာ ကိစ္စ၊ အခြားသော သဘောတူညီမှုဆိုင်ရာ စာချုပ်များနှင့် နှစ်နိုင်ငံ အကြား သဘောတူညီ ချက်များကိစ္စများ၊ ကမ္ဘာ့နိုင်ငံများနှင့် သံတမန် ဆက်ဆံရေးထူထောင်မှုကိစ္စ၊ နိုင်ငံအတွင်း ကျေးရွာ၊ မြို့နယ်နိမိတ် ပြင်ဆင်သတ်မှတ် ခြင်းကိစ္စများအပေါ်တွင်လည်း ဆွေးနွေးခြင်း၊ အတည်ပြု ဆုံးဖြတ်ပေး ခြင်းများစွာကို ဆောင်ရွက်ပြီး နိုင်ငံတော်သမ္မတထံ ပြန်လည်ပေးခဲ့သည်ကို တွေ့ရသည်။
ပြည်ထောင်စုလွှတ်တော်ရုံး ထူထောင်ဖွင့်လှစ်နိုင်ခဲ့မှု ...
ပြည်ထောင်စု လွှတ်တော်ရုံးသည် လွှတ်တော်များ စတင်ကျင်းပသည့် ၂၀၁၁ ခုနှစ်မှစ၍ ၂၇-၁၂-၂၀၁၁ ရက်မှစ၍ လွှတ်တော်ရုံးအဖြစ်ဖြင့်သာ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံးတို့ နှင့်အတူ တစ်ရုံးတည်းရှိနေရာမှ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၃၁-၁၀-၂၀၁၄ ရက်တွင် သီးခြားရုံးဖြစ်တည်လာခဲ့ပြီး ပြည်ထောင်စု လွှတ်တော်၏ ရုံးလုပ်ငန်း တာဝန်များကို ထမ်းဆောင်လာခဲ့သည်။ လက်ရှိအခြေအနေတွင် ဥပဒေပြုဌာနကြီး၊ နိုင်ငံတကာဆက်ဆံရေး၊ သုတေသန၊ စာကြည့်တိုက်နှင့် နည်းပညာဌာနကြီးနှင့် စီမံရေးရာဌာနကြီးဟူ၍ ဌာနကြီး သုံးခု ဖွင့်လှစ်ကာ အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရုံးပိုင်းဆိုင်ရာ အစည်းအဝေး အစီအစဉ်များ ကြိုတင်ပြုစုဖြန့်ဝေခြင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ အစီရင်ခံစာများ ပြုစုဖြန့်ဝေပေးခြင်း၊ အစည်းအဝေး ခန်းမနေရာချထားခြင်းနှင့် ပြင်ဆင်ခြင်း၊ အသံပိုင်း၊ လျှပ်စစ်ပိုင်း၊ လွှတ်တော်ဝန်း သန့်ရှင်းသာယာ လှပရေးအပိုင်း၊ အစည်းအဝေးလုံးကောက် မှတ်တမ်းများဖော်ယူကာ သတင်းထုတ်ပြန် ပေးခြင်း၊ မှတ်တမ်းသိမ်းဆည်းခြင်း၊ လွှတ်တော်မှ အတည်ပြု ဆွေးနွေးပြီးသည့် ဥပဒေကြမ်းများနှင့် အခြားကိစ္စများကို နိုင်ငံတော် သမ္မတရုံးနှင့် ဌာနဆိုင်ရာများသို့ ပေးပို့ခြင်း များကို တာဝန်ကျေပွန်စွာ ဆောင်ရွက် လျက်ရှိကြသည်ကို တွေ့ရသည်။ ထို့အပြင် လွှတ်တော်ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေးအတွက် ပြည်ပနိုင်ငံများ၏ လွှတ်တော်များသို့ လေ့လာရေးခရီးသွားရောက်ခြင်း၊ သင်တန်းများ တက်ရောက်ခြင်းနှင့် ဌာန အတွင်းတွင်လည်း အင်္ဂလိပ်စာ၊ ရုံးလုပ်ငန်းနှင့် ကွန်ပျူတာကျွမ်းကျင်မှု သင်တန်းများ ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရုံးခွဲများ ထူထောင်ပေးနိုင်ခဲ့မှု ...
ပြည်ထောင်စုလွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များရှိ ရုံးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယခင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများကို တွဲဖက်ဆောင်ရွက်နေရာမှ နောက်ပိုင်းတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရုံးများရှိ ဝန်ထမ်းများ၏ ဖွဲ့စည်းပုံသီးခြား ဖြစ်စေရေး အတွက် ပြည်ထောင်စုလွှတ်တော် ရုံး၏အောက်တွင် ထားရှိကာ သီးခြားလွှတ်တော်ရုံး ဝန်ထမ်းများအဖြစ် ဖွဲ့စည်းပုံ ရေးဆွဲတင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းမှုကိုလည်း ဆောင်ရွက်ပေးနိုင်သည်ကို တွေ့ရှိခဲ့ရသည်။
ပြည်သူလူထုနှင့် ဆက်ဆံရေး၊ အသိပညာပေးရေး ဆောင်ရွက်နိုင်ခဲ့မှု …
ပြည်ထောင်စုလွှတ်တော်အနေဖြင့် ပြည်သူများနှင့် ဆက်ဆံရေးအပိုင်းတွင် ဥပဒေကြမ်းတစ်ခု ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းရောက်ရှိချိန်မှစတင်ကာ ပြည်သူအများ လေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင် နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြခြင်း၊ နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် လွှတ်တော်တွင် ဆွေးနွေးအတည်ပြုပြီး နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ပြီးသည့်အချိန် တွင် ထပ်မံထုတ်ပြန်ကြေညာပေးလျက်ရှိသည်။ ၎င်းအပြင် လွှတ်တော်အစည်းအဝေးများ ကျင်းပနေမှု သတင်းများကို လည်း ပြည်သူလူထုများ အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ရေးအတွက် Pyidaungsu Hluttaw Facebook Page မှ Live Show တိုက်ရိုက်ထုတ်လွှင့်ပေးခြင်း၊ အစည်းအဝေးမှတ်တမ်းများ၊ ဥပဒေကြမ်းစာရင်းများ၊ အတည်ပြုပြီးသည့် ဥပဒေများစာရင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်ရေးအချက်အလက်များနှင့် ကျန်သည့် လွှတ်တော်ဆိုင်ရာ အချက်အလက်များကို ပြည်ထောင်စုလွှတ်တော် ဝက်ဘ်ဆိုက် https://pyidaungsu.hluttaw.mm/ တွင် ထည့်သွင်းဖော်ပြပေး လျက်ရှိသည်ကိုလည်း တွေ့ရသည်။ ၎င်းအပြင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့၏ လုပ်ငန်း ဆောင်ရွက်ချက် သတင်းများကို ပြည်သူများ သိရှိနိုင်ရေးအတွက်လည်း ၎င်းကော်မတီများ၏ Facebook Page များနှင့် ပြည်ထောင်စုလွှတ်တော် Facebook Page တွင် စဉ်ဆက်မပြတ် ဖော်ပြပေးခြင်းအပြင် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးလျက်ရှိသည့် ဥပဒေမူကြမ်းများနှင့် ပတ်သက်၍ ပြည်သူများထံမှ ပေးပို့လာသည့် အကြံပြုချက်များကိုလည်း ရယူစုစည်းကာ ဥပဒေကြမ်းပူးပေါင်း ကော်မတီအစည်းအဝေးများ၊ ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ အစည်းအဝေးများတွင် ထည့်သွင်းစဉ်းစားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ဥပဒေကြမ်း များနှင့် ပတ်သက်၍ အကြံပြုချက်များ ပေးပို့လိုပါက ပြည်ထောင်စုလွှတ်တော် ဝက်ဘ်ဆိုက် https://pyidaungsu.hluttaw.mm/ , jointbillcommittee @ gmail.com ၊ Pyidaungsu Hluttaw နှင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ Face Page ၊ Fax. ၀၆၇ ၅၉၁၂၉၅၊ ဖုန်းအမှတ်၊ ၀၆၇ ၅၉၁၂၁၉၊ ၅၉၁၂၀၀၊ ၅၉၁၂၈၈ များသို့ ပေးပို့နိုင်ကြောင်း သိရသည်။
ပြည်သူများ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှုများနှင့် လာရောက် လေ့လာမှုများ အခြေအနေ…
ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပသည့် အစည်းအဝေးများ၊ ပြည်ထောင်စုလွှတ်တော်ဝန်းအတွင်းရှိ အဆောက် အဦများ၊ စာကြည့်တိုက်၊ E-Library နှင့် သင်ကြားရေးခန်းမများ၊ လွှတ်တော်ရေးရာ ကော်မတီဆောင်များနှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီများသို့ လာရောက်လေ့လာလိုကြသည့် မဲဆန္ဒရှင်ပြည်သူများ၊ အကြံပြုချက်များဆွေးနွေးရန် လာရောက်တွေ့ဆုံလိုကြသည့် ပြည်သူများ၊ ပြည်တွင်း ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်း များအတွက် လွယ်လင့်တကူ လာရောက် တွေ့ဆုံ၊ လည်ပတ်လေ့လာနိုင်ရန် Online Registration System ကို ဖွင့်လှစ်ထားရှိပြီး ထိုဝက်ဘ်ဆိုက်တွင် (၃)ရက်ကြိုတင်ကာ ဝင်ရောက်မှတ်ပုံတင် ခြင်းဖြင့်ပင် အဝေးမှနေ၍ လာရောက်တွေ့ဆုံ၊ လည်ပတ်ခွင့် ရနိုင်ခြင်းများအထိ ရရှိနိုင်စေရန် ဆောင်ရွက်ထား ကြောင်း သိရှိရသည်။ လွှတ်တော်များ စတင်ကျင်းပသည့် ၂၀၁၁ ခုနှစ်မှစ၍ ယနေ့အချိန်ထိလည်း တိုင်းရင်းသား ဒေသမှ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီအသီးသီးမှ ပါတီဝင်များ၊ မိဘပြည်သူများ၊ တက္ကသိုလ်ပေါင်းစုံ၊ အခြေခံပညာကျောင်းများမှ ပါမောက္ခ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ၊ ပြည်ပမှ ဧည့်သည်များ သည် လွှတ်တော်အစည်းအဝေးကျင်းပသည့် နေ့တိုင်းတွင် လာရောက်လေ့လာမှုများ ရှိခဲ့ကြောင်းနှင့် ထိုလာ ရောက်သူများအတွက်လည်း လွှတ်တော်ရုံးမှ တာဝန်ရှိသူများမှ ခရီးဦးကြိုဆိုခြင်း၊ လွှတ်တော်အဆောက်အဦ အတွင်း လိုက်လံပြသပေးခြင်း၊ အစည်းအဝေး ခန်းမအတွင်း စနစ်တကျ နေရာချထားပေးခြင်းနှင့် လွှတ်တော်ဝန်ထမ်းအကြီးအမှူး၊ အကြီးအကဲများမှ အခါအားလျော်စွာ လက်ခံတွေ့ဆုံခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
နိဂုံးချုပ်အကျဉ်းချုပ်တင်ပြချက်…
သို့အတွက် အထက်တွင်ဖော်ပြခဲ့သည့် ပြည်ထောင်စုလွှတ်တော်၏ ကိုးနှစ်တာခရီးတွင် ဆောင်ရွက်ခဲ့သည့် မှတ်တိုင်များကို လေ့လာကြည့်လျှင် ပြည်ထောင်စုလွှတ်တော်ဆိုသည်မှာ ပြည်သူများ၏ အထက်နေရာတွင်ရှိသည့် ဌာနမျိုးမဟုတ်ဘဲ ပြည်သူ့အသံကို နားထောင်ပြီး ပြည်သူများ၏ မျှော်လင့်ချက်များကို အကောင်အထည်ဖော်ပေးနေ သည့်နေရာ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုကာ ဥပဒေများ ပြုစုပေးနေသည့်နေရာနှင့် ပြည်ထောင်စု အစိုးရဌာနများ၏ လိုလားချက်များအပေါ် ဆွေးနွေးဆုံးဖြတ် အတည်ပြုပေးနေသည့် နေရာအဖြစ် မြင်တွေ့ရမည်သာ ဖြစ်ပါသည်။
ထိုဆောင်ရွက်ချက် အကြောင်းအရာများစွာကိုလည်း ပြည်သူများထံသို့ နိုင်ငံပိုင်သတင်းစာများ၊ ရေဒီယိုများ၊ သတင်းစာများ၊ လူမှုကွန်ရက်အင်တာနက်စာမျက်နှာနှင့် ဝက်ဘ်ဆိုက်များမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်အရ အကောင်အထည်ဖော်လာသည့် ပါတီစုံဒီမိုကရေစီစနစ်တွင် အဓိကကျသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်း ပေးခြင်းများ၊ နိုင်ငံတော်သမ္မတကို ရွေးချယ် ခန့်အပ်ခြင်းနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆုံးဖြတ် အတည်ပြုပေးခြင်း စသည့် အဓိကကျသည့်အချက်များကို ပြည်ထောင်စုလွှတ်တော်က ဖော်ဆောင်ပေးနိုင်ကြောင်း တွေ့ရသည်။
ထို့အပြင် ခေတ်ကာလအဆက်ဆက်မှ ခေတ်စနစ်နှင့် မကိုက်ညီတော့သည့် ဥပဒေများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးမည့် ဥပဒေအသစ်များ ရေးဆွဲ ပြဋ္ဌာန်းခြင်းများကိုလည်း တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် ပြည်ပမှ ချေးငွေရယူခြင်းဆိုင်ရာ ကိစ္စများ၊ သံခင်းတမန်ခင်းဆိုင်ရာ ကိစ္စများအတွက် ဆွေးနွေးအတည်ပြုပေး ခြင်းများ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေမှ ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခဲ့မှုများ၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ လွှတ်တော်များနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ခဲ့မှုများအပြင် ပြည်သူ့ဆက်ဆံရေးကိစ္စများကိုပါ အောင်မြင်ထိရောက်အောင် ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
သို့အတွက် ယခုကျရောက်သည့် ကိုးနှစ်ပြည့်နှစ်ပတ်လည်နေ့မှစ၍ နောင် နှစ်များစွာတိုင်တည်တံ့လျက် နိုင်ငံတော် နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်သည့် ပြည်ထောင်စုလွှတ်တော်အဖြစ် သမိုင်းတွင် မှတ်ကျောက် တင်ကျန်ရစ်နိုင်စေရေး လွှတ်တော်နာယက၊ ဥက္ကဋ္ဌများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအားလုံးက နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုကာ ဆတက်ထမ်းပိုးဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း ပြည်ထောင်စုလွှတ်တော်၏ လုပ်ငန်းတာဝန်များကို သိရှိအကြံပြုကြ ခြင်း၊ လာရောက်လေ့လာခြင်းများကို ဖိတ်ခေါ်လျက်ရှိပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။ ။