ရန်ကုန် ၁၉ ဇန်နဝါရီ

 

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပခဲ့သည့်  ဒုတိယအကြိမ်မြောက်  အရှေ့တောင်အာရှ ကလေးသူငယ်များဆိုင်ရာ ရုပ်သံပွဲတော် - ၂၀၁၈ (2nd Southeast Asia  Video Festival For Children 2018 - SEAVFC)တွင် ဆုရရှိခဲ့သူများ၊ ပြိုင်ပွဲတွင် ဇကာတင် ရွေးချယ်ခံခဲ့ရသူများနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများအား ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပသည်။

 

ဆုချီးမြှင့်ပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက အမှာစကားပြောကြားသည်။


ထို့နောက် အမျိုးသားအဆင့်နှင့် အာဆီယံဒေသကြီးအဆင့်တွင် ဇကာတင် ရွေးချယ်ခံခဲ့ရသူများ၏ ပြိုင်ပွဲဝင် ဗီဒီယိုဇာတ်လမ်းများကို ပြသသည်။

 

ဆက်လက်၍ အသက် ၉ နှစ်မှ ၁၂ နှစ်အုပ်စုပြိုင်ပွဲ အာဆီယံဒေသကြီး အဆင့်တွင် Winner ဆုရရှိခဲ့သည့် မစုလင်းလဲ့၏ ပြိုင်ပွဲဝင် "Hero’s in my Life" ဗွီဒီယို ဇာတ်လမ်းကို ပြသသည်။

 

အဆိုပါဇာတ်လမ်းသည် အဖိုး၊အဖွားများအနေဖြင့် မြေးငယ်အပေါ်ချစ်ခင် တန်ဖိုးထားစောင့်ရှောက်ပေးမှုနှင့် ကောင်းမွန်သော လူမှုရေးကျင့်ဝတ်များ သင်ကြားပြသပေးမှုတို့ကို  ပုံဖော်ရိုုက်ကူးထားသည့် ဇာတ်လမ်းဖြစ်သည်။ ယင်းနောက် အသက် ၁၆ နှစ်မှ ၁၈ နှစ်အုပ်စုပြိုင်ပွဲ အာဆီယံဒေသကြီးအဆင့်တွင် Winner ဆုရရှိခဲ့သည့် မစုလတ်ရွှေရည်ဇော်၏ ပြိုင်ပွဲဝင် “Smile”  ဇာတ်လမ်းကို ပြသသည်။

 

အဆိုပါဇာတ်လမ်းသည် မိဘနှင့်အဆင်မပြေဘဲ စိတ်လေနေသည့် ကျောင်းသား လူငယ်တစ်ဦးမှာ မာန်မာနမရှိ၊ စိတ်ထားဖြူစင်ပြီး အပြုံးဖြင့် အကူအညီပေးလေ့ရှိသည့် ဘုန်းကြီးကျောင်း ကပ္ပိယကြီးတစ်ဦးနှင့် ခင်မင်ရင်းနှီးပြီး လိမ္မာယဉ်ကျေးကာ စည်းကမ်းရှိသော၊ စားကြိုးစားသည့် ကျောင်းသားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပုံကို ပုံဖော်ရိုက်ကူးထားသည့် ဇာတ်လမ်းဖြစ်သည်။

 

ထို့နောက် ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ကြသူများ၊ အာဆီယံ ဒေသကြီးအဆင့်တွင် Winner ဆုရရှိခဲ့ကြသည့် မစုလင်းလဲ့နှင့် မစုလတ်ရွှေရည်ဇော်၊ အသက် ၁၃ နှစ်မှ ၁၅ နှစ်အထိ အာဆီယံဒေသကြီးအဆင့်၊ ဝါသနာရှင်အာဆီယံဒေသ ကြီးအဆင့်၊ အသက် ၁၂ နှစ်အောက် အမျိုးသားအဆင့်၊  အသက် ၁၃ နှစ်မှ ၁၅ နှစ်အထိ အမျိုးသားအဆင့်၊  အသက် ၁၆ နှစ်မှ ၁၈နှစ်အထိ အမျိုးသားအဆင့်၊ ဝါသနာရှင် အမျိုးသားအဆင့်၊ ပညာရှင် အမျိုးသားအဆင့်တို့တွင် ဇကာတင်ရွေးချယ်ခံခဲ့ရသူများ၊ အသက်အုပ်စုအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများနှင့် ဝါသနာရှင်အဆင့်တို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများအား ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

သတင်း- မီမီဖြိုး၊ ဓာတ်ပုံ- လှမိုး