နေပြည်တော် ၂၅ ဇွန်
ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ (၂၀၂၀) အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့်ဂုဏ်ပြု၍ စတင်ဖွင့်လှစ်ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကိုဗစ်-၁၉ ကြောင့် ခက်ခဲသည့် ကာလဖြစ်သော်လည်း ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ တက္ကသိုလ်များသုတေသန ညီလာခံ (၂၀၂၀) အခမ်းအနားဖြစ်မြောက်ရေးအတွက် Video Conferencing နည်းပညာဖြင့် ဦးဆောင်ပေးပါသော ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုး၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ထင်ဇော်စိုး၊ Keynote Speaker များဖြစ်ကြသော ပါမောက္ခ ဒေါက်တာပဒေသာတင်၊ ပါမောက္ခ Liviu Matei ၊ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ စာတမ်းများ ဖတ်ကြားပေးကြသော စာတမ်းရှင်များ၊ ပိုစတာရှင်များနှင့် ညီလာခံ တက်ရောက်ကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။
တက္ကသိုလ်များတွင် သုတေသနယဉ်ကျေးမှုသည် အလွန်အရေးကြီးပါကြောင်း၊ တက္ကသိုလ်များ၏ အသက်သွေးကြောသည် သုတေသနဖြစ်ပါကြောင်း၊ ဒေသအကျိုးပြုသုတေသန၊ နိုင်ငံအကျိုးပြုသုတေသန လုပ်ငန်းများကို အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာကြီးအတွက်လည်း အကျိုးပြုနိုင်သည့် အသုံးချ သုတေသန ရလဒ်ကောင်းများ ဖြစ်လာစေရေး ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊ သုတေသနလုပ်ငန်းများ၊ သုတေသနအခြေ ခံလက်တွေ့ပစ္စည်းများနှင့် ခေတ်မီနည်းပညာများအတွက်လည်း ခွင့်ပြုရန်ပုံငွေများကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းတို့ဖြင့် ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် သုတေသနအသုံးစရိတ် ကျပ်သန်းပေါင်း (၁ ဒသမ ၄) ဘီလီယံကျော် အသုံးပြုခဲ့ ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် (၄ ဒသမ ၂) ဘီလီယံ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် (၅ ဒသမ ၈)ဘီလီယံ အထိ တိုးမြှင့်သုံးစွဲ၍ သုတေသနလုပ်ငန်းများကို အားပေးဆောင်ရွက်နေပါကြောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ပြီး အရည်အသွေးရှိသော သုတေသနရလဒ်ကောင်းများကို အခြေခံ၍ သုတေသနစာတမ်းများ ဖတ်ကြား ဆွေးနွေးခြင်း၊ ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများ ရေးသားခြင်းတို့ကို အားပေးလျက်ရှိပါကြောင်း။
အရည်အသွေးရှိသော သုတေသနအခြေခံ၍ လုပ်ငန်းခွင်အတွက် လက်တွေ့အသုံးပြုနိုင်သည့် သင်ရိုးညွှန်းတမ်းများ မြှင့်တင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ သင်ယူလေ့ကျင့် မွေးထုတ်ပေးနိုင်ခြင်း၊ အရည်အသွေးရှိသော သုတေသနရလဒ်များဖြင့် စီးပွားရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုများ ပိုမိုအောင်မြင်လာစေရေး အထောက်အကူပြုပေးနိုင်ခြင်း၊ ပွင့်လင်းမြင်သာသော တာဝန်ခံ တာဝန်ယူမှုဖြင့် တက္ကသိုလ်ဖွံ့ဖြိုးရေးစီမံခန့်ခွဲခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကလည်း လွတ်လပ်သည့် သင်ကြားသင်ယူမှုနှင့် လွတ်လပ်စွာစီမံခန့်ခွဲခြင်းကို ပိုမိုအားကောင်းလာမည်ဟု ယုံကြည်ပါကြောင်း၊ ယခု မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသနညီလာခံ (၂၀၂၀)သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလနှင့် ရင်ဆိုင်ကြုံတွေ့ရသော်လည်း နည်းပညာများကိုအသုံးပြု၍ အကျိုးရှိ ထိရောက်အောင် မလျှော့သောဇွဲ့လုံ့လ ဖြင့် ကြိုးစားဆောင်ရွက်နေသည်ကို တွေ့ရပြီး စာတမ်းဖတ်ပွဲအတွက် တက္ကသိုလ်အသီးသီးရှိ သုတေသီ ဆရာ၊ ဆရာမများက စာတမ်းပေါင်း (၁၃၄)စောင်၊ ပိုစတာ(၁၆)ခု ပါဝင်ယှဉ်ပြိုင်ကြသဖြင့် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ယနေ့ကျင်းပသည့် ညီလာခံမှ သုတေသန ယဉ်ကျေးမှုများ၊ သုတေသန အရည်အသွေးများ အားကောင်းလာစေပြီး Autonomous University ဖြစ်သည်အထိ ဦးတည်ဆောင်ရွက်ရန်နှင့် အားလုံးက တာဝန်ယူ တာဝန်ခံပြီး အရည်အသွေးရှိသော ဘွဲ့ရလူငယ်မောင်မယ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ဝိုင်းဝန်းပူးပေါင်း၍ လက်တွဲကူညီ ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသနညီလာခံ(၂၀၂၀) ကျင်းပနိုင်ခြင်းအတွက် ဂုဏ်ပြုစကားပြောကြား၍ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်ဝေစိုးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ အမေရိကန်ပြည်ထောင်စု၊ နာဆာအာကာသသိပ္ပံပညာရှင် ပါမောက္ခ ဒေါက်တာပဒေသာတင်က “သုတေသနအရေးပါမှုနှင့် မြန်မာနိုင်ငံတက္ကသိုလ်များ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပါမောက္ခ Liviu Matei (Central European University-CEU) က “University Research and National Development : A Comparative Perspective in a time of Global Crisis” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က “သုတေသန ယဉ်ကျေးမှုရပ်ဝန်းကောင်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး အားပေးမြှင့်တင်ခြင်း (Promoting Research Culture)” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောပို့ချကြသည်။
ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ ဟောပြောသူ ဆရာကြီးများက ပြန်လည် ဖြေကြားကြသည်။
ယနေ့အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ ဟောပြောပို့ချသည့် ပြည်တွင်းပြည်ပ ဆရာကြီးများ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ သုတေသီများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စာတမ်းရှင်များ စုစုပေါင်း ၃၄၀၀ ခန့် Video Conferencing ဖြင့် ချိတ်ဆက်တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်


