ပုလဲ ၂၆ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲမေတ္တာ ကျောင်းတိုက်၌ စက်တင်ဘာ ၂၅ ရက်၊ ညပိုင်းက ပုလဲဆရာတော် ဘဒ္ဒန္တပညာဝံသ၏ စီစဉ်မှုဖြင့် ဒုတိယအကြိမ်မြောက် ပုလဲချစ်သူများရဲ့ ပုလဲကဗျာညချမ်း ကဗျာရွတ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုလဲဆရာတော် ဘဒ္ဒန္တပညာဝံသက စာချစ်သူ၊ ကဗျာချစ်သူများ အနေဖြင့် မိမိတို့ ဝါသနာပါသည့် ကဗျာများကို ဖော်ထုတ်ရွတ်ဆိုခြင်းဖြင့် စာပေအပေါ် ချစ်မြတ်နိုးစိတ်များ ဖြစ်ပေါ်လာစေရန်၊ ကဗျာရွတ်ပွဲမှတဆင့် မိမိဒေသရှိ စာပေဝါသနာရှင် လူငယ်မောင်မယ်များ အနေဖြင့် ကဗျာများအပေါ် ချစ်မြတ်နိုးစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် ကဗျာဆရာ၊ ဆရာမများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပုလဲချစ်သူများရဲ့ ပုလဲကဗျာညချမ်း ကဗျာရွတ်ပွဲကို ကျင်းပပေးရခြင်း ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာမ ယဉ်ယဉ်နု (မန္တလေး)က ပုလဲဆရာတော် ဘဒ္ဒန္တပညာဝံသအတွက် ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ကိုစ (ချပ်သင်း)က “ကမာကောင်ရဲ့ ရင်သွေး” ကဗျာဖြင့် ဂုဏ်ပြုရွတ်ဆိုခဲ့သည်။
ထိုနောက် ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူ၊ သာစည်၊ မြိုင်၊ ယင်းမာပင်နှင့် ပုလဲမြို့နယ်မှ ကဗျာဆရာ၊ ဆရာမများက ကဗျာများကို အသီးသီး ရွတ်ဆိုခဲ့ကြကြောင်းနှင့် ပုလဲချစ်သူများရဲ့ ပုလဲကဗျာ ညချမ်းကဗျာရွတ်ပွဲတွင် ရွတ်ဆိုခဲ့သည့် ကဗျာဆရာ၊ ဆရာမများ၏ ကိုယ်ပိုင်ကဗျာများကို စုစည်း၍ ပုလဲဆရာတော် ဘဒ္ဒန္တပညာဝံသက ကဗျာစာအုပ်အဖြစ် ထုတ်ဝေပေးမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်


