ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

နေပြည်တော် ၁၅ ဇန်နဝါရီ 

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ စတင် ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ခညောင်းကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း ကြိုဆိုနှုတ်ခွန်းဆက်သ လိုက်ပါတယ်။ ဒုတိယအကြိမ်ပြည်သူ့ လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကို တက်ရောက်လာကြတဲ့ လွှတ်တော် ကိုယ်စားလှယ်များအားလုံး ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို ဆက်လက်သယ်ပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် ဒီမိုကရေစီခရီးလမ်း ဖြောင့်ဖြူးစေရန် စွမ်းဆောင် နိုင်ကြပါစေကြောင်း ဆုတောင်းအပ်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်ရပ်နားထားစဉ် ကာလအတွင်း ကွယ်လွန်သွားခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးအတွက် လည်း ကျွန်တော်အနေဖြင့် များစွာစိတ်မကောင်း ဖြစ်ရပါတယ်။

ဒီနေ့စတင်ကျင်းပတဲ့ သတ္တမပုံမှန်အစည်းအဝေး ကာလအတွင်းမှာ ဆွေးနွေး ကြရမယ့် ဥပဒေကြမ်းများအနေဖြင့် ၂၆ ခု ရှိပါတယ်။ အဆိုများအနေဖြင့် ဆဋ္ဌမပုံမှန် အစည်းအဝေးမှာတင်သွင်းပြီး  ဆွေးနွေးရန်ကျန်ရှိအဆို တစ်ခုနှင့် ယခု အသင့်ဖြစ် အဆို ရှစ်ခုရှိပါတယ်။ မေးခွန်းများအနေဖြင့် ဆဋ္ဌမပုံမှန်အစည်းအဝေးမှ သတ္တမ ပုံမှန်အစည်းအဝေးသို့ ပြောင်းရွှေ့မေးမြန်းထားတဲ့ ကြယ်ပွင့်ပြမေးခွန်း ၁၂၁ ခုအပါ အဝင် အသင့်ဖြစ်ကြယ်ပွင့်ပြမေးခွန်း  ၁၇၂ ခု ရှိကြောင်း အသိပေးတင်ပြပါတယ်။

ယနေ့ကာလဟာ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အလေးထားဆောင်ရွက်နေတဲ့ ကာလဖြစ်ပါတယ်။ ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိဖို့အတွက် အရေးအကြီးဆုံး မှတ်တိုင်တစ်ခုဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေး ရရှိနိုင်ဖို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ           များအားလုံးက စုပေါင်းဆွေးနွေး အဖြေရှာလျက် ရှိကြပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ချမှတ်ပြီး အသိပညာစွမ်းအား၊ စိတ်ဓာတ်ခွန်အားများနှင့် အားထုတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါတယ်။ နိုင်ငံတော်အစိုးရက အဓိက ကြိုးပမ်းဆောင် ရွက်နေသော ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဥပဒေပြုရေးမဏ္ဍိုင်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကလည်း ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်း ဆောင်ရွက် ပေးကြရန်ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး ကောင်းမွန်တဲ့စေတနာ၊ ရင့်ကျက်တဲ့အတွေးအခေါ်၊ ပြည့်စုံတဲ့ဉာဏ်ပညာ၊ ဗဟုသုတ တွေကို ပေါင်းစပ်အသုံးချနိုင်မှသာ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ရလဒ်ကောင်းတွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေး ပြည်တွင်းငြိမ်း ချမ်းရေး ဆောင်ရွက်နိုင်မှသာ တိုင်းရင်းသားပြည်သူလူထုအားလုံး မျှော်လင့် တောင့်တနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို အကောင်အထည်ဖော် တည်ဆောက် နိုင်ကြမှာဖြစ်ပါတယ်။

ပြည်သူ့အသံကိုထင်ဟပ်စေတဲ့ လွှတ်တော်တွေဟာ ပြည်သူတွေအားကိုး ထိုက်တဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကြီးဖြစ်ဖို့ အထူးအရေးကြီးပါတယ်။ ပြည်သူတွေအကြား ဒီမိုကရေစီ အလေ့အကျင့်ကောင်းတွေ ခိုင်မာအားကောင်းစေဖို့ လွှတ်တော်ကိုယ် စားလှယ်များက ပူးပေါင်းကူညီဆောင်ရွက် ပေးကြရမှာဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍနှင့် ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ တာဝန်တွေကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ကြဖို့လိုအပ်ပါတယ်။ ကိုယ်စားလှယ်များက မေးမြန်းတဲ့ မေးခွန်းတွေ၊ တင်သွင်းတဲ့အဆိုတွေ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်း တွေဟာ ပြည်သူလူထုအတွက် အကျိုး ရှိ/ မရှိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ/မညီ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်/မကိုက် တို့ကို အသေအချာ စမ်းစစ်လေ့လာပြီး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကို ပြည်သူလူထုက ယုံယုံကြည်ကြည်နဲ့ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရား တွေကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အဂတိတရားကင်းရှင်းစွာနှင့် ဆက်လက်ကြိုးပမ်း အားထုတ်ကြပါလို့ တိုက်တွန်းပြောကြားရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်”ဟု ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့၏ ၂၇-၁၁-၂၀၁၇ မှ ၂-၁၂-၂၀၁၇ ရက်အထိ ဂျပန်နိုင်ငံသို့သွား ရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၂၇-၁၁-၂၀၁၇ ရက်တွင် ဂျပန် နိုင်ငံ၌ကျင်းပသည့် တတိယအကြိမ်မြောက်စက်မှုလုပ်ငန်းဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲသို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက် ခေါင်းဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့၏ ၃-၁၂-၂၀၁၇ မှ ၈-၁၂-၂၀၁၇ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ “Global Robusta Coffee” ဖွံ့ဖြိုးရေးဆိုင်ရာ လေ့လာရေးသွားရောက်ခဲ့သည့် ခရီးစဉ်တို့ကို မှတ်တမ်းတင်သည်။

အစည်းအဝေးတွင် ဖလမ်းမဲဆန္ဒနယ်မှ ဒေါက်တာဆလိုင်းရီယန်းဗဲလ်၏ ဖလမ်းမြို့နယ်ရှိ ရိခေါဒါရ် မြို့တွင်နေထိုင်သည့် ပြည်သူများအား ဓာတ်အားလုံ လောက်စွာသုံးစွဲနိုင်ရန် ၅၀ဝ ကေဗွီအေ မီးစက်တစ်လုံး သို့မဟုတ် ၁၂၅၀ ကေဗွီအေ မီးစက်တစ်လုံး ချထားပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရိခေါဒါရ်မြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်နှစ်ခု၏ သုံးစွဲလာမည့်လျှပ်စစ်ဓာတ်အား ပမာဏကို ခန့်မှန်းတွက်ချက်ရာတွင် ကီလိုဝပ် ၅၀ဝ ခန့်သာရှိသည့်အတွက် လက်ရှိစက်တပ်ဆင်အင်အားဖြင့် နိုင်နင်းပါကြောင်း၊ သို့ပါ၍ ချင်းပြည်နယ် ရိခေါဒါရ်မြို့အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်အစိုးရရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော ဓာတ်အားလိုင်းများ အားလုံးပြီးစီးသွားပါက အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် နှစ်ခုလုံးအား လက်ရှိဒီဇယ်စက် သုံးလုံးဖြင့် ဆက်လက်ဓာတ်အားဖြန့်ဖြူး ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ မင်းဘူး-စကုလမ်းမကြီးနှင့် ဆက်သွယ် ထားသော မန်းရေနံမြေ အရှေ့ဘက်ဂိတ်မှ ကြာကန်-ပေါက်ကုန်း-အောက်ကျောင်း-နန်းဦး-လေးအိမ်တန်း-လက်ပံတော-မယ်ဘေ့ကုန်းရွာအနီး မန်းရေနံမြေလမ်းဆုံအထိ လမ်းအပိုင်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ပေး ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ယင်းလမ်းပိုင်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန်မှာ ကျေးရွာချင်းဆက် လမ်းဖြစ်ခြင်း၊ ရေနံ ထုတ်လုပ်မှုနှင့် မသက်ဆိုင်၍ အသုံးစရိတ်(ဘတ်ဂျက်)လျာထားရန် အခက်အခဲရှိ ခြင်းနှင့် လူမှုစီးပွားအစီအစဉ်ဖြင့် ဆောင်ရွက်ရန်မှာလည်း အသုံးစရိတ် ကန့်သတ် ချက်များရှိနေခြင်းကြောင့် လက်ရှိအချိန်တွင် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေး ရန်အစီအစဉ် မရှိပါကြောင်း၊ လက်ရှိမြေသားလမ်းအား ကျေးလက်လမ်း ဦးစီးဌာနက တာဝန်ယူပြီး ဆောင်ရွက်ပေးရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းပေး သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ထို့ပြင် ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ဦးအေးနိုင်၏ ဒဂုံမြို့သစ် (တောင် ပိုင်း)မြို့နယ်တွင် ၂၀ဝ ကေဗွီအေထရန်စဖော်မာ အလုံး ၅၀ သို့မဟုတ် ၃၁၅ ကေဗွီအေ အလုံး ၃၀ ချထားပေးရန်နှင့် လိုအပ်သော ခွဲရုံများ တပ်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်၏ မြန်မာ နိုင်ငံတွင် နှစ်စဉ်လျှပ်စစ် သုံးစွဲမှုသည် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်အထိ တိုးတက်သုံးစွဲလျက်ရှိရာ လာမည့် (၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁) ခုနှစ်တို့တွင် ပြည်သူများကို လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရန်နှင့် လုံလောက်ကောင်းမွန် အောင်လျှပ်စစ်ထုတ်လုပ်ရေးအပိုင်းတွင် မည်ကဲ့သို့ အစီအစဉ်ချပြီး လုပ်ဆောင်နေ သည်ကို သိလိုကြောင်းမေးခွန်း၊ ငပုတောမဲဆန္ဒနယ်မှ ဦးသန်းအောင်၏ ငပုတောမြို့ နယ်ရှိ ငါးပြေမ ၆၆ ကေဗွီ ခွဲရုံနှင့် ပုသိမ်မော်တင်စွန်း ပင်မဓာတ်အားပေးလိုင်းကြီးနှင့် ၁ မိုင်အတွင်းရှိ ဇီးချိုင်၊ ကံချိုင်၊ ကျောက်ချောင်း၊ ခမောက်မော်၊ ကညင်ချောင်း၊ ကုန်းတန်းကျေးရွာများသို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လျာထားထည့် သွင်းတွက်ချက်ပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်နိုင်ရန် မည်သို့စီမံဆောင်ရွက်နေသည်ကို သိလိုကြောင်းမေးခွန်း၊ တနိုင်းမဲဆန္ဒနယ်မှ ဦးလင်းလင်းဦး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်အတွင်း ကချင်ပြည်နယ် တနိုင်းဒေသသို့ မဟာဓာတ်အားလိုင်းမှ (၂၄)နာရီ မီးလင်းနိုင်ရေး အတွက်ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တနိုင်းမြို့နယ် ကာမိုင်-တနိုင်း ၆၆ကေဗွီ ဓာတ်အားလိုင်းအတွက် လိုအပ်လျက် ရှိသော ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ် လျဉ်း၍လည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့ပြင်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့်ပြန်လည် ပေးပို့သော “မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ အမျိုးသား လွှတ်တော်၏ပြင်ဆင်ချက်များကို လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ အဆုံး အဖြတ် ရယူသည်။

အဆိုပါ “မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥပဒေကြမ်း” နှင့်စပ်လျဉ်းပြီး လွှတ်တော် နှစ်ရပ်သဘောကွဲလွဲသည့် အချက် (၃)ချက်ရှိသဖြင့် ယင်းအချက်များကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြသွားမည်ကြောင်း သိရသည်။

MDN