မန္တလေး ၆ သြဂုတ်
ဒုတိယအသုတ် ရောင်းချသည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ယာ တိုက်ခန်း လက်ငင်းဝယ်ယူသူများသည် သြဂုတ်လကုန် နောက်ဆုံးထားပြီး ငွေပေးချေရမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများကို လက်ငင်းစနစ်၊ အရစ်ကျစနစ်များဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။
"လက်ငင်းနဲ့ ဘဏ်ချေးငွေဆိုပြီး နှစ်မျိုးရှိတယ်။ ဘတ်ဂျက်ကာလအတွင်း ပြီးအောင်ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် သြဂုတ်လကုန် နောက်ဆုံးထားပေးချေရမှာ ဖြစ်ပါတယ်'' ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနမှူး ဦးဇော်ဝင်းက ပြောသည်။
အရစ်ကျစနစ်တွင် အနည်းဆုံး ၃ နှစ်မှ ၁၀ နှစ်အထိ အရစ်ကျ ဝယ်ယူနိုင်ပြီး ဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ ဒုတိယအသုတ် ရောင်းချသည့် မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ရာတိုက်ခန်း ၅၄၂ ခန်း ဝယ်ယူခွင့်ကို လုပ်သက်အလိုက် အုပ်စုသုံးစုခွဲကာ ဇူလိုင် ၃၀ ရက်က မဲနှိုက်ချထားပေးခဲ့ခြင်း ဖြစ်သည်။
မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းဝယ်ယူခွင့် ရရှိသူများကို မိမိတို့ရရှိမည့် တိုက်ခန်းများအား သြဂုတ် ၆ ရက်က မဲနှိုက်ရွေးချယ်ခဲ့သည်။ ဒုတိယအသုတ် ရောင်းချသည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်း ဝယ်ယူခွင့် မဲပေါက်သူများအနေဖြင့် တိုက်ခန်းဖိုး အာမခံစပေါ်ငွေကျပ် ၅ သိန်းအား ပေးသွင်းရသည်။
မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများမှ တစ်ခန်းလျှင် (၆၆၁)စတုရန်းပေ ကျယ်ဝန်းပြီးမြေညီထပ် တစ်ခန်းလျှင် ကျပ်(၂၆၇)သိန်းကျော်၊ ပထမထပ် ကျပ်(၂၄၇)သိန်းကျော်၊ ဒုတိယထပ် ကျပ်(၂၂၆)သိန်းကျော်၊ တတိယထပ် ကျပ်(၂၁၆)သိန်းကျော်၊ စတုတ္ထထပ် ကျပ်(၂၀၆)သိန်းကျော်နှင့် မဉ္စမထပ် ကျပ်(၁၉၅)သိန်းကျော် ဈေးနှုန်းသတ်မှတ်ထားသည်။
တိုက်ခန်းဝယ်ယူခွင့် ရှိသူအနေဖြင့် ကိုယ်တိုင်နေထိုင်ရမည်ဖြစ်ပြီး လွှဲပြောင်းခြင်း၊ ရောင်းချခြင်း မပြုလုပ်ရန်၊ အခါအားလျော်စွာ စစ်ဆေးတွေ့ရှိပါက တိုက်ခန်းအား ပြန်လည်သိမ်းယူမည်ဖြစ်ပြီး စည်းကမ်းပျက် အမည်စာရင်း Black List သတ်မှတ်၍ တိုက်ခန်းလျှောက်လွှာ ထပ်မံတင်ခွင့်အား ရပ်ဆိုင်းခံရမည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်


