နေပြည်တော် ဩဂုတ် ၁၈

 

အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံနှင့် အာဆီယံ၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံ လာဘွန်ဘာဂျိုးမြို့၌ ကျင်းပမည့် (၁၇)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့မှ အင်ဒိုနီးရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်အရာရှိကြီးများနှင့် ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်နှင့် ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားကြသည်။

 

(၁၇)ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ဩဂုတ် ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံမှ ဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်ပြီး၊ ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအပေါင်း ၃(တရုတ်၊ ဂျပန်၊ ကိုရီးယား) နှင့်လည်းကောင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယား တစ်နိုင်ငံချင်းစီနှင့်လည်းကောင်း ဝန်ကြီးအဆင့် အစည်းအဝေး များကို သီးခြားစီလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)