ချောင်းဆုံ ၁၂ ဒီဇင်ဘာ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဒုတိယကမ္ဘာစစ်အတွင်းက အကြောင်းအမျိုးမျိုးဖြင့် ကျဆုံးခဲ့သော ဂျပန်စစ်သားများ၏ အရိုးများကို ပြန်လည်ရှာဖွေနေသည့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ ပထမအတွင်းဝန် MR. Wataru Suzuki၊ ရှေ့ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးမိစိန်နှင့် ရှာဖွေရေးအဖွဲ့ခေါင်းဆောင် Mr. Atsushi Hurano တို့ ဦးဆောင်သောအဖွဲ့သည့် ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်က တောင်စွန်းကျေးရွာအုပ်စု မုနိုင်းကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ဒုတိယကမ္ဘာစစ်အတွင်း မွန်ပြည်နယ်တွင် ကျဆုံးခဲ့သည့် ဂျပန်စစ်သား/စစ်သမီး (၆၁၀၀) ခန့်ရှိပြီး ပထမအကြိမ် ရှာဖွေးရေးပြုလုပ်စဉ်က (၁၅၀၀) ခန့်တို့၏ အရိုးများကိုရရှိခဲ့ရာ ဂျပန်နိုင်ငံသို့ ပြန်လည်သယ်ဆောင်နိုင်ခဲ့ကြောင်း၊ ယခု ကျန်ရှိသည့် (၄၆၀၀) ခန့်တို့၏ အရိုးများကို ထပ်မံရရှိပါက မှတ်တမ်းပြုစု သယ်ဆောင်ရန် ဒုတိယ အကြိမ်လာရောက်ခြင်း ဖြစ်ကြောင်းနှင့် ၄င်းအဖွဲ့သည် ဂျပန်အစိုးရ၏ ကိုယ်စားလာရောက်သည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှာဖွေရေးအဖွဲ့သည် တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျိုက်မုနိုင်းဘုရား ဂေါပကနှင့် ကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများအား သိလိုသည်များမေးမြန်းကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးပြီးနောက် ကျိုက်မုနိုင်းဘုရားအား ဖူးမြော်ခဲ့ကြကြောင်း သိရှိရသည်။
ကေအေ (ချောင်းဆုံ)