၁၅ ဩဂုတ်
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာ အရေအတွက် ၃၇၀ ကျော်ရှိလာသည့်အချိန် ကမ္ဘာတွင် ရောဂါကူးစက် ပြန့်ပွားမှုက အရှိန်မြင့်မားနေဆဲဖြစ်သည်။ မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံမှာ ဓာတ်ခွဲ အတည်ပြုလူနာ နှစ်သန်းခွဲခန့် ရှိလာပြီး ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအများဆုံး ၁၀ နိုင်ငံစာရင်းတွင် ထိပ်ပိုင်းသို့ ရောက်လာနေသည်။ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေမှာ ကိုဗစ်-၁၉ ကူးစက်မှုကို အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်ထားနိုင်သည်ဟု ဆိုရမည် ဖြစ်သော်လည်း စိတ်ချ၍မရသေးသလို ပေါ့ဆ၍လည်း မရသေး။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မိမိတို့မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်သော်လည်း ဝန်ကြီးဌာနမှ နှိုးဆော်တိုက်တွန်း ထားသော ရောဂါကာကွယ်ရေးအတွက် ဆောင်ရန်အချက်များအား နေရာအများအပြား၌ လိုက်နာမှု နည်းပါးနေသည်ကိုတွေ့ရှိနေရကြောင်း ပြောကြားခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်၁၉ ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရန်အတွက် လက်ရှိဆောင်ရွက်နေသည့် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်မည်ဟု ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများ၏ ၆၁ ရာခိုင်နှုန်းခန့်တွင် ရောဂါလက္ခဏာပြသခြင်း မရှိသောအချက်က ရောဂါကာကွယ်ရေးဆိုင်ရာ တိုက်တွန်းနှိုးဆော်ချက်များကို မမေ့မလျော့၊ မပေါ့မဆသော သတိဖြင့် ဆက်လက်ကျင့်သုံးလိုက်နာကြရန် လိုအပ်နေဆဲဖြစ်သည်ကို သတိပေးနေသော အချက်ဖြစ်သည်။ လူ့သမိုင်းတွင် အသစ်အဆန်းဖြစ်သော ကိုဗစ်-၁၉ ရောဂါ၏ လက္ခဏာများနှင့် သဘောသဘာဝများမှာ ယခုအချိန်အထိ အကုန်အစင် အတိအကျ မသိနိုင်သေး။ ရောဂါပျောက်ကင်းပြီးသူများတွင် ဗိုင်းရပ်စ်ပိုး ပြန်လည်တွေ့ရှိရခြင်းနှင့် ရောဂါကင်းစင်လာပြီးသည့် မြို့များ၊ ဒေသများတွင် တစ်ကျော့ပြန် ဒုတိယလှိုင်း ရောဂါကူးစက် ပြန့်ပွားမှုများ ဖြစ်ပေါ်လာခြင်းကဲ့သို့သော ဖြစ်စဉ်များရှိကြောင်း နိုင်ငံတကာသတင်းများတွင် တွေ့မြင်နေရသည့်အတွက် မလိုအပ်ဘဲ အိမ်ပြင်မထွက်ခြင်း၊ လူစုလူဝေးကို ရှောင်ခြင်း၊ ပြင်ပသို့ သွားလာတိုင်း ပါးစပ်နှာခေါင်းစည်း တပ်ဆင်သွားခြင်း၊ မကြာမကြာ လက်ဆေးခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေခြင်းတို့ကို ဆက်လက်ကျင့်သုံးကြရမည်ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှာ ပြည်တွင်းကူးစက်ပျံ့နှံ့မှုကို မတွေ့ရဘဲ ပြည်ပမှ ဝင်ရောက်လာသူများထံတွင် တွေ့ရှိနေရသည်။ ပြည်ပဟုဆိုရာတွင် အိမ်နီးချင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတို့မှ ပြန်လည်ဝင်ရောက်လာသူများထဲမှ တွေ့ရှိနေရခြင်းဖြစ်သည်။ သို့ဖြစ်ရာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများတွင် တရားမဝင်ခိုးဝင်လာမှုများ မဖြစ်ပေါ်စေရေးနှင့် တရားမဝင် ပြန်လည်ဝင်ရောက်လာပြီး ကန့်သတ်စောင့်ကြည့် စစ်ဆေးမှုကို မခံယူဘဲရှောင်ရှားနေသူများကို ဝိုင်းဝန်းဖော်ထုတ်ရေးတို့မှာ လွန်စွာအရေးကြီးသည်။ ပြည်ပမှ တရားမဝင်ပြန်လည်ဝင်ရောက်လာပြီး ကိုဗစ်-၁၉ ရောဂါလက္ခဏာ တစ်စုံတစ်ရာ မတွေ့ရဘဲ ကျန်းမာနေသူတစ်ဦးသဖွယ် လူအများကြား ပုံမှန် သွားလာနေထိုင်ပြီး ရောဂါကူးစက်ပျံ့နှံ့မှုမျိုး ဖြစ်ပေါ်ပါက ရုတ်တရက်ရောဂါကူးစက်ခံရသူ အများအပြားပေါ်ထွက်လာမည့် အန္တရာယ်ရှိနေသည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို အပြိုင်အဆိုင် ဖော်ထုတ်လျက်ရှိကြရာ စိတ်ချလက်ချသုံးစွဲနိုင်သည့် အနေအထားသို့ရောက်ရှိရန် ကာလတစ်ရပ်လိုအပ်နေသေးသည်။ မည်သို့ဆိုစေ ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ဆေးနှင့် ကုသဆေးတို့လောလောဆယ်တွင် မရှိသေး။ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး အလေ့အကျင့်များကို တိတိကျကျ ကျင့်သုံးကြရန် နှိုးဆော်တိုက်တွန်းရပါကြောင်း။ ။
မြန်မာ့အလင်း