ဒုတိယမြောက် ရင်သွေးလေးရရှိခဲ့ပြီဖြစ်တဲ့ လီဆန်းနဲ့ လီဘိုယောင်း

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ ကြယ်ပွင့်စုံတွဲတစ်တွဲဖြစ်တဲ့ လီဆန်းနဲ့လီဘိုယောင်းတို့ဟာ လတ်တလောမှာတော့ ဒုတိယမြောက် ရင်သွေးလေး မွေးဖွားခဲ့ပြီဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ မင်းသား လီဆန်းရဲ့ ဖျော်ဖြေရေးအေဂျင်စီက ထုတ်ဖော်ပြောကြားလာတာဖြစ်တယ်လို့ စွန်ပီဒေါ့ကွန်းရဲ့ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်မှာ လီဆန်းရဲ့ အေဂျင်စီ နမ်မိုအက်တာစ်က "ကြယ်ပွင့်စုံတွဲဟာ ဒီနေ့ပဲ သူတို့ရဲ့ ဒုတိယမြောက် ရင်သွေးလေးကို မျက်နှာမြင်ခဲ့တာပါ။ သားလေးဖြစ်ပါတယ်။ သူ့ရဲ့ ငယ်နာမည်ကိုတော့ ဘိုအာလို့ပေးထားပါတယ်။ မိသားစုတွေအားလုံးကတော့ ဘိုအာနဲ့တွေ့ဆုံခွင့်ရခဲ့တဲ့အပေါ် ဝမ်းမြောက်နေကြပါတယ်။ ဝမ်းမြောက်ကြောင်း စာရေးသားပေးပို့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်" လို့ ရေးသားဖော်ပြခဲ့ပါတယ်။

လီဘိုယောင်းဘက်ကလည်း ရင်သွေးလေးနဲ့ပတ်သက်တဲ့သတင်းကိုထုတ်ဖော်ပြောကြားခဲ့ပြီး လက်ရှိမှာတော့ မိခင်ရောကလေးပါ ကျန်းမာတယ်လို့ သိရပါတယ်။ လီဘိုယောင်းရဲ့ အေဂျင်စီ ပြောကြားချက်အရ ဘိုအာဟာ မျှော်မှန်းထားတာထက် အနည်းငယ်စောကာ မွေးလာတာဖြစ်တယ်လို့သိရပါတယ်။

လီဆန်းက သားလေးရဲ့ ခြေဖဝါးလေးတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံကိုသူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။


အေးပြည့်