ကင်ရှာဆာ ၂၃ စက်တင်ဘာ
ကွန်ဂိုနိုင်ငံ ကျန်းမာရေးအာဏာပိုင် အဖွဲ့အစည်းများသည် လူပေါင်း ၂၁၀ဝ ကျော်သေဆုံးခဲ့သည့် ရောဂါတစ်မျိုးကို ထိန်းချုပ်ရန် ဒုတိယမြောက် အီဘိုလာကာကွယ်ဆေး တစ်မျိုးကို အသုံးပြုရန်စီစဉ်ထားကြောင်း ယနေ့ဆင်ဟွာ သတင်းတစ်ရပ်က ဖော်ပြထားသည်။
အမေရိကန်အခြေစိုက် Johnson & Johnson ကုမ္ပဏီက ထုတ်လုပ်သော အဆိုပါ ကာကွယ်ဆေးသစ်သည် ဘေးကင်းလုံခြုံမှုရှိကြောင်း ကွန်ဂိုနိုင်ငံ၏ အီဘိုလာ တုံ့ပြန်ကာကွယ်ရေးအသင်းက စက်တင်ဘာ ၂၂ ရက်တွင်ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် ပြောကြားခဲ့သည်။
ဒုတိယမြောက် အီဘိုလာကာကွယ်ဆေး စတင်အသုံးပြုမည့် အချိန်နှင့်စပ်လျဉ်း၍ နောက်ထပ်သတင်း အချက်အလက်များကို ပြောကြားခြင်းမရှိသော်လည်း “ဒီကာကွယ်ဆေးကို အခြားနိုင်ငံတွေမှာလည်း အသုံးပြုနေတာဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့ ဒီဆေးကို ဘာကြောင့် မသုံးနိုင်ရမှာလဲ” ဟူ၍ အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
Johnson & Johnson ကုမ္ပဏီက ၎င်းတို့ကုမ္ပဏီတွင် အသုံးပြုနိုင်မည့် ဆေးဝါး ၁ ဒသမ ၅ သန်း ရှိကြောင်းလည်း အစောပိုင်းတွင် ပြောကြားခဲ့သည်။ ယခုဒုတိယမြောက် အီဘိုလာကာကွယ်ဆေးသည် အမေရိကန်အခြေစိုက် ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီ Merck က ထုတ်လုပ်သော လက်ရှိအသုံးပြုနေသည့် ကာကွယ်ဆေးကို အားဖြည့်ပေးလိမ့်မည်ဖြစ်သည်။ လက်ရှိအသုံးပြုနေသည့် ကာကွယ်ဆေးသည် တစ်ပတ်လျှင် တစ်ကြိမ်ထိုးရန် လိုအပ်နေချိန်တွင် အသစ်အသုံးပြုမည့် ကာကွယ်ဆေးသည် သီတင်းရှစ်ပတ်လျှင် နှစ်ကြိမ်ထိုးရန် လိုအပ်မည်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကမူ ဒုတိယမြောက် အီဘိုလာကာကွယ်ဆေးကို အောက်တိုဘာလလယ်တွင် ကွန်ဂိုနိုင်ငံ၌ စတင်အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ၊
ဘာသာပြန်-အလင်းသစ်