နေပြည်တော် ဇူလိုင် ၂၇

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး လမ်း ဟောင်းနှင့် ပျဉ်းမနားမြို့ရှောင်လမ်းအကြား H1 လမ်းဘေး၌ အရိပ်ရပင်များ စိုက်ပျိုးထားရှိမှုနှင့် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန်ဘေး၌ ပန်းခြံဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယမြို့တော်ဝန်သည် H1 လမ်းဘေး၌ အရိပ်ရ ခရေ၊ ပိတောက်နှင့် ပန်းမယ်ဇလီပင်များ စိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးပြီး အပင်များ ရှင်သန်ကြီးထွားစေ ရန်နှင့် ရေပြတ်လပ်မှုမရှိစေရန် စနစ်တကျ ရေလောင်းရန်၊ တိရစ္ဆာန်များကြောင့် ပျက်စီးမှုမဖြစ်ပေါ်စေရေး Tree Guard များပြုလုပ်ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ကန်တော်မင်္ဂလာ ရှမ်းကန်ဘေး၌ ဆောင်ရွက်နေသည့် ပန်းခြံအတွင်း အလှပန်းပင်နှင့် အလှမြက်ခင်းများ စိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ အေးချမ်းစွာ အပန်းဖြေ အနားယူနိုင်ရေး စနစ်တကျ စီစဉ်ဆောင်ရွက်ရန်နှင့် မင်္ဂလာကန်နှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး အမြဲမပြတ်ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ပျဉ်းမနားမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ကာ စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်