ရန်ကုန် မတ် ၁၃

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ သည် တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်-ပုသိမ် လမ်းနှင့် ရန်ကုန်-ညောင်တုန်း လမ်းဆုံရှိ တိုးချဲ့ဘုရင့်နောင်ပန်းခြံသို့ ရောက်ရှိပြီး စိန်ပန်း၊ ကံ့ကော်၊ စင်္ကာပူ ချယ်ရီနှင့် ခရေပင်များ ပြုစုပျိုးထောင်ထားရှိမှု၊ ပန်းခြံပတ်လမ်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ တိုးချဲ့ပန်းခြံရှေ့ အုတ်ရေနုတ်မြောင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ ညောင်တုန်းကားလမ်းဘက်အခြမ်း ပန်းခြံ အဝင်/အထွက်လမ်းကို Box Culvert နှင့်တကွ ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယမြို့တော်ဝန်သည် ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေး ခန်းမ(၄)၌ ကျင်းပသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး ယခုနှစ်တွင် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ပြည်သူများ ပျော်ရွှင်အေးချမ်း လုံခြုံစွာ ရေကစားနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စေရေးအတွက် ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေ သဘင်ပွဲတော်၏ဂုဏ်ကို ဖော်ဆောင်နိုင်ရန်အတွက် အစဉ်အလာနှင့်အညီ မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ် ထားရှိပြီး စည်စည်ကားကား ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း၊ ပြည်သူ့ရင်ပြင်တွင်လည်း ရေကစားမဏ္ဍပ်များ၊ ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ၊ ယိမ်း အကအလှ ဖျော်ဖြေမှုများ၊ ဆုချီးမြှင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြ ရန်လိုကြောင်း မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယခုနှစ် ကျင်းပမည့် ရန်ကုန်မြို့တော်မဟာသင်္ကြန်ရေသဘင်ပွဲတော်တွင် မြို့တော်ခန်းမရှိ မဟာသင်္ကြန်မဏ္ဍပ်၌ ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ၏ ဂီတဖျော်ဖြေမှုများ၊ သဘင်ပညာရှင်များ၏ မြန်မာ့ယဉ်ကျေးမှု အကအလှ ဖျော်ဖြေမှုများဖြင့် ပြည်သူများကို တင်ဆက်သွားမည့်အပြင် တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့်၊ မူကြိုကျောင်းများ၊ ရုံး/အခြားဌာနများ၊ အလွတ်တန်း အဆင့်အလိုက် ၁၂ ဦး၊ ၁၆ ဦး၊ ၂၀ ဦး ယိမ်းပြိုင်ပွဲများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေမှုများပါ ထည့်သွင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်