ရန်ကုန် စက်တင်ဘာ ၁၉
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် င်္ဃန်းကျွန်းနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်များအတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုသည်။
ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် (၂၃) ရပ်ကွက် သုဝဏ္ဏတံတားအောက်ရှိ ခုနှစ်ပင်လိမ်ချောင်းသို့စီးဝင်သည့် ရထားသံလမ်းရေမြောင်းနှင့် သုဝဏ္ဏတံတားဘေး ရေမြောင်းရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုနှင့် သုဝဏ္ဏတံတားဘေး မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှုကို လည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၆) ရပ်ကွက် မြယမုံစမ်းအိမ်ရာအတွင်းရှိ (၄) ပေါက်တွဲရေတံခါး ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်အတွင်း မြက်ပင်ချုံနွယ်များရှင်းလင်းနေမှု၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ဘုရင့်နောင်လမ်းနှင့် အမှတ် (၇) မြို့ပတ်လမ်းထောင့် အမှတ် (၁) ဘက်စုံ စိုက်ပျိုးမွေးမြူးရေး စစ်မှုထမ်းဟောင်း ကျေးရွာအနီး မြေ (၈ ဒသမ ၇) ဧကပေါ်တွင် သမာဓိကောင်းသာကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်နေသည့် သုံးထပ်အဆောက်အအုံ လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


