နေပြည်တော် မေ ၁၃
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကြည့်မြင်တိုင် ကမ်းနားလမ်း၊ ကွင်းကျောင်းမြောင်းတံတားသို့ ရောက်ရှိပြီး မြောင်းအတွင်း အမှိုက်နှင့် နုန်းများဆယ်ယူ ရှင်းလင်းနေမှုနှင့် မြောင်းဝန်းကျင် သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယမြို့တော်ဝန်သည် လမ်းမတော်မြို့နယ်၊ ရွာသစ်ချောင်း ရေထိန်း တံခါးသို့ရောက်ရှိပြီး ချောင်းအတွင်း ရေစီးဆင်းစေမှုနှင့် ရေထိန်တံခါး ကြံ့ခိုင်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုကိုလည်ကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာလမ်း(သစ္စာလမ်းနှင့် မေတ္တာလမ်းအကြား) ဣစ္ဆိတံ ချောင်းသို့ အမှိုက်နှင့် သဲမြေများဆယ်ယူ ရှင်းလင်းနေမှုကိုလည်းကောင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များမှာ ကြားသည်။
ထို့နောက် ဒုတိယမြို့တော်ဝန်သည် (၄)ရပ်ကွက်၊ စာဂလမ်း ၂၀ အရှည် ၅၁၄ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၆ လက်မကွန်ကရိခင်းကျင်းပြီးစီးမှုကို လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၃၀)ရပ်ကွက်၊ ကမာကြည်လမ်း ရေမြောင်းအတွင်း အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှု ကိုလည်းကောင်း၊ အောင်သပြေလမ်း အရှည် ပေ ၅၀၀ ၊ အကျယ် ၁၆ ပေ၊ ထု ၆ လက်မ ကွန်ကရိခင်းကျင်း နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)