နေပြည်တော် ဩဂုတ် ၉
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၁၇/၂၀၂၃) ရဲဗလတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ရဲရေးချုပ် ရဲမှူး ချုပ်ဝင်းထွန်းနှင့် ရဲအရာရှိကြီးများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက သင်တန်းဆင်းတပ်ခွဲ ကိုစစ်ဆေးပြီး ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေး ပြုကြသည်။
ထို့နောက် ရဲချုပ်က အကောင်းဆုံး ကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း သက်ပိုင်ဖြိုး၊ ဥပဒေဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဖူးပွင့်ဇော်၊ အင်္ဂလိပ်စာထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ရဲနိုင်ထွန်း၊ လေ့ကျင့်ရေး ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း သက်ပိုင်ဖြိုးနှင့် ကွန်ပျူတာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဖူးပွင့်ဇော်တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ရဲချုပ်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ကျောင်းဆင်းကြမည့် ဒုတိယရဲအုပ်များ အနေဖြင့် တာဝန်ကျရာဒေသများတွင် နိုင်ငံအကျိုး၊ ပြည်သူလူထု၏ အကျိုးကိုရှေးရှု ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး တိုင်းပြည်နဲ့လူမျိုးအတွက် စွန့်လွှတ်စွန့်စားကြိုးပမ်းဆောင် ရွက်နေကြသည့် တပ်ဖွဲ့ဝင်များကို နိုင်ငံတော်မှ ထိုက်တန်သည့် ဂုဏ်ပြုမှုများဖြင့် ချီးမြှင့်ပေးလျက်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် သွားကြရမည်ဖြစ်ပြီး ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် အောင်မြင်အောင် အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည့်အပြင် မိမိတာဝန်ယူရသည့် နယ်မြေအတွင်း ဒေသနှင့်ကိုက်ညီသည့် နည်းလမ်းများချမှတ်အကောင်အထည် ဖော်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများသည် ငွေကြေးခဝါချမှု၊ လက်နက် မှောင်ခိုမှု၊ အကြမ်းဖက်မှုစသည့် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွယ်လျက်ရှိပြီး နိုင်ငံလုံခြုံရေး၊ တည်ငြိမ်အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေလျက်ရှိသည့်အပြင် လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းလက်တွဲ၍ မူးယစ်ဆေးဝါးပပျောက်သည်အထိ စွမ်းစွမ်းတမံဆောင်ရွက်သွား ကြရန်လိုကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်ကို ဥပဒေနှင့်အညီ စေတနာ ထားဆောင်ရွက်ပေးပြီး လူမှုရေးလုပ်ငန်းများ၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ စသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုလည်း တက်တက်ကြွကြွပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၁၇)ရဲဗလတပ်ခွဲတွင် တပ်တွင်းဘွဲ့ရအမျိုးသား (၂၁၇)ဦး၊ တပ်တွင်းဘွဲ့ရ အမျိုးသမီး(၁၂၉)ဦး စုစုပေါင်း (၃၄၆)ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


