ဘားအံ ၃၀ ဒီဇင်ဘာ
ကရင်ပြည်နယ်ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၆ နာရီခွဲက ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ရေကျော်ရပ်၊ ကြာအင်းတောင်ခြေရှိ အဆိုပါ ဝန်ထမ်းအိမ်ရာ၌ ကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ်ဦးဝင်းမြင့် တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယရှေ့နေချုပ်ဦးဝင်းမြင့်၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ကရင်ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ ကရင်ပြည်နယ် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲ အဖွဲ့ခေါင်းဆောင် ဦးစောပီဖိုးတို့က အဆောက်အဦအသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆောက်အဦကမ္ပည်း မော်ကွန်းအား အမွေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။
အဆိုပါအဆောက်အဦသစ်ကို ကရင်ပြည်နယ်ဥပဒေချုပ်၏လမ်းညွှန်မှု၊ ပြည်နယ်ဥပဒေအရာရှိနှင့်ရုံးအဖွဲ့မှူးတို့၏ ကြီးကြပ်မှုဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေ၊ ငွေလုံးငွေရင်းအသုံးစရိတ်ကျပ်သန်း ( ၁၃၆ ဒသမ ၃၂၂ )ဖြင့် ပြည်နယ်ဥပဒေချုပ်ရုံး၊ ဝန်ထမ်းနေအိမ် (၉၂' × ၂၈' ) RCC လေးခန်းတွဲနှစ်ထပ်အား Asian Titan Co.,Ltd မှ တာဝန်ယူ တည်ဆောက်ခြင်းဖြစ်ပြီး ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာက ပြည်နယ်ဥပဒေအရာရှိ ဦးရဲလွင်ထံ အဆောက်အဦနှင့်ပတ်သက် သည့်စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်သည်။

ဖွင့်ပွဲအပြီးတွင် ဒုတိယရှေ့နေချုပ်ဦးဝင်းမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများ က အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်အတွင်းရှိ ဥပဒေအရာရှိများနှင့် ရှေ့နေများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)