နေပြည်တော် ၆ သြဂုတ်
အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် မိတ်ဆက်ခြင်းအခမ်းအနားနှင့် မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာဖိုရမ်ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးသန့်စင်မောင်၊ ဦးစိုးဝင်း၊ ဦးဟန်ဇော်နှင့် ဒေါက်တာ ဝင်းမြတ်အေး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရပ်ဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်ပညာရှင်များ၊ UN ၊ INGO နှင့် NGO အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတက ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် မိတ်ဆက်ခြင်းအခမ်းအနားနှင့် မြေငလျင်အန္တရာယ်ကြောင့် ပျက်စီးမှုများနှင့်ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ၊ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများလုပ်ဆောင်နိုင်ရန် ရည်ရွယ်ကျင်းပသည့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာဖိုရမ် ဖြစ်ပါကြောင်း၊ မြေငလျင်လှုပ်ခြင်းသည် အခြားသောသဘာဝဘေးအန္တရာယ်များကဲ့သို့ ကြိုတင်ခန့်မှန်း၍မရနိုင်ဘဲ မြေငလျင်၏ ပြင်းအား၊ မြေငလျင်ဒဏ်ခံရသည့်ဒေသ၏ ထိခိုက်လွယ်မှုအပေါ်မူတည်၍ ပျက်စီးဆုံးရှုံးမှု ပမာဏများပြားနိုင်ပါကြောင်း။
မကြာသေးမီကာလအတွင်း မြန်မာနိုင်ငံတွင်လှုပ်ခဲ့သည့် ငလျင်လှုပ်ခတ်မှုဖြစ်စဉ်များကို ပြန်ကြည့်မည်ဆိုလျှင် ၂ဝ၁၁ ခုနှစ် တာလေငလျင်၊ ၂ဝ၁၂ ခုနှစ် သပိတ်ကျင်း ငလျင်၊ ၂ဝ၁၆ ခုနှစ် ဧပြီလက ကလေးမြို့အနီးဗဟိုပြုလှုပ်ခဲ့သည့် ငလျင်နှင့်ဩဂုတ်လအတွင်း ချောက်မြို့အနီးလှုပ်ခတ်ခဲ့သည့် မြေငလျင်များကြောင့် လူ့အသက်အိုးအိမ် အဆောက်အဦများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရရုံမျှမက တန်ဖိုးမဖြတ်နိုင်သည့် ပုဂံရှေးဟောင်း အမွေအနှစ်ဘုရား၊ စေတီပုထိုးအချို့ပြိုကျပျက်စီးခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အနီးစပ်ဆုံး ဖြစ်ပွားခဲ့သည့် ငလျင်များကို ပြန်ကြည့်မည်ဆိုပါက သြဂုတ်(၂)ရက်တွင် မော်လိုက်မြို့ အရှေ့တောင်(၁၃)မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ၄ ဒသမ ၇ ရစ်ချက် စတာစကေးရှိသည့် မြေငလျင်၊ သြဂုတ် ၃ ရက်တွင် မိုးညှင်းမြို့ အရှေ့မြောက် (၉)မိုင် အကွာကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ၃ ဒသမ ၅ ရစ်ချက်စတာစကေးနှင့် ဆင်ဘိုမြို့ အရှေ့မြောက် (၂၈)မိုင် အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်များဖြစ်ပါကြောင်း။
ငလျင်ဘေးအန္တရာယ်သည် အခြားမီးဘေး၊ ရေဘေး၊ လေဘေး စသည့် ဘေးအန္တရာယ်များကဲ့သို့ မကြာခဏ ဖြစ်ပွားလေ့မရှိသည့်အတွက် အများစုအနေဖြင့် ငလျင်ဘေးအန္တရာယ်ကို မေ့လျော့ပေါ့ဆနေတတ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်ကျရောက်နိုင်သည့် သဘာဝဘေးအန္တရာယ်ကြီးများအနက် ရေရှည်တွင်ငလျင်ဘေးအန္တရာယ် အကြီးမားဆုံးဖြစ်မည်ဟု ပညာရှင်များယူဆထားကြသည်ကိုလည်း သိရှိရပါကြောင်း၊ မိမိတို့အနေဖြင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေးနည်းလမ်းများကို ကြိုတင်ပြင်ဆင်အကောင်အထည်ဖော် ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း။
ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ မဟာဗျူဟာများနှင့်စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများပြဋ္ဌာန်းခြင်း၊ ပြည်သူလူထုအတွင်း ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းစသည်တို့ကို ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်တစ်ဦးတည်း၊ တစ်ဖွဲ့တည်းဆောင်ရွက်၍ မရနိုင်သဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ရွာလူထုများနှင့်အားလုံးသော ပါဝင်ပတ်သက်သူများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
၂၀၁၈ ခုနှစ်၊ မေ ၁၅ ရက်တွင် ကျင်းပခဲ့သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ (၁/၂ဝ၁၈)အစည်းအဝေးတွင် အချိန်ခါမရွေးဖြစ်ပေါ်လာနိုင်သည့် ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို စနစ်တကျဖြစ်အောင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့များအနေဖြင့် အစီအမံများကြိုတင်ချမှတ်ထားကြရန်၊ ငလျင်ဘေး တုံ့ပြန်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ Earthquake Response Plan များရေးဆွဲကြရန်နှင့် Standard Operating Procedure - SOP များရေးဆွဲထားကြရန်၊ ပြည်သူများအနေဖြင့်လည်း ဘေးအန္တရာယ်ဖြစ်ပွားလာပါက ဦးစွာတုံ့ပြန်မှုလုပ်ငန်းများကို စနစ်တကျထိရောက် မှန်ကန်စွာဆောင်ရွက်နိုင်ရန်၊ ငလျင်ဘေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့်ဇာတ်တိုက် လေ့ကျင့်ခန်းများ အကြိမ်ရေများများပြုလုပ်ထားရန်၊ ငလျင်ပြတ်ရွေ့ကြောပေါ်တွင် တည်ရှိသည့် မြို့၊ ရွာများကို လေ့လာဆန်းစစ်မှုများပြုလုပ်၍ လိုအပ်သည့်အစီအမံများ ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ ကြိုတင်ခန့်မှန်း၍ မရနိုင်သည့် ငလျင်ဘေးအန္တရာယ်ရင် ဆိုင်တုံ့ပြန်နိုင်ရေးနှင့် အမြဲအဆင်သင့်ဖြစ်နေစေရေးသည် အလွန်အရေးကြီးသည့်အတွက် ငလျင်ဘေး ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ဆန်းစစ်ကြရန်လို အပ်ပါကြောင်း။
၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် Earthquake Forum များကို ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါဖိုရမ်များတွင် ပညာရှင်များနှင့် သက်ဆိုင်ရာဌာနများမှ မြန်မာနိုင်ငံအပေါ် ငလျင်ဘေးအန္တရာယ်သက်ရောက်နိုင်မည့် အခြေအနေများနှင့်ဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး လူမှုရေးအဖွဲ့အစည်းများ၊ စိတ်ပါဝင်စားသူ ပြည်သူများအပါအဝင် တက်ရောက်လာသူများအားလုံးက ငလျင်ဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်သင့်သည့် အစီအမံများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဖော်ထုတ်ဆွေးနွေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် ကို ၂ဝ၁၇ ခုနှစ်ကစတင်၍ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခဲ့ပြီး ဆက်နွယ်ပတ်သက်သည့် ဌာနများ၊ အဖွဲ့အစည်းများနှင့်ဆွေးနွေးခြင်း၊ ဝန်ကြီးဌာနအသီးသီးသို့ သဘောထားမှတ်ချက် တောင်းခံခြင်းနှင့် လိုအပ်သလိုပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက်ပြီး Final Version အဖြစ်ပြုစုပြီးဖြစ်ပါကြောင်း၊ အဆိုပါစီမံချက်တွင် ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်း၊ သတင်းအချက်အလက်စီမံခန့်ခွဲခြင်း၊ အရင်းအမြစ်များနှင့် ရန်ပုံငွေများ ပြန်လည်ထူထောင်ရေးအဆင့်သို့ ကူးပြောင်းခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များကို ဖော်ပြထားပါကြောင်း။
ထို့ကြောင့် ယနေ့အခမ်းအနားတွင် အတည်ပြုဖြန့်ချိသည့် အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်ကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ကုလသမဂ္ဂနှင့်အပြည် ပြည်ဆိုင်ရာအစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် သေချာစွာလေ့လာဖတ်ရှုပြီး လိုအပ်သလို ရည်ညွှန်းအကောင်အထည်ဖော်ကြရန် အရေးကြီးပါကြောင်း၊ သို့မှသာငလျင်ဘေးကြောင့် အသက်အိုးအိမ် စည်းစိမ်ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို နှောင့်နှေးရပ်တန့်စေနိုင်မည့် အခြေအနေများကိုလည်း လျော့နည်းစေနိုင်မည်ဖြစ်ပါကြောင်း။
အခမ်းအနားသို့ တက်ရောက်လာကြသူများအနေဖြင့် အကြံပြုချက်များကို အချင်းချင်း အသိအမြင်ဖလှယ်ခြင်းဖြင့် နိုင်ငံအတွင်း ငလျင်ဘေးအန္တရာယ်ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ ပိုမိုသတိပြုမိလာမည်ဖြစ်ပါကြောင်းနှင့် ငလျင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များအတွက် နည်းပညာပိုင်းဆိုင်ရာ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ လက်တွေ့အကောင်အထည်ဖော်မှု ပိုင်းဆိုင်ရာ အားသာချက်အားနည်းချက်များအပေါ် သုံးသပ်၍ အားလုံးဟန်ချက်ညီညီ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အစီအမံများကို ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် UN Resident and Humanitarian Coordinator (ai), Mr. Knut Ostby က အမှာစကားပြောကြားသည်။
ယင်းနောက် အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်ရေးဆွဲမှု မှတ်တမ်းဗီဒီယိုကိုပြသသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးမင်းသူ၊ မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးတို့က ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးအတွက် လက်ရှိဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်ဦးဆောင်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိဏ်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြမိုးဝင်း၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ပါးရေးလုပ်ငန်းအဖွဲ့မှ ဒေါ်လတ်လတ်အေးတို့က ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်း ကောင်းဆွေးနွေးကြသည်။
သတင်းစဉ်


