နေပြည်တော် ၂၆ နိုဝင်ဘာ
အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး (၃/၂၀၁၉)ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန့်စင်မောင်၊ ဦးအုန်းဝင်းနှင့် ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးကျော်မျိုးနှင့် ဦးစိုးအောင်၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အကြံပေးအဖွဲ့ဝင်များ၊ ကျွမ်းကျင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဖွဲ့စည်းပြီးနောက် ရေနှင့်ဆက်နွှယ်သည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေအရင်းအမြစ်များ ထိရောက်စွာ စီမံခန့်ခွဲရေးနှင့် အကျိုးရှိစွာအသုံးချနိုင်ရေး၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိရောက်အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရေးတို့တွင် အထောက်အကူပြုနိုင်ရန်၊ ရေအရင်းအမြစ်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးရန် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးများကို ကျင်းပလျက်ရှိရာ ယခုအကြိမ်သည် (၁၁)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း။
ညှိနှိုင်းအစည်းအဝေးများမှတဆင့် ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ကော်မတီ၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ရေဆိုင်ရာပြဿနာများ ဖြေရှင်းမှုတို့တွင် ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း။
၂၀၁၈ ခုနှစ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ပြည်နယ်များနှင့် တိုင်းဒေသကြီးများတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ ပါဝင်ခဲ့ကြပြီး ရေကြီးရေလျှံမှု လျော့ပါးရေးအတွက် ကော်မတီများဖွဲ့စည်းမှု၊ ရေတို၊ ရေလတ်နှင့် ရေရှည် အစီအမံများ ရေးဆွဲဆောင်ရွက်မှုတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်များကို တွေ့ရှိရပါကြောင်း၊ ယခုနှစ်မိုးရာသီကာလ၌ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုနှင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြေပြိုမှုများဖြစ်ပွားခဲ့သည် ကိုတွေ့ရှိခဲ့ရပါကြောင်း၊ ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ နယ်သာလန်နိုင်ငံသို့ နှစ်နိုင်ငံ ပူးတွဲညှိနှိုင်းကော်မတီမှတစ်ဆင့် ဆက်သွယ်အကူအညီတောင်းခံချက်အရ စက်တင်ဘာလလယ်ခန့်တွင် နယ်သာလန်ပညာရှင်များပါဝင်သည့် Disaster Risk Reduction Team လာရောက်ခဲ့ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသော ဒေသများသို့ လေ့လာခဲ့ပါကြောင်း၊ လေ့လာမှုအစီရင်ခံစာကို အဆိုပါအဖွဲ့မှ ပေးပို့တင်ပြမည်ဖြစ်ပြီး ပေးပို့လာပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ဝန်ကြီးဌာနအဖွဲ့အစည်းများသို့ ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ပါကြောင်း။
ယခုအခါ မိုးတွင်းကာလကုန်ဆုံးပြီဖြစ်သဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါးမှု ပြဿနာများ ပေါ်ပေါက်လာနိုင်သည့် အလားအလာများရှိရာ သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ ရေရှားပါးမှုပြဿနာ ရေရှည်လျော့ပါးစေရေးအတွက် လတ်တလော ရေတိုဖြေရှင်းမှုများအတွက်သာမက ရေရှည်အစီအမံများကိုလည်း လျာထားတင်ပြ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ရေလှောင်တမံကြီးများမှတစ်ဆင့် သောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ ရေကြီးမှုနှင့် ရေရှားပါးမှုလျော့နည်းသက်သာစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ထည့်သွင်းစဉ်းစား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
သဘာဝသယံဇာတများ တူးဖော်ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေအရင်းအမြစ်များ ညစ်ညမ်းမှုလျော့ချရေးအတွက် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများအား မြေပြင်တွင် လိုက်နာမှု ရှိ၊ မရှိကို သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့ အစည်းများအနေဖြင့် အရေးတကြီးဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်အဖြစ် အလေးထား စစ်ဆေးကြပ်မတ်ပေးကြရမည် ဖြစ်ပါကြောင်း၊ ရတနာနယ်မြေများအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် မိုးရာသီကာလသစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများကို နှစ်စဉ်အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီနှင့် ရေဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်း နိုင်ငံများအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများ၊ စီမံကိန်းများ၊ လေ့လာမှုများသည်နိုင်ငံနှင့် နိုင်ငံသားအများစုအတွက် အမှန်တကယ် ထိရောက်အကျိုးရှိရန် လိုအပ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများအကြား လိုအပ်သလို ပူးပေါင်းညှိနှိုင်းပံ့ပိုး ပါဝင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့် ရေကဏ္ဍအပါအဝင် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရန် နှစ်စဉ်ဘဏ္ဍာငွေများစွာကို ကျခံဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ ဘဏ္ဍာငွေများသုံးစွဲကြရာတွင် ဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျကြီးကြပ် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
နိုင်ငံအတွက် အရေးတကြီးလိုအပ်နေသည့် အမျိုးသားရေဥပဒေပြုစုရေးနှင့် ပတ်သက်၍ အချိန်မီပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့် အဆိုပါရေဥပဒေတွင် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည့် ကိစ္စရပ်များနှင့် လိုအပ်ချက်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးတင်ပြကြစေလိုပါကြောင်း။
ကော်မတီနှင့် ဆက်နွှယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများရှိ ကော်မတီဝင်များနှင့် ကိုယ်စားလှယ်များအနေဖြင့် ရေနှင့်ဆက်နွှယ်သည့် လုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဝန်ကြီးဌာနအဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များ၊ အကြံပြုချက်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုပါကြောင်း၊ နိုင်ငံနှင့်ပြည်သူများအတွက် အကျိုးရှိစေသည့် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုစနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့်လည်း ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမျိုးသားရေဥပဒေ ထွက်ပေါ်လာရေးနှင့် စပ်လျဉ်းသည့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ နွေရာသီရေရှားပါးမှုအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မြစ်ချောင်းထိန်းသိမ်းမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မတီတွဲဖက်အတွင်းရေးမှူး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ (၂/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုပြီးစီးမှုများနှင့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဦးချိုချိုက ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ ရေကဏ္ဍအပေါ် သက်ရောက်မှုများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် အကြံပေးအဖွဲ့အတွင်းရေးမှူး ဒေါက်တာခင်နီနီသိန်းက ရေကဏ္ဍတွင် ပါဝင်ကူညီဆောင်ရွက်နေကြသည့် ပြည်တွင်းကုမ္ပဏီများအား အမျိုးသားအဆင့်ရေအရင်း အမြစ်ကော်မတီအနေဖြင့် လိုအပ်သလို စိစစ်ပံ့ပိုးပေးနိုင်ရန် အကြံပြုဆွေးနွေးတင်ပြသည်။
ထို့နောက် ရေနှင့်ဆက်နွှယ်သည့် လုပ်ငန်းဆောင်ရွက်မှုများ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးနိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်သွေးသွေးချစ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်းဆွေးနွေးအကြံပြု တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်


