နေပြည်တော် ၁၁ မတ် 

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သမ္မတရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

 

4800

 

အစည်းအဝေးသို့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးမောင်မောင်ဝင်း၊ ဦးကျော်မျိုး၊ ဒေါက်တာရဲမြင့်ဆွေနှင့် ဦးစိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အကြံပေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ဖွဲ့စည်းပြီးနောက် ရေနှင့်ဆက်နွယ်သည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရေအရင်းအမြစ်များကို ထိရောက်စွာစီမံခန့်ခွဲရေးနှင့် အကျိုးရှိစွာအသုံးချနိုင်ရန်၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ထိရောက်အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူပြုနိုင်ရန်၊ ရေအရင်းအမြစ် ကဏ္ဍဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးရန် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးများကို ကျင်းပလျက်ရှိပါကြောင်း။

ညှိနှိုင်းအစည်းအဝေးများမှတစ်ဆင့် ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ရေဆိုင်ရာပြဿနာများ ဖြေရှင်းမှုတို့အတွက် ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ နှစ်စဉ်မိုးတွင်းကာလ၌ တွေ့ကြုံရလေ့ရှိသည့် ရေကြီးရေလျှံမှုများ လျော့ပါးသက်သာရေး၊ နွေရာသီ၌ ကြုံတွေ့ရလေ့ရှိသည့် ရေရှားပါးမှုအခက်အခဲများ ဖြေရှင်းရေးတို့အတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ ရေကြီးရေလျှံမှုများနှင့် ရေရှားပါးမှုပြဿနာ ရေရှည်လျော့ပါးစေရေးအတွက် လတ်တလော ဖြေရှင်းမှုများအတွက်သာမက ကာလလတ်နှင့် ကာလရှည်အတွက် ဆောင်ရွက်ရမည့်အစီအမံများအတွက်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက လျာထားဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအနက် ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများ၊ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်း အလေးထား ဆောင်ရွက်ပေးကြစေလိုပါကြောင်း။ 

ယခုအခါ နွေရာသီကာလ ရောက်ရှိလာပြီဖြစ်သဖြင့် ယခင်နှစ်များကဲ့သို့ သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးမှုပြဿနာများအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများက တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း။

ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် မိုးရာသီကာလ သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများကို နှစ်စဉ် အရှိန်အဟုန်မပြတ်ဆောင်ရွက် ရေး၊ ရေထုညစ်ညမ်းမှု တားဆီးကာကွယ်ရန်အတွက် မြစ်ချောင်းများ၊ ကန်များစသည့် ရေအရင်းအမြစ်များနှင့် ရေနုတ်မြောင်းများအတွင်းသို့ အမှိုက်သရိုက်များ၊ စနစ်တကျ ပြုပြင်မထားသည့် ရေဆိုးများနှင့် စက်မှုလုပ်ငန်းသုံးရေများ စွန့်ပစ်မှုမရှိအောင် စောင့်ကြည့် ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့အစည်းများ ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း။

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းနိုင်ငံများ၊ အဖွဲ့အစည်းများလည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ကော်မတီအား ဖွဲ့စည်းပြီးနောက် ရေဆိုင်ရာလှုပ်ရှားမှုများကို ပံ့ပိုးပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း။

မိမိတို့ကော်မတီအနေဖြင့် အမျိုးသားရေဥပဒေ ပေါ်ပေါက်ရေးအတွက် ကော်မတီ၏ အကြံပေးအဖွဲ့နှင့် Task Force အဖွဲ့တို့က ဆောင်ရွက်လျက်ရှိရာ ဥပဒေမူကြမ်းအား အင်္ဂလိပ်ဘာသာဖြင့် ပြုစုပြီးဖြစ်ပြီး မြန်မာဘာသာသို့ ပြန်ဆိုလျက်ရှိပါကြောင်း၊ နိုင်ငံအတွက် အရေးတကြီးလိုအပ်နေသည့် အမျိုးသားရေဥပဒေပြဌာန်းနိုင်ရေးအတွက် အချိန်မီပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့်လည်း ချိတ်ဆက်နိုင်ရေး အလေးထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် နောက်ပိုင်းတွင် ရေနှင့်ဆက်နွယ်သည့် ဥပဒေ၊ နည်းဥပဒေများ မူကြမ်းပြုစုရာ၌ အမျိုးသားရေဥပဒေနှင့် ချိတ်ဆက်ဆောင်ရွက်ကြစေလိုပါကြောင်း။

ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှု စီမံကိန်းတွင် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီရုံးနှင့် Hydro Informatic Center အဆောက်အဦ တည်ဆောက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပန္နက်တင် မင်္ဂလာအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံတော်အနေဖြင့် ရေကဏ္ဍအပါအဝင် ကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်စေရန် နှစ်စဉ် ဘဏ္ဍာငွေများစွာကို ကျခံဆောင်ရွက်လျက်ရှိရာ ပြည်သူများအတွက် အကျိုးရှိစေမည့် စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးရန်နှင့် မြစ်ဝှမ်းဒေသအလိုက် လွှမ်းခြုံသည့် အမြင်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အလေးထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အဖွဲ့အစည်းအလိုက် တာဝန်ယူဆောင်ရွက်နေကြသည့် စီမံကိန်းလုပ်ငန်းများနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆက်နွယ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများက ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေ လိုပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များ၊ ဝန်ကြီးဌာနအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့အဖွဲ့အစည်းမှ ဆောင်ရွက်နေသည့် ရေနှင့်ဆက်နွယ်သည့် လုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အခြားဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များ၊ ကော်မတီ၏ ရှေ့ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုပါကြောင်း၊ နိုင်ငံနှင့်ပြည်သူများအတွက် အကျိုးရှိစေမည့် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုနှင့် ရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အားလုံး ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ၊ အမျိုးသား ရေဥပဒေထွက်ပေါ်လာရေးနှင့် စပ်လျဉ်းသည့် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ နွေရာသီ ရေရှားပါးမှုနှင့် မိုးရာသီ ရေကြီးရေလျှံမှုများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြစ်ချောင်းထိန်းသိမ်းမှုနှင့် ရေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေး အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကော်မတီတွဲဖက်အတွင်းရေးမှူး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ (၃/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ အမျိုးသား ရေဥပဒေပြုစုရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံတကာ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အကြံပေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာခင်နီနီသိန်းက Hydro Informatic Center တည်ဆောက်ပြီးစီးမှု၊ လူငယ်ရေပညာရှင်များလေ့ကျင့်ပျိုးထောင်ရေး အစီအစဉ်၊  နိုင်ငံတကာနှင့် ပူးပေါင်း၍ ရေဆိုင်ရာသုတေသနလုပ်ငန်းများ ဆောင်ရွက်မှု၊ ခေတ်နှင့်အညီ စံမီသော ရေစီမံခန့်ခွဲမှုစနစ် ဆောင်ရွက်နေမှု၊ Myanmar Official Water Portal Website ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက မြစ်ကမ်းထိန်းသိမ်းရေးနှင့် ရေလမ်းကြောင်း ကောင်းမွန်စေရေးတို့အတွက် ဘဏ္ဍာငွေလျာထားမှု၊ ညစ်ညမ်းရေများကို စနစ်တကျ စီမံခန့်ခွဲမှု၊ ရေဆိုးစွန့်ပစ်မှုနှင့် ရေပေးဝေမှု လုပ်ငန်းများ၊ သစ်တောများနှင့် ရေသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိ ပညာပေးဟောပြောပွဲများ ကျင်းပမှု၊ မြစ်ချောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု၊ ရေနှင့်ဆက်နွှယ်သည့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး ဦးတင်မြင့်နှင့် ဦးမောင်မောင်ဝင်းတို့က ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်းဆွေးနွေးအကြံပြု တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးကာ မိမိတို့ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးများမှ ရရှိလာသည့် ဆွေးနွေးချက်များနှင့် အကြံပြုချက်များသည် မိမိတို့နိုင်ငံ၏ ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုနှင့် ရေနှင့်ဆက်နွယ်သည့်လုပ်ငန်းများ၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း။

မိမိတို့ကော်မတီအနေဖြင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်စေရန် ရေနှင့် ဆက်နွယ်နေသည့် ကဏ္ဍများတွင်  ပံ့ပိုးဆောင်ရွက်လျက်ရှိရာ ရေအရင်းအမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေကဏ္ဍ တိုးတက်စေရေးအတွက် ပြည်သူများ၏ အသံကိုပါ အလေးထားနားထောင်၍ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုလုပ်ငန်းများ အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အားလုံးတက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပါကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်