နေပြည်တော် ၆ နိုဝင်ဘာ

အမျိုးသားမြေအသုံးချမှုကောင်စီ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတက အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များအနက် မြေယာစီမံခန့်ခွဲမှုနှင့် ဆက်စပ်နေသည့် လက်ရှိဥပဒေများကို လေ့လာဆန်းစစ်ပြီး အဆိုပါဥပဒေများကို လွှမ်းခြုံသည့် အမျိုးသားမြေဥပဒေကို အမျိုးသားမြေအသုံးချမှု မူဝါဒနှင့်အညီ ရေးဆွဲရမည့်လုပ်ငန်း တာဝန်သည် အနာဂတ်မြန်မာနိုင်ငံတွင် စနစ်တကျကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှု စနစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အလွန်အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း။

မြေယာစီမံခန့်ခွဲမှုစနစ်များနှင့် ဆက်စပ်ပြီး ယနေ့ဖြစ်ပေါ်နေသည့် ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများကို ပြောကြားလိုပါကြောင်း၊ မြေသယံဇာတအရင်းအမြစ်များသည် လူသားများအတွက် အခြေခံအကျဆုံးသဘာဝ သယံဇာတအရင်းအမြစ်များဖြစ်ပြီး စားနပ်ရိက္ခာ၊ သန့်ရှင်းသည့် ရေနှင့်ဇီဝမျိုးစုံမျိုးကွဲများ အပါအဝင် အခြားဂေဟစနစ် ဝန်ဆောင်မှုများကို မြေသယံဇာတအရင်းအမြစ်များမှ ထောက်ပံ့ပေးနေခြင်းဖြစ်ပါကြောင်း၊ မြေသယံဇာတအရင်းအမြစ်များက လူသားများအတွက် အခြေခံအကျဆုံး သဘာဝသယံဇာတအရင်းအမြစ်များ ဖြစ်သော်လည်း ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသည့် မှန်လုံအိမ်ဓါတ်ငွေ့များ (Greenhouse gases-GHGs) ထုတ်လွှတ်နိုင်သည့် အရင်းအမြစ်များလည်း ဖြစ်ပါကြောင်း၊ Intergovernmental Panel on Climate Change-IPCC ၏ အစီရင်ခံစာအရ ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကာလအတွင်း စိုက်ပျိုးရေး၊ သစ်တောနှင့် အခြားမြေအသုံးချမှုပြောင်းလဲခြင်း (Agriculture, Forestry and Other Land Use – AFOLU) ကဏ္ဍမှ မှန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု စုစုပေါင်း၏ ၂၃ ရာခိုင်နှုန်း ထုတ်လွှတ်ခဲ့မှုတွေ့ရှိရပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲလာခြင်း၏ ရိုက်ခတ်မှုဖြစ်သည့် ၂၀၀၈ ခုနှစ် သမိုင်းဝင် နာဂစ်မုန်တိုင်း၊ ယနေ့လက်ရှိတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံအနှံ့ အပြားရေလွှမ်းမိုးမှု၊ မြေပြိုမှု၊ အပူချိန်လွန်ကဲမှု အစရှိသည့် ပြင်းထန်လှသည့် မိုးလေဝသ ဖြစ်စဉ်များကို နှစ်စဉ်ပိုမိုပြင်းထန်စွာ ခံစားလာနေရမှုနှင့် လူမှုစီးပွားပျက်စီးဆုံးရှုံးရမှုတို့ကြောင့် ၁၉၉၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ထိခိုက်ခံစားလွယ်သည့် နိုင်ငံများအနက် တတိယအဆင့်တွင် ရပ်တည်နေခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးနှင့် လိုက်လျောညီထွေဖြစ် စေရေးအတွက် မြေသယံဇာတအရင်းအမြစ်များကို စနစ်တကျ စီမံခန့်ခွဲရန်လိုအပ်ပါကြောင်း။

၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက Agenda 2030 ခေါ်သည့် ဖွံ့ဖြိုးမှုစီမံချက် (New Development Plan) ကို သဘောတူညီ လက်ခံခဲ့ပြီး Agenda 2030 မှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်များ (Sustainable Development Goals- SDGs) (၁၇)ခု ပါဝင်ပါကြောင်း၊ ယင်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်အများစုသည် မြေယာစီမံခန့်ခွဲမှုနှင့် ဆက်နွှယ်နေပြီး ရည်မှန်းချက်အမှတ်စဉ် (၁၅)သည် ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်များကို ကာကွယ်ထိန်းသိမ်းပြီး ရေရှည်တည်တံ့စေ ရန်အသုံးပြုရေး၊ သစ်တောများရေရှည်တည်တံ့စေရန် စီမံခန့်ခွဲရေးနှင့် သဲကန္တာရများ ဖြစ်ထွန်းမှုပပျောက်စေရေး၊ မြေယာပြုန်းတီးမှု၊ ယိုယွင်းပျက်စီးမှု ရပ်တန့်စေရေးနှင့် ဇီဝမျိုးစုံ မျိုးကွဲများပြုန်းတီးမှု ရပ်တန့်စေရေးတို့ဖြစ်ပြီး မြေယာစီမံခန့်ခွဲမှုနှင့် အဓိကသက်ဆိုင်နေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

ထို့အပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀ခုနှစ်) (Myanmar Sustainable Development Plan - MSDP)၏ မဟာဗျူဟာ 5.5 မှာ သဘာဝအရင်းအမြစ်များ၏ အကျိုးအမြတ်များကို ပြည်သူအားလုံးရရှိ ခံစားရစေရေးအတွက် မြေယာစီမံခန့်ခွဲမှုနှင့် သယံဇာတအခြေပြုလုပ်ငန်းများ၏ ရေရှည်တည်တံ့သည့်စီမံခန့်ခွဲမှုတို့ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်ဖော်ပြထားပါကြောင်း။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေး၊ Agenda 2030 ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရည်မှန်းချက်များ ပြည့်မီစေရန်နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းပါ လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရေရှည်တည်တံ့ပြီး စနစ်တကျကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုစနစ်များ ပေါ်ထွန်းလာစေရေးသည် အထူးလိုအပ်လျက်ရှိပါကြောင်း။

 

KYS_2909

 

ယခုအခါ အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် မြေအသုံးချမှုစီမံခန့်ခွဲရေးနှင့် သက်ဆိုင်သည့် ဥပဒေအသီးသီးကို လွှမ်းခြုံနိုင်သည့် အမျိုးသားမြေဥပဒေရေးဆွဲရန်နှင့် အဆိုပါ အမျိုးသားမြေဥပဒေနှင့် တည်ဆဲမြေဥပဒေများ သဟဇာတဖြစ်စေရန်အတွက် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီကို အမျိုးသားမြေအသုံးချမှုကောင်စီ၏ အထောက်အကူပြုလုပ်ငန်း ကော်မတီတစ်ခုအဖြစ် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။

ထို့အပြင် အမျိုးသားမြေအသုံးချမှုကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် မြေအရင်းအမြစ်များ၏ သတင်းအချက်အလက်၊ မြေပုံများမှန်ကန်စေရေး၊ စနစ်တကျရေး ဆွဲထုတ်ပြန်ရေး၊ မြေအရင်းအမြစ်များစီမံခန့်ခွဲရာတွင် စနစ်တကျဖြစ်စေရေးအတွက် အမျိုးသားမြေအသုံးချမှု မူဝါဒလမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် (OneMap Myanmar) အကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာနိုင်ငံအမျိုးသား မြေပုံစနစ် (OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ မြေအသုံးချမှုစီမံအုပ်ချုပ်ရေးကိစ္စများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေနှင့် ပညာရပ်ဆိုင်ရာ အကြံဉာဏ်များ ပေးနိုင်ရေးအတွက် မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီတို့ကို အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။

အဆိုပါ လုပ်ငန်းကော်မတီများအနေဖြင့် လုပ်ငန်းများဆောင်ရွက်သည့်နေရာတွင် အမျိုးသားမြေအသုံးချမှုကောင်စီ၏ လမ်းညွှန်မှု၊ နည်းပညာအကြံပေးအဖွဲ့၏ပံ့ပိုးမှု၊ လုပ်ငန်း ကော်မတီများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)တို့၏ မြေအသုံးချမှုကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် မြေသယံဇာတများကို စနစ်တကျစီမံ အုပ်ချုပ်လုပ်ကိုင်ဖို့အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အစဉ်အမြဲသုံးသပ်ပြီး အဆိုပါလုပ်ငန်းတာဝန်များအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယနေ့အစည်းအဝေးမှာ ရှေ့ဆက်ဆောင်ရွက်ကြရမည့် လုပ်ငန်းများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေး ညှိနှိုင်းကြပါရန် ပြောကြားသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှု ကောင်စီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက တတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် စနစ်ကျကောင်းမွန်သော မြေယာစီမံခန့်ခွဲမှု တိုးတက်ဖြစ်ပေါ်လာစေရေးအတွက် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)နှင့် တိုင်းဒေသကြီး၊ ပြည်နယ် မြေအသုံးချမှုကော်မတီများ၊ အထောက်အကူပြု လုပ်ငန်းကော်မတီများအနေဖြင့် ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက အမျိုးသားမြေပုံစနစ်အွန်လိုင်းစနစ်(The OneMap Data Portal) အဓိကပါပါဝင်မည့် Spatial Data ဆိုင်ရာအချက်အလက်များအား ဆက်စပ်ဌာနများအလိုက် အသေးစိတ် သိရှိနိုင်ရန်နည်းပညာဆိုင်ရာအဖွဲ့မှ ဌာနအလိုက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းစီစဉ်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလွှမ်းမိုးက စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးတင်မြင့်နှင့် တာဝန်ရှိသူတို့က မြေယာအသုံးချမှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ကာလတို၊ ကာလရှည် ဆောင်ရွက်သွားမည့် အစီအမံများ၊ မြေအသုံးချမှုနှင့် လျှပ်စစ်ဓာတ်အားပိုမိုရရှိရေး ဆက်စပ်နေမှုအခြေအနေများ၊ အများပြည်သူအတွက် မဖြစ်မနေအသုံးချရမည့် မြေယာအသုံးချမှုကိစ္စရပ်များအတွက် ဥပဒေပြဋ္ဌာန်းပေးနိုင်ရေး၊ မြေအမျိုးအစားအလိုက် တည်ဆဲမြေယာစီမံခန့်ခွဲမှု ဥပဒေများနှင့် အညီဆောင်ရွက်နေမှု၊ မူဝါဒချမှတ်ပေးနေမှုနှင့် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နေမှု အခြေအနေ၊ OneMap Myanmar စီမံကိန်းလုပ်ငန်းများနှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အမျိုးသားမြေအသုံးချမှုကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဝန်ကြီးများက သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြေယာအသုံးချမှုစီမံခန့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အမျိုးသားမြေအသုံးချမှုကောင်စီက ခွင့်ပြုပေးနိုင်ရန်ကိစ္စရပ်များ၊ မြေယာအငြင်းပွားမှုကိစ္စများကို မှန်ကန်စွာဖြေရှင်းနိုင်ရေးအတွက် အမျိုးသားမြေဥပဒေပြဋ္ဌာန်းနိုင်ရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် သတ္ထုတူးဖော်ရေးလုပ်ငန်းများ စိစစ်ခွင့်ပြုပေးနိုင်ရေး၊ OneMap Myanmar စီမံကိန်းအတွက် နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်ထားရှိမှု၊ မြို့နယ်အချို့တွင် လျှပ်စစ်ကြိုး သွယ်တန်းနိုင်ရေးအတွက် မြေနေရာခွင့်ပြုပေးနိုင်ရေး၊ ဗဟိုနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့အကြား မြေယာမူဝါဒများအချိန်နှင့် တစ်ပြေးညီ အဆုံးအဖြတ်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြဆွေးနွေးကြသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

သတင်းစဉ်