နေပြည်တော် ၁၁ ဩဂုတ်

 

အမျိုးသားမြေအသုံးချမှုကောင်စီ၏ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊  ဦးဝင်းခိုင်နှင့် ဦးဟန်ဇော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ လုပ်ငန်းကော်မတီဝင်များ၊ နည်းပညာအကြံပေးအဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယသမ္မတက အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် အမျိုးသားမြေ အသုံးချမှုမူဝါဒနှင့် သက်ဆိုင်သည့် ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား မြေအသုံးချမှုကောင်စီကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၅ ဖြင့်ဖွဲ့စည်းခဲ့ရာ အချိန်ကာလအားဖြင့် ၂ နှစ် ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း။

 

အဆိုပါကာလအတွင်း အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် ပုံမှန်အစည်းအဝေးများကို ၆ လတစ်ကြိမ် ကျင်းပဆောင်ရွက်ခဲ့သည့်အပြင် အမျိုးသားမြေအသုံးချမှုကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းစဉ်များ စုပေါင်းဖော်ထုတ်နိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာ ဖိုရမ်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂ ရက်မှ ၃ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့ပါကြောင်း၊ ဖိုရမ်၏ရလဒ်များတွင် အမျိုးသားမြေအသုံးချမှုကောင်စီ၏ ဖွဲ့စည်းမှုဆိုင်ရာ ခိုင်မာစေခြင်း၊ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်စေခြင်း၊ အမျိုးသားမြေအသုံးချမှု စီမံကိန်းများနှင့် မြေအသုံးချမှုဇုန်များ ရေးဆွဲသတ်မှတ်ခြင်းနှင့်  မြေသတင်းအချက်အလက် စီမံခန့်ခွဲသည့်စနစ် တည်ထောင်ခြင်း စသည့် အချက်အလက်များပါဝင်ရာ အမျိုးသား မြေအသုံးချမှုကောင်စီအနေဖြင့် ဖိုရမ်ရလဒ်များနှင့် အညီကောင်စီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

1

 

အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကောင်စီ၏ အထောက်အကူပြုလုပ်ငန်းကော်မတီနှင့် အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီနဲ့ အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၊ မြေအသုံးချမှုစီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်း ကော်မတီနှင့် မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့တို့ကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း။

 

အဆိုပါလုပ်ငန်းကော်မတီများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသား မြေအသုံးချမှုကောင်စီ၏ လမ်းညွှန်မှု၊ နည်းပညာအကြံပေးအဖွဲ့၏ ပံ့ပိုးမှုများဖြင့် လုပ်ငန်းကော်မတီများ အချင်းချင်း လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရေးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တို့ရှိ မြေအသုံးချမှုကော်မတီများနှင့် လိုအပ်သလို အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

ထို့ပြင် အမျိုးသားမြေအသုံးချမှုကောင်စီက အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများဖြစ်ကြသည့် ဥရောပသမဂ္ဂ The European Union(EU)၊ ဆွစ်ဇာလန် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ Swiss Agency for Developmentand Cooperation (SDC) တို့အကြား တွေ့ဆုံဆွေးနွေးမှုမှတ်တမ်း Record of Discussion (RoD) ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း။

 

ယင်း RoD အရပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ်များမှာ အမျိုးသားမြေအသုံးချမှုမူဝါဒ လမ်းညွှန်မှုနှင့်အညီ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ဒေသအဆင့် ကော်မတီများ၊ လုပ်ငန်းကော်မတီများနှင့် နည်းပညာဆိုင်ရာအကြံပေးကော်မတီ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ ဦးစားပေးလုပ်ငန်း အစီအစဉ်များ ဖော်ထုတ်၍ မဟာဗျူဟာစီမံချက်ရေးဆွဲ အကောင်အထည်ဖော်ရန် အမျိုးသားအဆင့် ဖိုရမ်များ ကျင်းပခြင်း၊ အမျိုးသားမြေအသုံးချမှု မူဝါဒတွင် ဖော်ပြထားသည့် လမ်းညွှန်ချက်များကို ထိရောက်စွာအသုံးချပြီး အမျိုးသားမြေဥပဒေနှင့် ဥပဒေများ သဟဇာတဖြစ်ရေး အကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ်ကို မူကြမ်းရေးဆွဲခြင်းနှင့် အများပြည်သူများနှင့် ညှိနှိုင်းဆွေးနွေးမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံမြေသတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်ခြင်း၊  အမျိုးသားမြေအသုံးချမှုစီမံကိန်း ရေးဆွဲခြင်းနှင့် ဇုန်သတ်မှတ်ခြင်း၊ မြေကဏ္ဍပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းအဖွဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် အမျိုးသားမြေအသုံးချမှု ကောင်စီအတွင်းရေးမှူးရုံး၏ စွမ်းဆောင်မှု မြှင့်တင်ခြင်းစသည့်လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့် အခြားလုပ်ငန်းများ ဖြစ်ကြပါကြောင်း။

 

ထို့ပြင် အဆိုပါ RoD လက်မှတ်ရေးထိုးထားသည့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် EU က မြန်မာနိုင်ငံ မြေယာကဏ္ဍပြုပြင်ပြောင်းလဲမှု အထောက်အပံ့ပြုနိုင်ရေးအတွက် ဘက်စုံမြေအသုံးချမှုစီမံကိန်း ရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်းမြှင့်တင်ရေးဆိုင်ရာ စီမံကိန်း (Promoting Integrated Land Use Planning and Management in Myanmar) ကို ကူညီထောက်ပံ့ရန် စီစဉ်လျက်ရှိပါကြောင်း၊ ခန့်မှန်းကုန်ကျငွေယူရို (၅)သန်းဖြင့် စီမံကိန်းကာလ (၄)နှစ်ကြာမြင့်မည်ဖြစ်ပြီး FAO မှတစ်ဆင့် ကူညီပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းကို အမျိုးသားမြေအသုံးချမှုမူဝါဒ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် ပြည်သူများ၏ အကျိုးစီးပွားအလို့ငှာ ရေရှည်တည်တံ့စေမည့် မြေအသုံးချမှုစီမံခန့်ခွဲရေး၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ၊ ပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းကာကွယ်ရေးတို့ကို ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကူညီထောက်ပံ့ ပေးနိုင်ရေးနှင့် ပိုမိုထိရောက်သည့် မူဝါဒ၊ မူဘောင်များ ချမှတ်ဆောင်ရွက်ခြင်းကို မြှင့်တင်ပေးခြင်းဖြင့် ဘက်စုံမြေအသုံးချမှု စီမံကိန်းရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်းကို ဖြစ်ပေါ်လာစေရန် ရည်ရွယ်အကောင်အထည်ဖော်ရန် လျာထားသည်ကိုလည်း သိရှိရပါကြောင်း။

 

အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် မြေသယံဇာတများကို စနစ်တကျစီမံအုပ်ချုပ် လုပ်ကိုင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အစဉ်အမြဲသုံးသပ်ပြီး အဆိုပါလုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းနှင့် ယနေ့အစည်းအဝေးတွင် ရှေ့ဆက်ဆောင်ရွက်ကြရမည့် လုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးညှိနှိုင်းကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကောင်စီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက စတုတ္ထအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဘက်စုံမြေအသုံးချမှု စီမံကိန်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေး ဆောင်ရွက်နေမှု အခြေအနေနှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ သစ်တောဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က မြေအသုံးချမှုစီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ၏ ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ခေါင်းဆောင် ညွန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်ကအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလွှမ်းမိုးက စိုက်ပျိုးရေး ဖွံ့ဖြိုးမှုမဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ကောင်စီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့်  ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်တို့က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် မြေအသုံးချနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်မှု အခြေအနေ၊ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်အား စနစ်တကျ စိစစ်ဆောင်ရွက်နိုင်ရေး၊ စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန်များ ထူထောင်ရေးအတွက် မြေအသုံးချနိုင်ရေး၊  စားကျက်မြေနှင့် ကျေးရွာ ဘုံပိုင်မြေများထားရှိနိုင်ရေး၊  တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့အရ မြေပိုင်ဆိုင် အသုံးချမှု စီမံခန့်ခွဲနိုင်ရေး၊  ဆက်သွယ်ရေးတာဝါ တိုင်များတည်ဆောက်ခြင်း၊  ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများနှင့်  မဟာဓာတ်အားလိုင်းများ သွယ်တန်းခြင်းတို့အတွက် မြေအသုံးချမှုဆိုင်ရာ ကိစ္စရပ်များ၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများနှင့် အိမ်ရာစီမံကိန်းများ စနစ်တကျရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြို့ပြနယ်နိမိတ်အဝိုင်းဝန်း ပြန်လည်ဆန်းစစ်နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြသည်။

 

ယင်းနောက် ကောင်စီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်  မြေအသုံးချမှု ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို Video Conferencing စနစ်ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

 

သတင်းစဉ်