နေပြည်တော် ၃၀ ဇူလိုင်
စာရင်းအင်း အချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ အစည်းအဝေး (၂/၂၀၁၉)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စာရင်းအင်း အချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိနိုင်ငံနှင့် လိုက်လျောညီထွေရှိသော နိုင်ငံရေးနှင့် စီးပွားရေးစနစ်များ ချမှတ်ကျင့်သုံး ဆောင်ရွက်လျက်ရှိသော်လည်း တစ်ခုတည်းသော တူညီသည့် ရည်မှန်းချက်မှာ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်ပါကြောင်း၊ မိမိနိုင်ငံဖွံ့ဖြိုးရေးအတွက် မူဝါဒများချမှတ်ရာတွင် လည်းကောင်း၊ စီမံကိန်းများရေးဆွဲရာတွင်လည်းကောင်း၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် လည်းကောင်း၊ စီမံကိန်းများအား စောင့်ကြည့်အကဲဖြတ်ရာတွင်လည်းကောင်း အခြေခံစာရင်းအင်း အချက်အလက်များခိုင်မာရေးသည် အရေးကြီးကြောင်းကို နိုင်ငံအားလုံးက လက်ခံထားပါကြောင်း၊ ထို့ကြောင့် နိုင်ငံတိုင်းနီးပါးစာရင်းများ ကောက်ယူခြင်း၊ စုစည်းခြင်း၊ စိစစ်ခြင်းနှင့် ထုတ်ပြန်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ခိုင်မာသည့်ဥပဒေ၊ မူဘောင်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုလက်ရှိ မိမိတို့နိုင်ငံတွင် ကျင့်သုံးလျက်ရှိသော ဗဟိုထိန်းချုပ်မှုလျှော့ချသည့် စာရင်းအင်းစနစ်ကို ပိုမိုအားကောင်းလာစေရန်နှင့် အရည်အသွေးရှိသည့် မြန်မာနိုင်ငံအမျိုးသား စာရင်းအင်းစနစ် ဖော်ဆောင်နိုင်ရန် ခေတ်စနစ်နှင့်ကိုက်ညီသော မြန်မာနိုင်ငံစာရင်းအင်း ဥပဒေသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ၂၂ရက်မှစတင်၍ ဥပဒေသက်ရောက်နေပြီဖြစ်ပါကြောင်း၊ စာရင်းအင်း နည်းဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ဆောင်ရွက်ထားပါကြောင်း၊ ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာရင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာ (NSDS)ကို သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များနှင့် ပူးပေါင်း၍ NSDS Action Plan ကို Living Document အနေဖြင့်ထားရှိပြီး အသီးသီးအကောင်အထည် ဖော်ဆောင်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ယင်းကိစ္စများ ဆက်လက်ဆောင်ရွက်ရမည့် Clusters အဖွဲ့ဝင်များ အချင်းချင်း ပူးပေါင်ဆောင်ရွက်မှု ပိုမိုအားကောင်းလာသည်ကို တွေ့ရှိရပါကြောင်း။
မြန်မာနေထိုင်မှုအခြေအနေ စစ်တမ်း(၂၀၁၇)မှ ရရှိလာသည့်အချက်အလက်များကို စိစစ်လေ့လာ၍ အဓိကညွှန်ကိန်းများ အစီရင်ခံစာ၊ ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာနှင့် လူမှုစီးပွားဆိုင်ရာ အစီရင်ခံစာများကို ထုတ်ပြန်ရန် လျာထားရာ၌ ၂၀၁၈ ခုနှစ်ဇွန်လတွင် အဓိကညွှန်ကိန်းများ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီးဖြစ်သကဲ့သို့ ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာကို ၂၀၁၉ ခုနှစ် ဇွန်လတွင် ထုတ်ပြန်နိုင်ခဲ့ပါကြောင်း။
နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လိုအပ်သော မူဝါဒများကိုမှန်ကန်စွာ ချမှတ်နိုင်ရန် အစိုးရအနေဖြင့် တိကျမှန်ကန်သည့် စာရင်းအင်းကို လိုအပ်လျက်ရှိပါကြောင်း၊ လိုအပ် လျက်ရှိသည့် စာရင်းအင်းအချက်အလက်များ ရှေ့နောက်ညီညွတ်မှုရှိရန်၊ အချိန်နှင့်တပြေးညီ ရရှိရန်၊ ယုံကြည်ကိုးစားနိုင်သောခိုင်မာသည့် စာရင်းအင်းများဖြစ်ရန်နှင့် အရည်အသွေးပြည့်ဝရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ကော်မတီများအနေဖြင့် မိမိတို့၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ယုံကြည်ကိုးစားနိုင်သော ခိုင်မာသည့်စာရင်းအင်းများ၊ အရည်အသွေးပြည့်ဝသော စာရင်းအင်းများကို အချိန်နှင့်တစ်ပြေးညီ ကောက်ယူရရှိရန် အားထုတ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ကမ္ဘာ့နိုင်ငံအားလုံးတွင်လည်း နိုင်ငံတကာကတိကဝတ်များနှင့်အညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို အကောင်အထည်ဖော်ဆောင်လျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံ၏အခြေအနေနှင့်လျော်ညီသည့် ဖွံ့ဖြိုးမှုလိုအပ်ချက်များကို ထည့်သွင်းထားသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP) (၂၀၁၈-၂၀၃၀)ကို အကောင်အထည်ဖော်ဆောင်ရာ၌ တိုးတက်မှု၊ ထိရောက်မှုများကို စောင့်ကြည့်အကဲဖြတ်နိုင်စေရန် အမျိုးသားညွှန်ကိန်းမူဘောင်တစ်ရပ် ပေါ်ထွက်လာစေရေးဆောင်ရွက်ရာတွင်ယခု Final Draft ပြီးစီးပြီဖြစ်ပါကြောင်း၊ အဆိုပါမူကြမ်းတွင် ပါဝင်သောညွှန်ကိန်း ၂၈၄ ခုတွင် SDG ပါဝင်မှု ၄၀ ရာခိုင်နှုန်းရှိသည်ကို သိရှိရပါကြောင်း၊ အမျိုးသားညွှန်ကိန်း မူဘောင်ပေါ်ထွက်လာစေရေး ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ကိုလည်း သိရှိရပါကြောင်း။
စီမံကိန်းအကောင်အထည်ဖော်ဆောင်ရာတွင် ထိရောက်သည့် အောင်မြင်မှုရှိ၊မရှိကို ညွှန်ကိန်းများဖြင့် စောင့်ကြည့်အကဲဖြတ်ရန် အကောင်အထည်ဖော်ဆောင်မှုလုပ်ငန်းစဉ် အသီးသီးတွင် Data အချက်အလက်များနှင့် စာရင်းဇယားများကို မှတ်မှတ်သားသား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အမျိုးသားညွှန်ကိန်းမူဘောင် ပေါ်ပေါက်ရေး၊ Data ရရှိနိုင်မှုနှင့်တွက်ချက် တိုင်းတာရေးကိစ္စများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုသည် များစွာအရေးကြီးပါကြောင်း၊ စာရင်းအင်းထုတ်ပြန်ရာ၌ ညီညွတ်မျှတသောစာရင်းဖြစ်စေရန် စာရင်းကောက်ယူ စုဆောင်းရာတွင် Definition၊ Concepts များတူညီရန် လိုအပ်သည့်အတွက် ဌာနအချင်းချင်း စာရင်းအင်းအချက်အလက်များကို မျှဝေအသုံးပြု၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း။
ယနေ့ကာလတွင် ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် သဘာဝဘေး အန္တရာယ်များ ပိုမိုများပြားလာသကဲ့သို့ ပိုမိုအင်အားပြင်းထန်လာသည်ကိုလည်း မြင်တွေ့ရပါကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ အချက်အလက်များအပေါ် မူတည်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲသူများ အနေဖြင့် ဘေးအန္တရာယ်များ၏ ပြုပြင်ပြောင်းလဲလာသော သဘောသဘာဝများကို မျက်ခြေမပြတ်လေ့လာ၍ ရင်ဆိုင်တုံ့ပြန်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ ရေရှည်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် သဘာဝဘေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖြင့် ပြုစုထားရှိရန် လိုအပ်ပါကြောင်း။
အမျိုးသားစာရင်း အင်းစနစ်ကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်၊နိုင်ငံတကာ အဖွဲ့အစည်းများက ထုတ်ပြန်သည့်စာစောင်များတွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အချက်အလက်များကို အသိအမှတ်ပြုလက်ခံ ထည့်သွင်းဖော်ပြနိုင်ရေးဆောင်ရွက်နိုင်ရန်၊ ဆက်စပ်ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဝိုင်းဝန်းအဖြေရှာမှုကို အရှိန်မြှင့်ဆောင်ရွက်သွားနိုင်ရေး ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်း။
အရည်အသွေးပြည့်ဝ၍ တိကျမှန်ကန်သော စာရင်းအင်းများကို ရရှိအသုံးပြုနိုင်ခြင်းအားဖြင့် အစိုးရနှင့်ပြည်သူများအကြား၊ နိုင်ငံတကာအသိုင်းအဝိုင်းများအကြား ယုံကြည်မှုတိုးမြှင့်စေနိုင်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားစာရင်းအင်းစနစ် အရည်အသွေးပြည့်ဝမှသာ စီမံကိန်းရေးဆွဲသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ လူမှုစီးပွားသုတေသန ဆောင်ရွက်သူများ အားလုံးအနေဖြင့် မူဝါဒများချမှတ်နိုင်ရန် ထည့်သွင်းစဉ်းစားရာတွင် မှန်ကန်တိကျသောအချက်အလက်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
စာရင်းအင်းဥပဒေအရ အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် ဝန်ကြီးဌာနများအကြား၊ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား စာရင်းအင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားကို အချိတ်အဆက်မိစွာ အရှိန်အဟုန်ဖြင့် တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ကျင်းပသည့် အစည်းအဝေးတွင် အသေးစိတ်ဆွေးနွေးအကြံပြုတင်ပြကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက စာရင်းအင်းနည်းဥပဒေထွက်ရှိရေး၊ စာရင်းအင်းမှန်ကန်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပါဝင်ဆောင်ရွက်ရေးနှင့် စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က စာရင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးဗဟိုကော်မတီနှင့် လုပ်ငန်းအဖွဲ့များအလိုက် စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ခဲ့မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍အသေးစိတ် ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်နှင့် ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ စာရင်းအင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့် တက်ရောက်လာကြသူများက ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ စာရင်းအင်းဆိုင်ရာ လုပ်ငန်းအဖွဲ့များအလိုက် စာရင်းအချက် အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက တက်ရောက်လာကြသူများ၏ ဆွေးနွေးချက် အကြံပြုချက်များနှင့်စပ်လျဉ်း၍ စာရင်းအင်းအချက်အလက်မှန်ကန်မှုမှာ အမျိုးသား အဆင့်အတန်း တစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စာရင်းအင်းအချက်အလက် မှန်ကန်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရန်မှာ အရေးကြီးပါကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ စာရင်းအင်းပညာအသင်း ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


