နေပြည်တော် ၂၄ ဇန်နဝါရီ
စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးဗဟို ကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည် အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဒေါက်တာသန်းမြင့်၊ ဦးဟန်ဇော်၊ ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ စာရင်းအင်း ဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်နိုင်ရေးလုပ်ငန်း အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက စာရင်းအင်းဥပဒေအရကော်မတီကို ၂၀၁၈ ခုနှစ်အတွင်း အဆင့်မြှင့်တင်ဖွဲ့စည်းနိုင်ခဲ့ပြီး စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှုအမျိုးသားအဆင့် မဟာဗျူဟာရှေ့လုပ်ငန်းစဉ်များ(National Strategy For Development of Statistics Action Plan-NSDS Action Plan)ကိုပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိ ရပါကြောင်း၊ ၂၀၁၉ခုနှစ်အတွင်း တိုးတက်မှုများ ပိုမိုအရှိန်ရအောင်ဆက်လက် ဆောင်ရွက် ကြရန်တိုက်တွန်းလိုပါကြောင်း၊ အသစ်ပြန်လည် အဆင့်မြှင့်တင်ဖွဲ့စည်းလိုက်သည့် စာရင်း အင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးဗဟိုကော်မတီအနေဖြင့် ယခုအစည်းအဝေးသည် ဒုတိယအကြိမ်မြောက်အစည်းအဝေးဖြစ်ပါကြောင်း။
၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြဋ္ဌာန်းခဲ့သည့် စာရင်းအင်းဥပဒေသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ၂၂ရက်မှစတင်၍ ဥပဒေသက်ရောက်နေပြီဖြစ်ပါကြောင်း၊ စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာ (NSDS)ကို အကောင်အထည်ဖော်ဆောင်ရေး အတွက် စာရင်းအင်းကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့ (၁၀)ဖွဲ့ ဖွဲ့စည်းထားပါကြောင်း။
သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များအနေဖြင့် NSDS Action Plan ကို Living Document အနေဖြင့် ထားရှိအကောင်အထည်ဖော်ဆောင်လျက်ရှိနေကြသည်ကို သိရှိရပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရမည့် Clusters ဌာနများ အချင်းချင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုအား ကောင်းလာသည်ကိုသိရှိရပါကြောင်း။
စာရင်းအင်းမှန်ကန်ရေး၊ စာရင်းအင်းယူနစ်များသေချာစွာဖွဲ့စည်းဆောင်ရွက်ရေး၊ လိုအပ်သည့် Resource ခွဲဝေချထားရေးနှင့် သက်ဆိုင်ရာစာရင်းအင်းလုပ်ငန်းအဖွဲ့များထံ လမ်းညွှန်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရများ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများအား တိုက်တွန်းလိုပါ ကြောင်း။
စာရင်းအင်းဆိုင်ရာ အချက်အလက်ထုတ်ပြန်သူများနှင့် အချက်အလက်သုံးစွဲသူများ အကြားဆက်ဆံရေးကောင်းမွန်ရေး ၊ လိုအပ်နေသည့်စာရင်းအင်းများဖြည့်ဆည်းရေးနှင့် အကျိုးသက်ဆိုင်သူ Stakeholders များအကြား ပူးပေါင်းဆောင်ရွက်ရန်ပြုလုပ်သည့် Platform တစ်ရပ်အဖြစ် မြန်မာစာရင်းအင်းဖိုရမ်(၂၀၁၈)ကို ပထမအကြိမ်ကျင်းပနိုင်ခဲ့သည့် အတွက်လည်း ဂုဏ်ယူပါကြောင်း၊ အဆိုပါဖိုရမ်မှ Stakeholders များအကြား ပူးပေါင်း ဆောင်ရွက်ရန် Action Plan များပေါ်ပေါက် လာစေပါကြောင်း။
စာရင်းအင်းဆိုင်ရာအသိပညာ (Statistical Literacy) နှင့် အချက်အလက်များကို အသုံးပြုသည့် အလေ့အထ (Data Culture) ကို ဌာနဆိုင်ရာများ၌သာမကအများ ပြည်သူ နှင့် ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများအကြား၌ပါ ပြန်နှံ့အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စာရင်းအင်းပညာ ( Statistics Literacy) ကို မြှင့်တင်သည့်အနေဖြင့် စာရင်း အင်းနှင့်သက်ဆိုင်သည့် Stakeholders များအကြား ပူးပေါင်းဆောင်ရွက်ရန် Platform တစ်ခုအဖြစ် မြန်မာစာရင်းအင်းဖိုရမ်ကို တစ်နှစ်တစ်ကြိမ် ဆောင်ရွက်သင့်ပါကြောင်း။
ကမ္ဘာ့နိုင်ငံများအနေဖြင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် Sustainable Development Goals (SDGs) များကို အကောင်အထည်ဖော်ဆောင်နေကြသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီ သောဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP) ကို အတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း။
MSDP ရေးဆွဲရေးအတွက် လက်ရှိအခြေအနေကိုထင်ဟပ်သည့် စာရင်းအင်း အချက်အလက်များလိုအပ်ပါကြောင်း၊ MSDP ကို အကောင်အထည်ဖော်ဆောင်ရာတွင် အမျိုးသား ညွှန်းကိန်းမူဘောင် ( National Indicator Framework) သတ်မှတ်ဆောင်ရွက် တိုင်းတာမည်ဖြစ်ပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်မှုများ ထိရောက်သော အောင်မြင်မှုရှိ၊ မရှိကိုညွှန်ကိန်းများဖြင့်စောင့်ကြည့်အကဲဖြတ်ရန် အကောင်အထည် ဖော်ဆောင်မှု လုပ်ငန်းစဉ်အသီးသီးတွင် ဒေတာအချက်အလက်များစာရင်းဇယားများ မှတ်မှတ်သားသားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ အမျိုးသားညွှန်းကိန်းမူဘောင် ပေါ်ပေါက်ရေး၊ Data ရရှိနိုင်မှု၊ တွက်ချက်တိုင်းတာရေးကိစ္စများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးပါကြောင်း။
စာရင်းအင်းဥပဒေကို အကောင်အထည်ဖော်သည့်အနေဖြင့် နိုင်ငံဖွံ့ဖြိုးရေးတွင် ခိုင်မာသည့် မြေပြင်စာရင်းအင်းအချက်အလက်အမှန်များဖြစ်စေရေးနှင့် အချိန်နှင့်တစ်ပြေး ညီရှိရေး၊ ရှေ့နောက်ညီညွတ်မှုရှိရေး၊ Stakeholder အားလုံးပါဝင်ဆောင်ရွက်ရေး၊ ဝန်ကြီး ဌာနများအကြား၊ ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအကြား စာရင်းအင်း ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုယန္တရားကို အချိတ်အဆက်မိမိ အရှိန်အဟုန်မြှင့် တိုးချဲ့ ဆောင်ရွက်ကြစေလိုပါကြောင်း။
ယနေ့ ကျင်းပပြုလုပ်သည့် စာရင်းအင်းအချက်အလက်များမှန်ကန်ရေးနှင့် အရည် အသွေးပြည့်ဝရေးဗဟိုကော်မတီအစည်းအဝေးတွင် အသေးစိတ်ဆွေးနွေးအကြံပြု တင်ပြ ကြရန်နှင့် ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များအနေဖြင့်တက်ကြွစွာ ပါဝင်ဆောင်ရွက် နိုင်ကြရန်တိုက်တွန်းအပ်ပါကြောင်း။
“စာရင်းအင်းအချက်အလက်များ အရည်အသွေးမြင့်လေ….လူမှုဘဝပိုကောင်းလေ” “ Better Data, Better Statistics, Better Life” ဆိုသည့်အတိုင်း နိုင်ငံ တစ်နိုင်ငံ၏ အမျိုးသားစာရင်းအင်းစနစ် အရည်အသွေးပြည့်ဝမှသာလျှင် မူဝါဒချမှတ်သူ၊ စီမံကိန်းရေးဆွဲ သူ၊ ပုဂ္ဂလိကလုပ်ငန်းရှင်၊ လူမှု-စီးပွားသုတေသန ဆောင်ရွက်သူစသည်ဖြင့် အားလုံး အတွက် ချမှတ်သည့်ဖွံ့ဖြိုးမှုမူဝါဒများ၊ စီမံကိန်းများနှင့်စီးပွားရေး ဝန်းကျင်ကောင်းများကို ဖန်တီးနိုင်မည့် မူဝါဒထည့်သွင်းစဉ်းစားရန် အချက်များရရှိနိုင် မည်ဖြစ်ပါကြောင်း၊ ကောင်းမွန်သည့် အကျိုးဆက်များရရှိစေရေးအတွက် စာရင်းအင်းအချက်အလက်များ တိကျမှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်သူတို့၏ လူနေမှုဘဝများကို မြှင့်တင်ပေးနိုင်ရန်အချက်ပြမည့် စာရင်းအင်းစနစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပုဂ္ဂလိကကဏ္ဍ ၊ လူမှုအဖွဲ့အစည်းများ၊ မီဒီယာ ကိုယ်စားလှယ်များနှင့်အတူ တိုးတက်မှုများ ဆက်လက်တည်တံ့စေရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက စာရင်း အင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ အရည်အသွေး ပြည့်ဝသည့် စာရင်းအင်းကိန်းဂဏန်းများ ထုတ်ပြန်နိုင်ရေး၊ စာရင်းအင်းဆိုင်ရာလွှမ်းခြုံမှု အားကောင်းစေရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင် က စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးကော်မတီ အစည်းအဝေးကျင်းပခဲ့မှုများ၊ စာရင်းအင်းအချက်အလက် မှန်ကန် ရေးနှင့် အရည်အသွေးပြည့်ဝရေးဗဟိုကော်မတီအစည်းအဝေး (၁/၂၀၁၈) ဆုံးဖြတ်ချက် များ၊ စာရင်းအင်းနည်းဥပဒေထုတ်ပြန်နိုင်ရေး ဆောင်ရွက်ခဲ့မှုများ၊ လုပ်ငန်းအဖွဲ့ (၁၀)ဖွဲ့၏ အစည်းအဝေးကျင်းပဆောင်ရွက်ခဲ့မှုများ၊ စစ်တမ်းကောက်ယူမှုများ၊ လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးဆောင်ရွက်မှုများ၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ဝေလျက်ရှိ သည့် Publication များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဒေါက်တာသန်းမြင့်၊ ဦးဟန်ဇော်၊ ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက စာရင်းအင်းအချက်အလက်မှန်ကန်ရေး၊ အရည်အသွေးပြည့်ဝရေး တို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် စာရင်းအင်းဆိုင်ရာလုပ်ငန်းအဖွဲ့ခေါင်းဆောင်များကကဏ္ဍအလိုက် စာရင်းအင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ တိရိစ္ဆာန်ကောင်ရေ စာရင်းအင်းကောက်ယူမှု အခြေအနေများနှင့် နှစ်လယ်သန်းခေါင်စာရင်းကောက်ယူခြင်း ဆိုင်ရာလုပ်ငန်းစဉ်များ အားရှင်းလင်းတင်ပြကြသည်။
ထို့နောက်စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ရှင်းလင်းဆွေးနွေး တင်ပြချက် များနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးပြီးနိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးသည် အဆိုပါနိုင်ငံ၏ ပုံရိပ်တစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ ပုံရိပ်ကောင်းမွန် ရေးအတွက် နိုင်ငံ၏ စာရင်းအင်းအချက်အလက်များသည်မှန်ကန် ပြီးအရည်အသွေးပြည့်ဝ ရန်လိုအပ်ပါကြောင်း၊ စာရင်းအင်းအချက်အလက်များနှင့်ပတ် သက်၍ Data Base Centre အားအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊ နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာတွင် စာရင်းအင်းအချက်အလက်များဖြင့် စီမံကိန်းများကို ရေးဆွဲရပါကြောင်း၊ အလားတူစီမံကိန်းများအကောင် အထည်ဖော်ဆောင်ရွက်ရာ တွင်လည်း စာရင်းအင်းအချက်အလက်များဖြင့် ပြန်လည်ဆန်းစစ်ရပါကြောင်း၊ ထို့ကြောင့် စာရင်းအင်းအချက်အလက်များမှန်ကန်စွာရရှိရေးသည် နိုင်ငံအတွက် အရေးကြီးသည့် ကိစ္စရပ်ဖြစ်သည့်အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
စာရင်းအင်းအရည်အသွေး ပြည့်ဝရေးလုပ်ငန်းရပ်များသည် ကာလတိုအတွင်း ချက်ချင်းလက်ငင်းဆောင်ရွက်၍မရဘဲရေရှည်ဆောင်ရွက်သွားကြရမည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါကြောင်း၊ ပထမအနေဖြင့် စာရင်းအင်းမှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ဖြစ်ပြီးဒုတိယမှာရရှိပြီးစာရင်းအင်းအချက်အလက်များကို လက်တွေ့အသုံး ချနိုင်ရန် တွန်းအားပေးဆောင်ရွက်စေလိုပါကြောင်း၊ နှစ်လယ်သန်းခေါင်စာရင်းနှင့် စိုက်ပျိုးရေးသန်းခေါင်စာရင်းကောက်ယူနိုင်ရေး ပြင်ဆင်မှုများတွင်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ စာရင်းအင်းအချက်အလက်များ မှန်ကန်မှသာ လက်ရှိ ဖြစ်ပေါ်နေသည့် စီးပွားရေး၊ လူမှုရေးအခြေအနေများကိုထင်ဟပ်စေနိုင်မည် ဖြစ်ပါ ကြောင်း၊ သို့မှသာမူဝါဒများကို လိုအပ်သလိုပြုပြင်ပြောင်းလဲခြင်း၊ စီမံကိန်းနှင့် ဘတ်ဂျက်ခွဲ ဝေဆောင်ရွက်နိုင်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အကဲဖြတ်ခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်းပြောကြားသည်။
(သတင်းစဉ်)