ဖလမ်း ၂၇ အောက်တိုဘာ
ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးရန် ဟားခါးမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီခွဲတွင် ဆူရ်ဘုန်လေယာဉ်ကွင်း လေကြောင်းဆက်သွယ်ရေးစခန်းမှ မြန်မာအမျိုးသားလေကြောင်းလိုင်း ATR 72-600 လေယာဉ်စမ်းသပ် ဆင်းသက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတသည် ဆူရ်ဘုန်လေယာဉ်ကွင်း၌ လေယာဉ်မှူးကြီးများဖြစ်ကြသည့် ကပ္ပတိန် ဇော်မင်းဦး၊ ကပ္ပတိန် မင်းသူဇော်နှင့် တာဝန်ရှိသူများအား တွေ့ဆုံနှုတ်ဆက်သည်။
ယင်းနောက် ဒုတိယသမ္မတသည် လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်း၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဂုဏ်ထူးဆောင်အကြံပေး ဦးခင်မောင်မြင့်၊ လေယာဉ်မှူးကြီးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ညွန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်း၊ ဂုဏ်ထူးဆောင်အကြံပေး ဦးခင်မောင်မြင့်နှင့် လေယာဉ်မှူးကြီး ကပ္ပတိန် ဇော်မင်းဦးတို့က ဆူရ်ဘုန်လေဆိပ်နှင့် စပ်လျဉ်း၍ လေယာဉ်ကွင်းတည်ဆောက်ခဲ့မှု အခြေအနေများနှင့် လေယာဉ်စမ်းသပ်ဆင်းသက်စဉ် တွေ့ကြုံရသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက လေယာဉ်စမ်းသပ်ဆင်းသက်ခဲ့သည့် ယနေ့သည် ချင်းပြည်နယ်အတွက် မေ့ပျောက်၍မရသည့် သမိုင်းမှတ်တမ်းဝင်နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ လေယာဉ်ကွင်း အောင်မြင်အောင် တည်ဆောက်ပြီးစီးရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြသည့် ချင်းပြည်နယ်အစိုးရ၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပညာရှင်များနှင့် တာဝန်ရှိသူများအား နိုင်ငံတော်အစိုးရကိုယ်စား၊ ချင်းတိုင်းရင်းသားများကိုယ်စား၊ ချင်းတိုင်းရင်းသားတစ်ဦးအနေဖြင့် အသိအမှတ်ပြု ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဆူရ်ဘုန်လေဆိပ်သည် မြန်မာနိုင်ငံရှိ လေဆိပ်များအနက် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးတွင် တည်ရှိပြီး တည်ဆောက်ရာတွင် အခက်ခဲဆုံး လေဆိပ်တစ်ခုဖြစ်ပါကြောင်း၊ ပြည်ပပညာရှင် မပါဘဲ နိုင်ငံသားပညာရှင်များဖြင့်သာ တည်ဆောက်ခဲ့သည့် လေဆိပ်တစ်ခုအဖြစ် မှတ်တမ်းတင် ဂုဏ်ယူကြရမည်ဖြစ်ပါကြောင်း၊ လေဆိပ်၌တပ်ဆင်ထားသည့် လေကြောင်းလမ်းညွှန်စက်သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော တောင်ပေါ်ဒေသသုံးလေကြောင်း လမ်းညွှန်စက်ဖြစ်ပါကြောင်း၊ လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများကို စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ စိမ်းလန်းစိုပြည် သာယာလှပသော လေဆိပ်တစ်ခု ဖြစ်စေရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များက လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများနှင့် လေယာဉ်မှူးကြီးများအား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
ယင်းနောက် ဒုတိယသမ္မတသည် ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ပြီးစီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ချင်းပြည်နယ်၏ ပထမဆုံးသော လေကြောင်းဝင်ပေါက်ဖြစ်သည့် ဆူရ်ဘုန်လေဆိပ်သည် ဖလမ်းမြို့၏ အနောက်မြောက်ဘက် ၈ မိုင် ၅ ဖာလုံအကွာ၊ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၆၀၀၀ ရှိ ဆူရ်ဘုန်တောင်ကြောတွင် တည်ရှိပြီး ငွေကျပ် ၃၅ ဒသမ ၁၉၁ ဘီလီယံ အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လေယာဉ်ကွင်း မြေဧရိယာ ၁၂၅၄ ဒသမ ၇၃ ဧကရှိပြီး လေယာဉ်ပြေးလမ်း အလျားပေ - ၆၀၀၀၊ အကျယ်ပေ- ၁၀၀ ရှိကာ လေယာဉ်ပြေးလမ်းသည် Flexible Pavement အမျိုးအစားဖြစ်သည်။ လေယာဉ်ပြေးလမ်း ခံနိုင်ရည် ၅၁၀၀၀ ပေါင်(23000 Kg) ရှိကာ ATR 72 – 500/ 600 လေယာဉ်များ ဆင်းသက်နိုင်မည်ဖြစ်သည်။ လေယာဉ်ပြေးလမ်းအရှိန်သတ်အစွန်း (Over run) သည် အလျားပေ - ၂၀၀၊ အကျယ် ပေ - ၁၀၀ နှင့် လေယာဉ်ရပ်နားရန်နေရာ အလျားပေ ၂၅၀၊ အကျယ်ပေ ၂၅၀ ရှိပြီး လေဆိပ်အဆောက်အအုံသည် အလျား-၁၅၆ ပေ၊ အကျယ် - ၈၄ ပေရှိ၍ လေဆိပ်တွင် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်ကောင်တာကို ဖွင့်လှစ်ထားရှိပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအနေဖြင့် ချင်းပြည်နယ်၏ ခရီးသွားဆွဲဆောင်မှုများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များကို စုံစမ်းသိရှိနိုင် မည်ဖြစ်ကာ Digital Informational stand မှတစ်ဆင့် www.chintravel.com.mm သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းနှင့် ခရီးသွားဧည့်သည်များအနေဖြင့်လည်း ခရီးသွားအတွေ့အကြုံများကို ပြန်လည်ဝေငှကာ ချင်းပြည်နယ်ကို ပိုမိုလည်ပတ်စေနိုင်မည့် ခရီးစဉ်ဒေသတစ်ခုအဖြစ်ဖော် ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆူရ်ဘုန်လေဆိပ်ကို ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ချင်းပြည်နယ်သို့ အချိန်တိုအတွင်း သွားလာလည်ပတ်နိုင်ရန်နှင့် ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ မြန်မာနိုင်ငံအတွင်းရှိ ဒေသများသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါလေဆိပ်တည်ရှိခြင်းကြောင့် တောင်တန်းထူထပ်ပေါများသည့် ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေခြင်း၊ လူမှုရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များ တိုးတက်လွယ်ကူလျင်မြန်စေခြင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးလုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာခြင်း၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း၊ နိုင်ငံတော်၏ လူမှုစီးပွားတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခြင်းနှင့် တောင်ပေါ်နှင့်မြေပြန့် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိခံစာ နိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


