နေပြည်တော် ၁၁ ဇန်နဝါရီ
ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဒုတိယအကြိမ် အစည်း အဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ နာယက ဒုတိယသမ္မတက ယနေ့ကျင်းပသည့် အစည်းအဝေးသည် ဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ စတင်ဖွဲ့စည်းပြီးနောက် ဒုတိယအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ပါကြောင်း၊
ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီကို ဒီဂျစ်တယ် နည်း ပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ထူထောင်ပြီး တိုင်းပြည်၏ ဝင်ငွေရှာဖွေရန်၊ လက်ရှိစီးပွားရေးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ် ရေး၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများတွင် ဒီဂျစ်တယ် နည်းပညာ ကို အသုံးပြုပြီး ယှဉ်ပြိုင်နိုင်မှု စွမ်းရည်၊ ထုတ်လုပ်မှု စွမ်းဆောင်ရည်များကို မြင့်တင်ရန်နှင့် တိုင်းပြည်၏ဝင်ငွေ ပိုမိုရှာဖွေနိုင်ရန်၊ ကျေးလက်ဒေသနေ ပြည်သူများအပါအဝင်၊ ပြည်သူအားလုံးက ဒီဂျစ်တယ် နည်းပညာကိုအသုံးပြုပြီး လူနေမှုအဆင့်အတန်း မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါ ကြောင်း။
၂ဝ၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံများအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးက ရရှိသည့် ဝင်ငွေသည့် အမေရိကန်ဒေါ်လာ ၁၅ဝ ဘီလီယံရှိပြီး ၂ဝ၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ တစ်ထရီလီယံအထိ တိုးမြင့်လာမည်ဟု ခန့်မှန်းထားပါ ကြောင်း၊ အလားတူ ၂ဝ၁၆ ခုနှစ် တစ်ကမ္ဘာလုံး၏ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်း မှရရှိသည့် ဝင်ငွေသည် တစ်ကမ္ဘာလုံး ဂျီဒီပီ၏ ၁၅ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂ဝ၂ဝ ပြည့်နှစ်တွင် ၂၅ ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါကြောင်း၊ ကမ္ဘာပေါ်တွင် ဒီဂျစ်တယ်စီးပွားရေး တိုးတက်မှုနှုန်းသည် အခြား စီးပွားရေးကဏ္ဍများ၏ တိုးတက်မှုထက် ၂ ဒသမ ၅ ဆ ပိုမြင့်ပြီး ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းက အခြားစီးပွားရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံခြင်းထက် ၆ ဒသမ ၇ ဆ အကျိုးအမြတ် ပိုမိုရရှိသည်ဟု စစ်တမ်းများ အရ လေ့လာသိရှိရပါကြောင်း။
ထို့ပြင် ဒီဂျစ်တယ်နည်းပညာ တိုးတက်မှုကြောင့် နောင်လာမည့်ဆယ်စုနှစ် လူသားမျိုးနွယ်အတွင်း ပြောင်းလဲတိုးတက်မှုများသည် ကမ္ဘာ့သမိုင်းတစ်လျှောက် ပြောင်းလဲမှုများအနက် အလျင်မြန်ဆုံး ပြောင်းလဲမှုများ ဖြစ်လာလိမ့်မည်ဟု ပညာရှင် များက ခန့်မှန်းထားပါကြောင်း၊ အဆိုပါ တိုးတက်ပြောင်းလဲမှုလှိုင်းများတွင် မိမိတို့ နိုင်ငံအနေဖြင့် နောက်ကျမကျန်ရစ်စေရန်နှင့် စဉ်ဆက်မပြတ် လိုက်ပါနိုင်ရန် ကြိုးပမ်းအားထုတ်ရန် လိုပါကြောင်း။
ဒီဂျစ်တယ်စီးပွားရေးသည် ကဏ္ဍတိုင်းတွင် တိုးတက်မှုရှိအောင် ဒီဂျစ်တယ် နည်းပညာဖြင့် ဆန်းသစ်ပြောင်းလဲခြင်းဖြစ်ပါကြောင်း၊ Digital Economy (ဒစ်ဂျစ် တယ်စီးပွားရေး)ကို တချို့က Digital Trade ၊ e-Commerce ဟုလည်း ပြောဆို ကြပျါကြောင်း၊ ထို့ပြင် Digital Economy တွင် e- Government ၊ e-Community တို့လည်း ပါဝင်မည်ဖြစ်ပြီး အရေးကြီးသည့်ကဏ္ဍ တစ်ခုမှာ စတုတ္ထ မြောက် စက်မှုတော်လှန်ရေး(4th Industrial Revolution) ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံတွင် မိုဘိုင်းဖုန်း သုံးစွဲသူအားလုံး၏ ၈၀ ရာခိုင်နှုန်းအထက် သည် Smart Phone များ သုံးစွဲနေခြင်းဖြစ်ပြီး အဆိုပါရာခိုင်နှုန်းသည် အရှေ့တောင်အာရှနှင့် အိမ်နီးချင်းနိုင်ငံများအကြား မြင့်မားသည့် နှုန်းတစ်ခု ဖြစ်ပါ ကြောင်း၊ ယင်းအချက်သည် မိမိတို့နိုင်ငံ၏ ဒီဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အတွက် ခုန်ပျံကျော်လွှား (Leapfrog)လုပ်နိုင်ရန် အကောင်းဆုံး အခွင့်အရေး တစ်ခု၊ အားသာချက်တစ်ခု ဖြစ်ပါကြောင်း၊ ယင်းအားသာချက်အပေါ် မူတည်ပြီး စတုတ္ထမြောက် စက်မှုတော်လှန်ရေး အသွင်ကူးပြောင်းမှုကို လိုက်ပါဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် စက်မှုအသွင်ကူးပြောင်းမှုတိုင်းတွင် ပြည်သူများ အတွက် လိုအပ်သည့်ကျွမ်းကျင်မှုနှင့် နည်းပညာအသစ်များ ရရှိနိုင်ရန် ဒီဂျစ်တယ် နည်းပညာနှင့် အပြန်အလှန် ချိတ်ဆက်ထားသည့် လူ့အဖွဲ့အစည်းတစ်ခုဖြစ် အောင် ဖန်တီးပေးရန်လိုအပ်ပါကြောင်း၊ သို့မှသာ မြို့ပြနှင့်ကျေးလက်နေ ပြည်သူများမှ လူမှုကွန်ရက်နှင့် ဖျော်ဖြေရေး အဆင့်များထက်ကျော်လွန်ပြီး ပိုမိုအကျိုးရှိ သည့် ဒီဂျစ်တယ်ဝန်ဆောင်မှုဆိုင်ရာ အီလက်ထရွန်းနစ် ကုန်သွယ်ရေး၊ အီလက် ထရွန်းနစ်ကျန်းမာရေး၊ အွန်လိုင်းပညာရေးနှင့် အခြားသော ဝန်ဆောင်မှုများကိုပါ လက်လှမ်းမီနိုင်လာမည် ဖြစ်ပါကြောင်း။
ဒီဂျစ်တယ် နည်းပညာကို အသုံးပြုပြီး ဒီဂျစ်တယ် စီးပွားရေး ထူထောင်ကာ တိုင်းပြည်၏ဝင်ငွေရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အလားတူ နိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်း များနှင့် SME စက်မှုလက်မှု လုပ်ငန်းများကို နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိအောင် ဒီဂျစ်တယ်နည်းပညာဖြင့် ပြန်လည်မြှင့်တင်ပေးသွားရမည်ဖြစ်ပါကြောင်း။
အထူးသဖြင့် E-Commerce၊ Digital Payment၊ Digital Market များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် အားပေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထို့ပြင် အစိုးရဌာနများ၏ ပြည်သူ့ဝန်ဆောင်မှုများ၊ ငွေပေးချေမှုများကို ဒီဂျစ်တယ်ကွန်ယက်ပေါ်မှ အသုံးပြုနိုင်အောင် အားပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ ဖြစ်ထွန်းလာအောင် နည်းပညာနှင့်ဆိုင်သည့် လုပ်ငန်းသစ်များပေါ်ထွက်လာရန် တီထွင်ဖန်တီးနိုင်မှုနှင့် စွန့်ဦးတီထွင်နိုင်မှုစွမ်းရည်ရှိသည့် စီးပွားရေးဂေဟစနစ် (Innovation & Entre- preneurship Ecosystem) ရှင်သန်ရန် လိုအပ်ပါကြောင်း။
ထို့ပြင် ကဏ္ဍတိုင်း ဒီဂျစ်တယ်စနစ် အသွင်ကူးပြောင်းနိုင်ရန် (Digital Transformation) လိုအပ်ပါကြောင်း၊ ဒီဂျစ်တယ် စီးပွားရေးဂေဟစနစ် (Digital Economy Ecosystem) ရှင်သန်လာအောင် နိုင်ငံတကာ နည်းပညာကုမ္ပဏီများ လာရောက် ရင်းနှီးမြှုပ်နှံလာစေရန်၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမည့် ငွေကြေး အရင်းအမြစ်များ ဝင်ရောက်လာစေရန်နှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် စီးပွားရေးပတ်ဝန်းကျင် အခြေအနေကောင်းများ ဖန်တီးဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။
ဒီဂျစ်တယ်စီပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော်ရာတွင် တစ်ဖက်ကိုပြန်ကြည့်ပါက သမားရိုးကျ ရောင်းဝယ်ပြုလုပ်နေသည့် လုပ်ငန်းများ ဆုံးရှုံးခြင်း၊ သတင်းအချက်အလက် နည်းပညာနှင့် အကျွမ်းတဝင်မရှိသည့် လုပ်သားများ အလုပ်လက်မဲ့ ဖြစ်လာနိုင်ခြင်း စသည့် Digital Disruption ကြောင့် ဖြစ်လာနိုင်သည့် သက်ရောက်မှုများကို မျှော်မှန်းပြီး မိမိနိုင်ငံနှင့် အသင့်လျော်ဆုံး ဖြစ်စေမည့် အစီအမံများကို ရေရှည်အတွက် မျှော်တွေးပြီး စဉ်းစားဆောင်ရွက် ထားရန်လည်း လိုအပ်ပါကြောင်း၊ ယင်းစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် လူငယ်များကို တီထွင်ကြံဆနိုင်မှု အတွေးအခေါ်များ ရှင်သန်လာအောင် ဖန်တီး ပေးသွားရမည်ဖြစ်ပါကြောင်း၊ စွန့်ဦးတီထွင်မှုနှင့်ပတ်သက်ပြီး ကူးသန်းရောင်းဝယ် မှု၊ စက်မှု၊ ကုန်သွယ်မှုတို့သာမက ကဏ္ဍမျိုးစုံ ဖွံဖြိုးတိုးတက်ရန်အတွက် လေ့ကျင့် ပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတရုံး၏ ၂၃-၁-၂၀၁၈ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၁၄/၂၀၁၈ ဖြင့် ဖွဲ့စည်းခဲ့သည့် e-Government ဦးဆောင် ကော်မတီ၊ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီတို့နှင့် ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့ချိတ်ဆက်ပြီး လုပ်ငန်းများ ထိရောက် အောင် ဆောင်ရွက်နိုင်ရန်နှင့် ကော်မတီများ၏ လုပ်ငန်းစဉ်များအကြား Overlap မဖြစ်စေရန်၊ ပုဂ္ဂလိကကဏ္ဍနှင့် ပိုမိုချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ရန် ကော်မတီအနေဖြင့်လိုအပ်သည့် အဖွဲ့ဝင်များကို ထပ်မံဖြည့်စွက်ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။
ထို့ပြင် ပုဂ္ဂလိကပညာရှင်ကဏ္ဍ အပိုင်းကလည်း အစိုးရဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်မှ ကျောင်းသားများအတွက် Capacity Development ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ရန်ကုန်မြို့ရှိ နည်းပညာ တက္ကသိုလ်များနှင့် ဆေးရုံများတွင် မြန်နှုန်းမြင့်ဖိုင်ဘာကွန်ယက် ချိတ်ဆက်ခြင်း နှင့်စာသင်ကျောင်းများတွင် အင်တာနက်အသုံးပြုနိုင်ရန် နိုင်ငံတကာနည်းပညာ ကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် Innovation Center များ ဖွင့်လှစ်နိုင်ရေးကို ဆောင် ရွက်လျက်ရှိပါကြောင်း၊ ဒီဂျစ်တယ်မြန်မာ အစီရင်ခံစာကို တရားဝင်ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း။
ယနေ့ အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ ဒီဂျစ်တယ်စီးပွားရေး စနစ်၏ အားသာချက်များ၊ လိုအပ်ချက်များနှင့် စိန်ခေါ်မှုများ၊ လက်ရှိဆောင်ရွက် နေမှုများအပေါ်ချိန်ဆပြီး မိမိနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီစေမည့် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် လမ်းပြမြေပုံ(မူကြမ်း)ကို အတည်ပြုနိုင်ရန်ဖြစ်ပါကြောင်း၊ ယင်းလမ်းပြမြေပုံသည်လည်း အမြဲတမ်း ဆက်လက်ပြင်ဆင်မွမ်းမံသွားနိုင်မည့် Living Document တစ်ခုဖြစ်ပါကြောင်း။
ကော်မတီ၏ လမ်းပြမြေပုံတွင် မဟာဗျူဟာ အခြေခံမူဘောင် (Strategy Framework) ၆ ရပ်၊ ဆောင်ရွက်သွားမည့် ဦးစားပေးနယ်ပယ် ၉ ခု၊ မဟာဗျူဟာအလိုက် ရေတိုရေရှည်ဆောင်ရွက်သွားမည့် လက်တွေ့လုပ်ငန်းစဉ်များ (Action Plans) ပါဝင်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများက မိမိနှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် Focal Ministry အဖြစ် ပုဂ္ဂလိကပညာရှင်များ နှင့်ပူးပေါင်းပြီး လမ်းပြမြေပုံပါ ကာလတို၊ ကာလရှည် လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်သွားရမည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် ကော်မတီ၏ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ကြုံတွေ့လာနိုင်သည့် အခက်အခဲများ၊ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး တင်ပြပေးစေလိုပါကြောင်း။
ဒီဂျစ်တယ်စီးပွားရေးနှင့် နိုင်ငံ၏စီးပွားရေးကို အကျိုးပြုရန်အတွက် လမ်းပြမြေပုံအတိုင်း ရည်မှန်းထားသည့်ကာလတွင် ရည်မှန်းထားသည့် ရလဒ်များ ပေါ်ထွက်လာအောင် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီအနေဖြင့် တက်ကြွသည့် ဦးဆောင်မှုအခန်းကဏ္ဍကနေပြီး သက်ဆိုင်သည့် အဖွဲ့အစည်း များနှင့်အတူ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်း စဉ်များကို မိမိတိုင်းပြည်၊ မိမိလူမျိုးအတွက် တိုးတက်စေချင်သည့် ဆန္ဒ၊ ဝီရိယ၊ ကြိုးစားမှုများနှင့်ပေါင်းစပ်ပြီး ဆောင်ရွက်ပါက မိမိတို့နိုင်ငံကြီး ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက မိမိတို့နိုင်ငံအနေဖြင့် Master Plan on ASEAN Connectivity 2025 ပြည့်မီစေရန် နေ့စဉ် လူနေမှုဘဝ တွင် ဒီဂျစ်တယ်နည်းပညာ အသုံးပြုရန်၊ စီးပွားရေးနှင့်ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် ဒီဂျစ်တယ်နည်းပညာကို ထိရောက်စွာ အသုံးပြုရန်၊ Digital Ecosystem ဖြစ်ထွန်းစေရန်၊ Digital Government၊ ဒီဂျစ်တယ် ပညာရေးစနစ်၊ ဒီဂျက်တယ်ဘဏ္ဍာရေးစနစ်များ ဖြစ်ထွန်းစေရန်နှင့် ဒီဂျစ်တယ် စနစ်ကို နိုင်ငံသူနိုင်ငံသားများ တွင်ကျယ်စွာအသုံးပြုနိုင်ရန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ကာလတိုအနေဖြင့် ဦးစားပေးဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က ကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍမှ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ကော်မတီဝင် ဦးမြမိုးအောင်က ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းပြမြေပုံနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ပုဂ္ဂလိက ပညာရှင်များက ဆိုက်ဘာလုံခြုံရေး၊ အခြေခံပညာကျောင်း သင်ရိုးညွှန်းတမ်းများတွင် ဒီဂျစ်တယ်အသိပညာများ ထည့်သွင်း သင်ကြားရေး၊ နိုင်ငံတကာနှင့် e-Commerce လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှု၊ Myanmar e-Trade နှင့်ပတ်သက်၍ ဆောင်ရွက်ထားမှု၊ ခေတ်မီ ICT နည်းပညာများဖြင့် အခွန်ထမ်းပြည်သူများအား ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်မှု၊ ဝေးလံသော ဒေသများရှိ စာသင်ကျောင်းများတွင် အင်တာနက် အသုံးပြုနိုင်ရေး ဆောင်ရွက်မှု နှင့် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များကို သုံးသပ်ဆွေးနွေးရာတွင် ဒုတိယသမ္မတက Data Center များ တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်မီရေးကော်မတီ အစည်းအဝေးတွင် မိမိဆွေးနွေးခဲ့ဘူးပါကြောင်း၊ Data Centerများ တည်ထောင်ခြင်းအား အောင်မြင်အောင် ဆက်လက်အကောင်အထည် ဖော်သွားရန် လိုအပ်ပါကြောင်း၊ ဒီဂျစ်တယ်စီးပွားရေး လျင်မြန်စွာဖွံ့ဖြိုးတိုးတက် စေရန် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် လိုအပ်သကဲ့သို့ တစ်ဖက် မှာလည်း ဆိုက်ဘာလုံခြုံရေးသည် အရေးကြီးသဖြင့် ဟန်ချက်ညီအောင် ထိန်းညှိ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဆိုက်ဘာ လုံခြုံရေးနှင့်ပတ်သက်ပြီး လက်ရှိဆောင်ရွက်ထားမှု အခြေအနေကို လုံလောက်မှု ရှိ၊ မရှိ ပြန်လည်သုံးသပ် စဉ်းစားဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်၍ မူဝါဒများချမှတ်ရန် လိုအပ်ပါက မြန်မြန်ချမှတ်နိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် တင်ပြဆွေးနွေးသည့်အချက်များကို မြန်မာဒီဂျစ်တယ်စီးပွားရေး လမ်းပြမြေပုံတွင် ဖြည့်စွက်ထည့်သွင်းသွားရန်နှင့် လုပ်ငန်းစဉ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ဌာန၊ အဖွဲ့အစည်း များကိုလည်း သတ်သတ်မှတ်မှတ် တာဝန်ပေးဖွဲ့စည်း ဆောင်ရွက်သွား ရန် မှာကြားသည်။
(သတင်းစဉ်)