နေပြည်တော် ၆   ဒီဇင်ဘာ

 

ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ တတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ နာယက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးသာဦး၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

58

 

ရှေးဦးစွာ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီနာယက ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ယနေ့ကျင်းပသည့် အစည်းအဝေးသည် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ စတင်ဖွဲ့စည်းပြီး တတိယအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ဒီဂျစ်တယ်စီးပွားရေး လမ်းပြမြေပုံပါ ရေတို၊ ရေရှည်ရည်မှန်းချက်များပြည့်မီအောင် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များအပေါ် ပီပီပြင်ပြင် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်သည့် အစည်းအဝေးတစ်ရပ်ဖြစ်ပါကြောင်း။

 

၂၁ ရာစုတွင် ဒီဂျစ်တယ်စီးပွားရေးလှိုင်းနှင့်အတူ (Industry 4.0) ပေါ်ထွန်းလာ ခဲ့ပါကြောင်း၊ စီးပွားရေးလှိုင်းတစ်ခု ပေါ်ထွန်းလာတိုင်း အဆိုပါစီးပွားရေးလှိုင်းကို ကောင်းစွာ အသုံးချနိုင်သည့်နိုင်ငံများ၏ စီးပွားရေး၊ လူမှုရေးအခြေအနေများ အလျင်အမြန် တိုးတက်သွားခဲ့ကြောင်း ကမ္ဘာ့သမိုင်းတွင် အထင်အရှားမြင်တွေ့ရမည်ဖြစ်ပါကြောင်း။

 

ထို့ကြောင့် နိုင်ငံတကာတွင် ဒီဂျစ်တယ်စီးပွားရေးလှိုင်း (Industry 4.0) ကို ကောင်းစွာအသုံးချပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန်နှင့် ဒီဂျစ်တယ် စီးပွားရေးကို တည်ဆောက်ပြီး စီးပွားရေးနှင့်လူမှုရေးအရှိန်မြှင့်ရန် အလေးအနက်ထား ဆောင်ရွက်နေကြပြီဖြစ်ပါကြောင်း၊ အထူးသဖြင့် အဆိုပါတိုးတက်ပြောင်းလဲမှုလှိုင်းများတွင် မိမိတို့နိုင်ငံအနေဖြင့် နောက်ကျမကျန်ရစ်စေရန်နှင့် စဉ်ဆက်မပြတ်လိုက်ပါနိုင်ရန် ကြိုးပမ်းအားထုတ်သွားရမည်ဖြစ်ပါကြောင်း။

 

ဒီဂျစ်တယ်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရန် နည်းပညာလုပ် ငန်းသစ်များ တည်ထောင်ရန်၊ Software များ၊  Hardware များ ထုတ်လုပ်ပြီး ရောင်းချရန် ကိုသာရည်ရွယ်ခြင်းမဟုတ်ဘဲ လက်ရှိစီးပွားရေးကဏ္ဍများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ရေးနှင့် SME လုပ်ငန်းများတွင် ဒီဂျစ်တယ်နည်းပညာအသုံးပြုပြီး စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် ပြည်သူအားလုံးက Digital Literacy ကောင်းစွာ နားလည်ပြီး နည်းပညာနှင့် သတင်းအချက်အလက်များကို ပိုမိုထိရောက်စွာ အသုံးချကာ လူနေမှုအဆင့်အတန်းများ မြင့်တက်လာစေရန် ရည်ရွယ်ပါကြောင်း။

 

ပြီးခဲ့သည့် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးမှတစ်ဆင့် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လမ်းပြမြေပုံကို အမြဲတမ်း ဆက်လက်ပြင်ဆင်မွမ်းမံသွားနိုင်မည့် (Living Document) အဖြစ်အတည် ပြုပြီးဖြစ်ပါကြောင်း။

 

ဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံတွင် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အဓိကကိုင်တွယ်ရမည့် မဟာဗျူဟာ (၆) ရပ်၊ ဦးစားပေးနယ်ပယ် (၉)ရပ်၊ ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ၂၀၂ဝ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် ဖြစ်မြောက်အောင် ဆောင်ရွက်ရမည့်တိုင်းတာ၍ ရသည့်ရည်မှန်းချက်ပန်းတိုင်များ သတ်မှတ်ခြင်း၊ သတ်မှတ်ထားသည့် ရည်မှန်းချက်ပန်းတိုင်များ ရောက်ရှိအောင် လက်တွေ့အောင်မြင်အောင် ကာလတို၊ ကာလလတ် ဆောင်ရွက်ရမည့် လုပ်ငန်း အစီအစဉ်များပါရှိပါကြောင်း။

 

ဒီဂျစ်တယ်စီးပွားရေးစနစ်ကို တိုးတက်ပြောင်းလဲဆန်းသစ်နေသည့် ကမ္ဘာကြီးနှင့် လိုက်လျောညီထွေ ရပ်တည်နိုင်စွမ်းရှိရန်အတွက် ပညာရေးစနစ်မှစတင်နိုင်ရန် လိုအပ်ပါကြောင်း၊ ပြည်သူများ၏ ဒီဂျစ်တယ်အသုံးပြုပညာ Digital Literacy ကြွယ်ဝလာစေရန် လူငယ်များ၊ နည်းပညာတက္ကသိုလ် ကျောင်းသားကျောင်းသူများ၏ နည်းပညာ ကျွမ်းကျင်မှု Digital Technology Skill များကို မြှင့်တင်ရန်၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများကို Digital Literacy နှင့် Digital Skill သင်ခန်းစာများသင်ကြားပေးပြီး လူ့စွမ်းအားအရင်းအမြစ် အဆင်သင့်ဖြစ်အောင် မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း။

 

ပြည်သူများ ဒီဂျစ်တယ်နည်းပညာများအပေါ်တွင် ယုံကြည်မှုရှိလာစေရန်၊ ကောင်းမွန်စွာ အသုံးပြုလာနိုင်စေရန်၊ နိုင်ငံတကာနည်းပညာကုမ္ပဏီများ ငွေကြေး အရင်းအမြစ်များ လာရောက်ရင်းနှီးမြှုပ်နှံလာစေရန်၊ ပြည်တွင်းပြည်ပနည်းပညာ လုပ်ငန်းသစ်များ လွယ်ကူစွာ ထူထောင်အောင်မြင်စေရန် အားပေးသည့် စီးပွားရေးဝန်း ကျင်အခြေအနေကောင်းများ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးရန်လည်းလိုအပ်ပါကြောင်း။

 

လက်ရှိမိရိုးဖလာစီးပွားရေးလုပ်ငန်းများကို နည်းပညာအသုံးပြုပြီး ဆန်းသစ် တီထွင်ထားသည့် Startups လုပ်ငန်းများအဖြစ် အသွင်ပြောင်းလာစေရန်၊ နိုင်ငံ၏ အဓိကကျသည့် စီးပွားရေးကဏ္ဍများဖြစ်သည့် လမ်းပြမြေပုံပါ ဦးစားပေးကဏ္ဍ (၉)ခုကို နည်းပညာသုံးပြီး မြှင့်တင်ပြောင်းလဲနိုင်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။

 

ကဏ္ဍတစ်ခုချင်းစီတွင် နည်းပညာလုပ်ငန်းသစ် (Startups) များပေါ်ထွက်လာစေ ရန် နည်းပညာပြိုင်ပွဲများ ကျင်းပခြင်းနှင့် နိုင်ငံတကာတွင် အောင်မြင်စွာ အသုံးပြုနေသည့် Proven Technology Solution များကိုလေ့လာပြီး ပြည်တွင်းလုပ်ငန်းကဏ္ဍများတွင် စမ်းသပ်အသုံးပြုနိုင်ရန် စီစဉ်ပေးရန်လည်းလိုအပ်ပါကြောင်း၊ နောက်ဆုံးပေါ် နည်းပညာများအသုံးပြုပြီး အသွင်ပြောင်းနိုင်ရန် သက်ဆိုင်ရာအစိုးရဌာနများနှင့် ပုဂ္ဂလိ ကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

 

လမ်းပြမြေပုံတွင် သတ်မှတ်ထားသည့် ရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်ရမည့်အပိုင်းက ပိုမိုခက်ခဲပြီး စိန်ခေါ်မှုများသည့် အပိုင်းလည်းဖြစ်ပါကြောင်း၊ ကဏ္ဍအလိုက် ရေတိုရေရှည်အစီအစဉ်များကို Focal အဖြစ်ဆောင်ရွက်ရမည့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့က မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍများကို တိုးတက်လာစေရန် တာဝန်ယူဆောင်ရွက်ပေးရန် တိုက်တွန်း လိုပါကြောင်း။

 

လမ်းပြမြေပုံတွင် ရည်မှန်းချက်များကို အချိန်ကာလ၊ ကိန်းဂဏန်းများနှင့် တိတိ ကျကျသတ်မှတ်ထားသည်ကို တွေ့ရှိရပြီး အကောင်အထည်ဖော်ရာတွင် သတ်မှတ်ထားသည့် ရည်မှန်းချက်များကို အောင်မြင်အောင် အထူးကြိုးစားဆောင်ရွက်ကြရန် လိုပါကြောင်း။

 

သတ်မှတ်ထားသည့် ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်မှု ရှိ မရှိ ပုံမှန်အကဲ ဖြတ်ရန်လိုအပ်ပြီး နှစ်စဉ် အဆိုပါရည်မှန်းချက်အညွှန်းကိန်းများ၏ တိုးတက်မှု၊ နိမ့်ကျမှုများကို ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ အတွင်းရေးမှူးရုံးအဖွဲ့မှ ပုံမှန် စောင့်ကြည့်တင်ပြရန် လိုအပ်ပါကြောင်း။

 

မိမိတို့နိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးကို ပံ့ပိုးပေးနိုင်သည့်ကဏ္ဍများ၌ လက်ရှိ နယ်ပယ်အသီးသီးတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အဆင့် (၁၀ဝ)ကျော်တွင် ရောက်နေပြီး အားနည်းသည့်အခြေအနေတွင် ရောက်ရှိနေသော်လည်း ယခင်သာဓကများအရ မိုဘိုင်းဖုန်းသုံးစွဲမှုတွင် နောက်ကျပြီးမှ သုံးစွဲနိုင်ခဲ့သော်လည်း နောက်ဆုံးပေါ် 3G, 4G နည်းပညာကွန်ယက်များကို အချိန်တိုအတွင်း အသုံးပြုနိုင်ခဲ့မှုများ၊ မိုဘိုင်းဖုန်း ဆင်းကတ်သုံးစွဲမှုနှုန်းထားသည် (၁၂၆) ရာခိုင်နှုန်းအထိ ရောက်ရှိနေမှုများ၊ မိုဘိုင်းဖုန်း သုံးစွဲသူအများစုက Smart Phone များကိုအသုံးပြုနိုင်မှုများ၊ နည်းပညာများကို အလွယ်တကူ ကျွမ်းဝင်နားလည်နိုင်စွမ်းရှိသည့် လူငယ်ဦးရေ ရာခိုင်နှုန်းများနေမှုစသည့် အားသာချက်ကို ထိထိရောက်ရောက်အသုံးချကာ ကိုယ်ရှေ့ကနိုင်ငံများကို လေ့လာပြီး နောက်ကျသူ၏ အားသာချက်တစ်ခုအနေဖြင့် ဒီဂျစ်တယ်နည်းပညာအသစ်များကို ခုန်ပျံကျော်လွှား Leapfrog အသုံးချနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

 

ဒီဂျစ်တယ်စီးပွားရေးတွင် နည်းပညာနှင့်လူ့စွမ်းအားအရင်းအမြစ် ပြည့်စုံသည့် တိုင်းပြည်များက အားသာချက်များရှိသကဲ့သို့ ဒီဂျစ်တယ်နည်းပညာကြောင့် နိုင်ငံနယ်နိမိတ်များကို ကျော်လွှားပြီး ဈေးကွက်ကို သိမ်းပိုက်နိုင်စွမ်းအား မြင့်တက်လာပါကြောင်း၊ တစ်ချိန်တည်းတွင် နည်းပညာနှင့်လူ့စွမ်းအားအရင်းအမြစ် အဆင်သင့်မဖြစ်သည့် တိုင်းပြည်များအတွက် လက်ရှိကွာဟနေသည့် အခြေအနေကို ပိုမိုကြီးမား သွားနိုင်သည့် စိန်ခေါ်မှုအခြေအနေများရှိပါကြောင်း၊ ထို့ကြောင့် ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိသည့် လူသားအရင်းအမြစ်ရပ်ဝန်းကြီးတစ်ခုဖြစ်လာအောင် ဦးတည် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် ဒီဂျစ်တယ်စီးပွားရေးနှင့်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးတိုးတက်မှုကို အကျိုးပြုရန်အတွက် ဒီဂျစ်တယ်စီးပွားရေးလှိုင်းကြောင့် လက်ရှိကွာဟနေသည့်အ ခြေအနေကို ကျော်လွှားနိုင်ရန်နှင့် နိုင်ငံတကာကိုအမီလိုက်နိုင်ရန်၊ လမ်းပြ မြေပုံတွင် ရည်မှန်းထားသည့်အဆင့်များ အောင်မြင်စွာရရှိနိုင်ရန်၊ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီက ဖွဲ့စည်းထားသည့် ဆပ်ကော်မတီများနှင့်အတူ တက်ကြွသည့် ဦးဆောင်မှုဖြင့်သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် အပြည့်အဝပူးပေါင်း ဆောင်ရွက်ကြရန်၊ အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များကို မိမိတိုင်းပြည်၊ မိမိ လူမျိုးအတွက် တိုးတက်စေချင်သည့် ဆန္ဒ၊ ဝီရိယ၊ ကြိုးစားမှုများနှင့် ပေါင်းစပ်ပြီး ဆောင်ရွက်ပါက မိမိတို့နိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း တိုက်တွန်းပြော ကြားသည်။

 

4

 

ထို့နောက် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက စွန့်ဦးတီထွင်ဆန်းသစ်ဖန်တီးသူ လူငယ်များ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရန် ရန်ကုန်ဆန်းသစ်တီထွင်မှုဗဟိုဌာနကိုလည်း ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းမှ တစ်ဆင့် နည်းပညာအခြေပြုသည့် စီးပွားရေးလုပ်ငန်းများကို ကိုယ်ထူကိုယ်ထ ထူထောင်လာနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ ဦးမော့လာ စေမည်ဖြစ်ပါကြောင်း။

 

ဒီဂျစ်တယ်စီးပွားရေး လမ်းပြမြေပုံပါလုပ်ငန်းစဉ်များကို အောင်မြင်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများနှင့် ပညာရှင်များသည် အတူတကွ ဟန်ချက်ညီညီလက်တွဲပြီး ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

8

 

ယင်းနောက် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ အတွင်းရေးမှူး(၁) စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ဒီဂျစ်တယ်စီးပွားရေး အခြေခံအဆောက်အအုံနှင့် ဆိုက်ဘာလုံခြုံ ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၊ ဆန်းသစ်တီထွင်မှုနှင့် ဒီဂျစ်တယ်အတတ်ပညာ မြှင့်တင်ရေး ဆပ်ကော်မတီနှင့် SME လုပ်ငန်းများနှင့် ဦးစားပေးကဏ္ဍများ ဒီဂျစ်တယ် အသွင် ကူးပြောင်းရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုလမ်းပြမြေပုံပါ ၂၀၂၀ ခုနှစ်တွင် ပြည့်မီရမည့်ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီစေရေးအတွက် ဆပ်ကော်မတီများအလိုက် Action Plan များ အကောင်အထည် ဖော်မှုနှင့်စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများ၊ အခက်အခဲများ၊ ရှေ့ဆက်ဆောင်ရွက် သွားမည့်အစီအစဉ်များ၊ ဆုံးဖြတ်ပေးစေလိုသည့်အချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ (Myanmar Industry 4.0)အပေါ်အခြေခံသည့် Master Plan ရေးဆွဲရေးကိစ္စ၊MM QR Code အသုံးပြုနိုင်ရေး၊ ရန်ပုံငွေကိစ္စ၊ စီးပွားရေး ၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် ဒီဂျစ်တယ်နည်းပညာသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ တွေ့ကြုံနေရသည့်အခက်အခဲများ၊ လိုအပ်ချက်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များမှ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်ရှိနေသည့် ကိစ္စရပ်များကို အမြန်ဆုံးပြီးစီးဆောင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများကိုအောင်မြင် အောင် ဆောင်ရွက်ရန်အတွက်လိုအပ်သည့် ငွေကြေးရန်ပုံငွေပမာဏနှင့် ရရှိနိုင်မည့် နည်းလမ်းများ ရှာကြံသွားသင့်ပါကြောင်း၊ မိမိတို့နိုင်ငံသည်ဒီဂျစ်တယ်စီးပွားရေးကဏ္ဍတွင် နောက်ကျလျက်ရှိရာ ထိုနောက်ကျနေမှုကို အခွင့်ကောင်းတစ်ရပ်အဖြစ်မှတ်ယူပြီး ကျော်လွှားနိုင်ရေးကြိုးစားဆောင်ရွက်သင့်ပါကြောင်း၊ လွတ်လပ် ပွင့်လင်းသည့် ဆွေးနွေးမှု၊ ညှိနှိုင်းမှုများဖြင့် အဖြေရှာပြီး မိမိတို့လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်သင့်ပါကြောင်း မှာကြားပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်သည်။

 

 

(သတင်းစဉ်)