ထန်တလန် ၁၅ ဖေဖော်ဝါရီ

 

mdn

 

မြန်မာနိုင်ငံခရီးသွားဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးအုန်းမောင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ ဦးကျော်မျိုးနှင့် ဦးမြင့်ကြိုင်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ထန်တလန်မြို့ သိကီးရ်ကျေးရွာ View Point သို့ရောက်ရှိပြီး သိကီးရ်ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဆောင်ရွက်ထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ထို့နောက် ဒုတိယသမ္မတသည် သိကီးရ်-ကျီရီးယန်းတောင် အရှည် ၁၃ မိုင် ၄ ဖာလုံ မြေသားလမ်းဖောက်လုပ်နေမှုကို မော်တော်ယာဉ်ဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျီရီးယန်းတောင် အမျိုးသားဥယျာဉ်တည်ထောင်မည့် နေရာသို့ရောက်ရှိရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းက သဘာဝပေါက်ပင်အမျိုးအစားများ၊ ကျီရီးယန်းတောင်၌ ကျက်စားလျက်ရှိသည့် နို့တိုက်သတ္တဝါနှင့် ငှက်အမျိုးအစားများ၊ ကျီရီးယန်းအမျိုးသားဥယျာဉ် သတ်မှတ်ဖွဲ့စည်းမည့် အကျယ်အဝန်း၊ တောအမျိုးအစားနှင့် ဥယျာဉ်ဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ဒုတိယသမ္မတက ကျီရီးယန်းတောင်ခြေမှ တောင်ပေါ်သို့ ခြေလျင်ခရီးသွားအစီအစဉ်အား ဆောင်ရွက်သွားရန်၊ ဥယျာဉ်နှင့် ပတ်သက်သည့် အချက်အလက်များကို စနစ်တကျ အသေးစိတ်လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားရန်နှင့် ကျီရီးယန်းတောင်ပတ်ဝန်းကျင်သည် နွားနောက် စားကျက်ပေါများသည့်အတွက် စီးပွားဖြစ်မွေးမြူရေး ဆောင်ရွက်သွားရန် မှာကြားသည်။

 

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ကျီရီးယန်းတောင်အား နောက်ခံထား၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

mdn

 

ကျီရီးယန်း အမျိုးသားဥယျာဉ်သည် ချင်းပြည်နယ် ထန်တလန်မြို့ သိကီးရ်ကျေးရွာ အနီးတွင်တည်ရှိပြီး အကျယ်အဝန်း ၇၄၅၈ ဒသမ ၅ ဧက၊ တောအမျိုးအစားမှာ တောင်ပေါ်အမြဲစိမ်းတော၊ ထင်းရှုးတော၊ မြက်ခက်တောဖြစ်ပြီး ဥယျာဉ်အတွင်း သစ်မျိုးစိတ်(၉၂)မျိုး၊ တောရိုင်းတိရစ္ဆာန် နို့တိုက်သတ္တဝါ(၃၇)မျိုးနှင့် ငှက်မျိုးစိတ် (၆၄)မျိုး ကျက်စားနေထိုင်လျက်ရှိကြောင်းကို ပထမအကြိမ် ကွင်းဆင်းလေ့လာဆန်းစစ်ချက်အရ သိရသည်။

 

mdn

 

ထို့နောက် ဒုတိယသသမ္မတသည် သိကီးရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုနှင့် ကွန်ပျူတာခန်း၌ လက်တွေ့သင်ကြား လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးပြီး ဆရာ၊ ဆရာမများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

 

mdn

 

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် သိကီးရ်ကျေးရွာမှ ထွက်ခွာကြရာ ထန်တလန်မြို့သို့ ရောက်ရှိကြပြီး (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ပြခန်းများ ခင်းကျင်းပြင်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှုသည်။

 

mdn

 

ထို့နောက် ဒုတိယသမ္မတသည် အစိုးရနည်းပညာအထက်တန်းကျောင်း (ထန်တလန်) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး) ကျောင်းအုပ်ကြီးက စာသင်ဆောင်နှင့်အလုပ်ရုံ၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှု၊ ဘဏ္ဍာငွေရရှိမှု၊ ကျောင်းမြေနေရာ တိုးချဲ့ရရှိရေးနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)မှ ကျောင်းဆင်းဒေသခံများ အလုပ်အကိုင်ရရှိရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

mdn

 

ယင်းနောက် ဒုတိယသမ္မတသည် ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ရေစုကန် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ထန်တလန်မြို့ သောက်သုံးရေ ဖူလုံစွာပေးဝေနိုင်ရေးအတွက်  ရေစုကန်တည်ဆောက်နေမှုနှင့် ရေထွက်ရှိမှုကို ကြည့်ရှုသည်။

 

mdn

 

ထန်တလန်မြို့နေ လူဦးရေ တစ်သောင်းကျော်အတွက် လူတစ်ဦးလျှင် တစ်ရက် ၂၅ ဂါလန်နှုန်းဖြင့် တွက်ချက်ပါက နေ့စဉ်ရေဂါလန် ၂၆၀ဝ၀ဝ ကျော် လိုအပ်လျက်ရှိရာ လက်ရှိတွင် ရေထွက် ၁၁ခု မှ နေ့စဉ်ရေဂါလန် တစ်သိန်းကျော်အား ရေစုကန်များတွင် သိုလှောင်၍ မြို့နေပြည်သူများအား ဖြန့်ဖြူးပေးလျက်ရှိသည်။ ယခုအခါ ခွေဗားရေထွက်မှ နေ့စဉ်ထွက်ရှိနေသည့် ရေဂါလန် ၂၁၆၀ဝဝ ကို ပိုက်လိုင်းဖြင့် သွယ်ယူပြီး ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ နေ့စဉ် ရေဂါလန် ၃၂၀ဝ၀ဝ ကျော်ကို လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ထန်တလန်မြို့ရှုခင်းသာ View Point သို့ရောက်ရှိကာ ထန်တလန်မြို့ရှုခင်းအားကြည့်ရှု၍ မှတ်တမ်းဓာတ်ပုံရိုက်သည်။

 

mdn

 

ယင်းနောက် ဒုတိယသမ္မတသည် ထန်တလန်ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံဝင်းအတွင်း အသစ်တည်ဆောက်နေသည့် ခွဲစိတ်ခန်းပါတိုးချဲ့ ၂ ထပ်ဆောင် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးကုသမှုခံယူနေသည့် လူနာများအား လိုက်လံကြည့်ရှုအားပေးသည်။

 

သတင်းစဉ်