နေပြည်တော်၊ ၂၂ ဒီဇင်ဘာ
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ရှိ လိုင်လင်းပီလေယာဉ်ကွင်းငယ် တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရဟတ်ယာဉ်များဖြင့် နေပြည်တော်မှ ပုဂံ - ညောင်ဦးလေဆိပ်သို့ ရောက်ရှိကြသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ပုဂံ -ညောင်ဦး လေဆိပ်မှ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ရှိ လိုင်လင်းပီလေယာဉ်ကွင်းငယ် တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတသည် လိုင်လင်းပီ လေယာဉ်ကွင်းငယ်တည်ဆောက်ရေး ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးနှင့် လေယာဉ်ကွင်းငယ် တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ Mr. Terry တို့က လေယာဉ်ငယ်ကွင်းဆိုင်ရာ အချက်အလက်များ၊ လေယာဉ်ကွင်းငယ် တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းသည်။
ယင်းနောက် လိုင်လင်းပီမြို့မိမြို့ဖ ဦးဟီဝါးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက ပေါင်းစပ်ညှိနှိုင်း ပေးသည်။
ထို့နောက် ဒုတိယသမ္မတသည် လိုင်လင်းပီလေယာဉ်ကွင်းငယ် တည်ဆောက်ပြီး စီးမှုအခြေအနေများအား ရှုရပ်မှ ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် လိုင်လင်းပီလေယာဉ်ပြေးလမ်း တည်ဆောက်ပြီးစီးမှု အခြေအနေများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်စစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတသည် ရဟတ်ယာဉ်များဖြင့် လိုင်လင်းပီမြို့မှ ပုဂံ - ညောင်ဦး လေဆိပ်သို့ ရောက်ရှိကြသည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့် အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ပုဂံ-ညောင်ဦး လေဆိပ်မှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
လိုင်လင်းပီလေယာဉ်ကွင်းငယ် တည်ဆောက်ရေးစီမံကိန်းကို ချင်းပြည်နယ်(တောင်ပိုင်း)ရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်ခြင်းဆိုင်ရာ အခက်အခဲများကို လျှော့ချနိုင်ရန်နှင့် ပိုမိုထိရောက်သည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းဖြစ်ပေါ်လာစေ ရန်ရည်ရွယ်၍ နိုင်ငံတကာလူသားချင်းစာနာထောက်ပံ့ရေး လေကြောင်းအဖွဲ့အစည်း (Mission Aviation Fellowship – MAF) အဖွဲ့၏ ထောက်ပံ့မှုဖြင့် တည်ဆောက်နိုင်ရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပြုလျာထား (၃)နေရာအနက် ယခုနေရာကို တည်ဆောက်ရန် ရွေးချယ်သတ်မှတ်ခဲ့သည်။
အဆိုပါ လေယာဉ်ကွင်းငယ် တည်ဆောက်ခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၂/ ၂၀၁၇) ခွင့်ပြုချက်ဖြင့် ၂၀၁၉ ခုနှစ် မေလမှစတင်၍ တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၇၅ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးပြီဖြစ်သည်။
အဆိုပါ လိုင်လင်းပီလေယာဉ်ကွင်းငယ်သည် မြန်မာနိုင်ငံတွင် နိုင်ငံတကာအဖွဲ့ အစည်းတစ်ခု၏ ငွေကြေးနှင့် နည်းပညာရာနှုန်းပြည့် ထောက်ပံ့မှုဖြင့် ပထမဆုံး တည်ဆောက်သော စီမံကိန်းတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၄၉၁၈ ပေတွင် တည်ရှိကြောင်း၊ လေယာဉ်ပြေးလမ်း အလျားပေ ၂၅၀၀၊ အကျယ်ပေ ၅၀ ရှိကြောင်း၊ Caravan Cessna လေယာဉ်အမျိုးအစားများ ဆင်းသက်နိုင်ပြီး လေယာဉ်ရပ်နားရန် နေရာသည် အလျားပေ - ၁၅၀၊ အနံပေ ၂၀၀ ရှိကြောင်း သိရသည်။
သတင်းစဉ်


