နေပြည်တော် ၁၇ သြဂုတ်
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် မြင်းခြံမြို့နယ်ရှိ (၂၂၅)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ (၉၀)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် အမှတ်(၁) သံမဏိစက်ရုံတို့အား ကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီးဝန်ကြီး ဦးဇာနည်အောင်၊ တာဝန်ရှိသူများနှင့်အတူ မွန်းလွဲ ၁ နာရီခွဲတွင် မြင်းခြံမြို့၏ အရှေ့တောင်ဘက် ၉ မိုင်အကွာရှိ Sembcorp Myingyan Power Co., Ltd ၏ (၂၂၅) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူ စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံဆိုင်ရာ အချက်အလက်များနှင့် လျှပ်စစ်ဓာတ်အားထုတ်လွှတ် ဖြန့်ဖြူးနေမှုများကို Video Clip ဖြင့် ပြသမှုအား ကြည့်ရှုသည်။
ဆက်လက်၍ စက်ရုံဘေးအန္တရာယ်ကင်းရှင်းရေးမန်နေဂျာ ဦးတင်မောင်သိန်းက ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြည့်စွက်ရှင်းလင်းသည်။
ထို့နောက် ဒုတိယသမ္မတသည် စက်ရုံ Control Room ၌ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဒုတိယစက်ရုံမှူး ဦးရာဇာမျိုးသိန်းတို့က ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတသည် မော်တော်ယာဉ်များဖြင့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် ၇၁ ဒသမ ၅ မဂ္ဂါဝပ် ဓာတ်ငွေ့တာဘိုင် ၂ လုံးနှင့် ၈၂ မဂ္ဂါဝပ် ရေနွေးငွေ့တာဘိုင် ၁ လုံး တပ်ဆင်လည်ပတ်လျက်ရှိပြီး စက်တပ်ဆင် အင်အား ၂၂၅ မဂ္ဂါဝပ်ရှိကြောင်း၊ စက်ရုံကို ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်ပြီး ဓာတ်အားပေးစက်ရုံပထမအဆင့် ၁၄၃ မဂ္ဂါဝပ်ကို ၂၀၁၈ ခုနှစ် မေ ၇ ရက်တွင် လည်းကောင်း၊ ဒုတိယအဆင့် ၈၂ မဂ္ဂါဝပ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂ ရက်တွင်လည်းကောင်း စတင်လည်ပတ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် V Power group Holding Limited နှင့် Zeya & Associates Co.,Ltd တို့၏ (၉၀) မဂ္ဂါဝပ်သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ရောက်ရှိကြပြီး စက်ရုံအစည်းအဝေးခန်းမ၌ တာဝန်ရှိသူတစ်ဦးက စက်ရုံဆိုင်ရာအချက်အ လက်များနှင့် လျှပ်စစ်ဓာတ်အားထုတ်လွှတ်ဖြန့်ဖြူးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် Zeya & Associates Co.,Ltd ဥက္ကဋ္ဌ ဦးဇေယျာသူရမွန်တို့က ဖြည့်စွက်ရှင်းလင်းကြသည်။
ထို့နောက် ဒုတိယသမ္မတသည် စက်ရုံ Control Room ၌ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ကို သုံးစွဲလည်ပတ်လျက်ရှိပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ ရောက်ရှိပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ ခေတ္တစက်ရုံမှူး ဦးထွန်းထွန်းကျော်က စက်ရုံဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတသည် စက်ရုံရှင်းလင်းဆောင်သို့ ရောက်ရှိရာ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကံချွန်က စက်ရုံ၏ တည်နေရာနှင့် အကျယ်အဝန်း၊ Phase – 1 နှင့်စပ်လျဉ်း၍ စက်ရုံအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အား၊ သဘာဝဓာတ်ငွေ့နှင့် ရေရရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ကုန်ချောထုတ်လုပ်မှု/ ရောင်းချမှုအခြေအနေ၊ Steel Making Plant – 1 ပြန်လည်စတင်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ တိုက်ရိုက်ကုန်ကြမ်းအမျိုးအစားလိုက် လက်ကျန်အခြေအနေ၊ Phase – 2 နှင့်စပ်လျဉ်း၍ Steel Making Plant – 2 ပြန်လည် စတင်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ Direct Reduction Plant တည်ဆောက်ပြီးစီးမှုအခြေအနေ၊ Phase – 3 နှင့်စပ်လျဉ်း၍ တိုးချဲ့စီမံကိန်းပြီးစီးပါက ထုတ်လုပ်နိုင်မည့် ထုတ်ကုန်ပစ္စည်းများနှင့် စက်ပစ္စည်းရောက်ရှိမှုအခြေအနေ၊ Storage Area များရှိ Packages များ ထားရှိမှုအခြေအနေနှင့် ဘဏ္ဍာငွေတောင်းခံရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းသည်။
ညနေပိုင်းတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် မြင်းခြံမြို့မှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။
သတင်းစဉ်


