နေပြည်တော်   ၂၉   နိုဝင်ဘာ 

 

“လူမှုအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ဖို့ စာရင်းအင်းဆိုင်ရာ အသိပညာမြှင့်တင်စို့” ဆိုသည့် ဆောင်ပုဒ် ဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့က ကျင်းပသည့် မြန်မာစာရင်းအင်းဖိုရမ် (၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ  Grand Amara ဟိုတယ်၌ ကျင်းပရာစာရင်းအင်း အချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်နှင့် ဦးကျော်တင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ကြီးဌာနများမှ စာရင်းအင်းဆိုင်ရာတာဝန်ရှိသူများ၊ စာရင်းအင်း ပညာရှင်များ၊ စာရင်းအင်းသုတေသန အဖွဲ့အစည်းများမှ သုတေသနပညာရှင်များ၊ ပြည်တွင်း ပြည်ပဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့် လုပ်ငန်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ကုလသမဂ္ဂ စာရင်းအင်းကော်မရှင်က အောက်တိုဘာ ၂၀ ရက်နေ့ကို ကမ္ဘာ့စာရင်းအင်းနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် (၅)နှစ် (၁)ကြိမ် ကျင်းပလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့စာရင်းအင်းနေ့ကို ၂၀၁၅ ခုနှစ်တွင် ကျင်းပနိုင်ခဲ့ပြီး စာရင်းအင်းဆိုင်ရာ အချက်အလက် ထုတ်ပြန်သူများနှင့် အချက်အလက်သုံးစွဲသူများအကြား ဆက်ဆံရေးကောင်းမွန်စေရန်၊ လိုအပ်နေသည့် စာရင်းအင်းများ ဖြည့်ဆည်းရန်နှင့် အကျိုးသက်ဆိုင်သူများအကြား ပူးပေါင်း ဆောင်ရွက်ရန်ပြုလုပ်သည့် Platform တစ်ရပ်အဖြစ် မြန်မာစာရင်းအင်းဖိုရမ် (၂၀၁၈)ကို ကျင်းပနိုင်ခဲ့ကြောင်း။

 

ယနေ့ ၂၀၁၉ ခုနှစ်ဖိုရမ်ကို မြန်မာနိုင်ငံတွင် အရည်အသွေးပြည့်ဝသည့် စာရင်းအင်းများ ထုတ်ပြန်နိုင်ရေးအတွက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါမှုကို သိရှိစေရန်၊ စာရင်းအင်း အချက်အလက်များ၏ အရေးပါမှုကိုပြည်သူများအား အသိပညာပေးမြှင့်တင်ပေးရန် ရည်ရွယ်ပြီး "စာရင်းအင်းအချက်အလက်နှင့် လူမှုအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရန် စာရင်းအင်းဆိုင်ရာ အသိပညာ မြှင့်တင်ကြပါစို့" "Our Statistics, Our Society: Promoting Statistical Literacy" ဆိုသည့် ဆောင်ပုဒ်နှင့် ကျင်းပခြင်း ဖြစ်ပါကြောင်း။

 

ထို့ပြင် ယနေ့အခမ်းအနား၏ နောက်ထပ်ရည်ရွယ်ချက်များမှာ ၂၀၁၉ ခုနှစ်ဇန်နဝါရီ (၂၂)ရက်တွင် စတင်အသက်ဝင်လာသည့် စာရင်းအင်းဥပဒေ၏ အခန်းကဏ္ဍနှင့် စာရင်းအင်း ဆိုင်ရာပညာရပ်၏ အရေးပါမှုကိုမြို့ပြ၊ ကျေးလက်အလွှာအသီးသီးအထိ သိရှိနားလည်စေရန်အတွက် အသိပညာပေးရန်၊ ကဏ္ဍစုံ၊ ဌာနစုံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စာရင်းအင်းအရည်အသွေး မြှင့်တင်ရန်နှင့် ကျောင်းသားလူငယ်များအကြား စာရင်းအင်းပညာရပ်အား လက်တွေ့အသုံးပြုမှု မြှင့်တင်ပေးရေးအတွက် Statistics Quiz များ ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်ပါကြောင်း။

 

စာရင်းအင်းအချက်အလက် မှန်ကန်ရေးကိစ္စသည် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ပါ အလွန်အရေးပါပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးစေရန် အခြေခံဖြစ်သည့် စာရင်းအင်းများ ရှေ့နောက် ညီညွတ်မှုရှိရန်၊ အချိန်မီရရှိရန်၊ ယုံကြည်ကိုးစားနိုင်သည့် ခိုင်မာသည့် စာရင်းအင်းများရရှိရန်၊ အထူးသဖြင့် ပုဂ္ဂလိကကဏ္ဍမှ စာရင်းအင်းများ ရရှိရန်လိုအပ်လျက် ရှိပါကြောင်း၊ အရည်အသွေးရှိသည့် စာရင်းအင်းများရရှိမှသာ နိုင်ငံတော်၏လက်ရှိဖြစ် ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို ထင်ဟပ်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လက်တွေ့ကျသည့် မူဝါဒများကိုခိုင်မာအောင် ဆောင်ရွက်သည့် နေရာတွင် အရည်အသွေးရှိသည့် စာရင်းအင်းများသည် မရှိမဖြစ် အရေးပါပြီး ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်နေသည့် ကဏ္ဍများ၊ နေရာဒေသများအတွက် ဦးစားပေး ရှာဖွေဖော်ထုတ်ရာတွင်လည်း အလွန်အရေးပါပါကြောင်း။

 

ထို့အပြင် မူဝါဒ ပိုမိုကောင်းမွန်ရန် ပြင်ဆင်ရန်ရှိနေသည်များကိုလည်း ပြန်လည်ပြင်ဆင်နိုင်မည် ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း မှန်ကန်သည့်အချက်အလက်များအပေါ် အခြေခံပြီး ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မှသာ အရှုံးဖြစ်ပေါ်နိုင်မှုနှင့် စွန့်စားရမှု (Risk Management) တို့ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မည်ဖြစ်ပါကြောင်း။

 

စာရင်းအင်းဥပဒေအရ စာရင်းအင်းမူဝါဒအနှစ်ချုပ် (Statistical Policy Brief)၊ စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးမှုအမျိုးသားအဆင့် မဟာဗျူဟာ (National Strategy for Development of Statistics-NSDS) နှင့် NSDS Action Plan တို့ကို ရေးဆွဲခဲ့ပြီးသက်ဆိုင်ရာ အလိုက်လုပ်ငန်း အဖွဲ့များဖွဲ့စည်းကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေတ်စနစ်နှင့်အညီ၊ ဌာနများ၏ လိုအပ်ချက်နှင့်အညီ အကောင်အထည်ဖော်နိုင်ရန်အတွက် NSDS Action Plan ကိုLiving Document အနေဖြင့် ထားရှိဆောင်ရွက်လျက်ရှိပါကြောင်း။

 

နိုင်ငံတိုင်းတွင် စာရင်းအင်းထုတ်လုပ်သူများ၊ စာရင်းအင်းအသုံးပြုသူများနှင့် စာရင်းအင်းနှင့် ဆက်နွယ်ပတ်သက်နေသူများအားလုံး လိုက်နာဆောင်ရွက်ရမည့်ကျင့်ဝတ်များ ထုတ်ပြန် ထားသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ထုတ်ပြန်နိုင်အောင် ဆောင်ရွက်နေပြီဖြစ်သည့်အတွက် ထွက်ပေါ်လာမည့် ကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

 

ထို့အပြင် မိမိတို့နိုင်ငံ၏ အခြေအနေနှင့် လျော်ညီသည့် ဖွံ့ဖြိုးမှုလိုအပ်ချက်များကို ထည့်သွင်းထား သည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) (Myanmar Sustainable Development Plan- MSDP 2018-2030)ကို အတည်ပြုခဲ့ပြီး ရေးဆွဲထားသည့် မဟာဗျူဟာများနှင့် အညီလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ MSDP ကို အကောင်အထည်ဖော်ဆောင်ရာတွင် တိုးတက်မှု၊ ထိရောက်မှုများကို စောင့်ကြည့်အကဲဖြတ်နိုင်စေရန်အတွက် အမျိုးသားညွှန်ကိန်းမူဘောင် (National Indicator Framework-NIF) တစ်ရပ်ပေါ် ထွက်လာစေရေး ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အစိုးရ မဟုတ်သည့်အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။

 

ပြည်သူတို့၏လူနေမှုဘဝကို မြှင့်တင်ပေးနိုင်ရန်၊ လက်တွေ့ကျသည့်စီမံကိန်းများတွင် မှန်ကန်သည့် စာရင်းအင်းများ အသုံးပြုနိုင်ရန် လိုအပ်သည့်အတွက် အစိုးရဌာန အသီးသီးအနေဖြင့် မိမိတို့၏ စာရင်းအင်းကဏ္ဍ ပိုမိုကောင်းမွန်လာရန် ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကဏ္ဍ၊ သုတေသန အဖွဲ့အစည်းများနှင့် ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများ သတင်းမီဒီယာများ အားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း။

 

စာရင်းအင်းရလဒ်များကို ထိရောက်မှန်ကန်စွာ ထုတ်ပြန်နိုင်စေရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ စာရင်းအင်းဆိုင်ရာ အချက်အလက် ထုတ်ပြန်သူများနှင့် အချက်အလက် သုံးစွဲသူများအကြား ဆက်သွယ်ပေါင်းစည်းမှုများ တိုးတက်ကောင်းမွန်စေရေး ချိတ်ဆက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့်" စာရင်းအင်းကိန်းဂဏန်းများ တိကျမှန်ကန်ရေး" အတွက် အချက်အလက်များကို စုစည်းခြင်း၊ ပြုစုခြင်း၊ ခွဲခြားဆန်းစစ်ခြင်း၊ အစီရင်ခံခြင်း၊ ထုတ်ပြန်ခြင်း စသည့်လုပ်ငန်းစဉ်များတွင် ထိရောက်ပြီး စွမ်းဆောင်ရည်ပြည့်ဝစွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

 

စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေးသည် နိုင်ငံတစ်နိုင်ငံ၏ ပုံရိပ်ကိုဖော်ပြနိုင်ပြီး တစ်ဖက်တွင်လည်း အစိုးရနှင့် ပြည်သူများအကြား၊ နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား ယုံကြည်မှုတိုးမြှင့်စေနိုင်ပါကြောင်း၊ စာရင်းအင်းအချက်အလက်များ သည် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းမော်ကွန်းမှတ်တမ်းများအတွက် အခြေခံအလွန်ကျပါကြောင်း။

 

မိမိတို့နိုင်ငံအနေနှင့် အခြားနိုင်ငံများနည်းတူ စာရင်းအင်းနယ်ပယ်တွင် အရည်အသွေးရှိသည့် စာရင်းအင်း များကိုရရှိရန်ဆိုလျင် စာရင်းအင်းနယ်ပယ်သည် ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာရန်လိုပါကြောင်း၊ စာရင်းအင်းနယ်ပယ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စစ်တမ်း များ ကောက်ခံရန်လိုအပ်သကဲ့သို့ ဌာနဆိုင်ရာများ၏ အုပ်ချုပ်မှုမှတ်တမ်းများ ပြည့်စုံ မှန်ကန်စေရေး၊ အသေးစိတ်အချက်အလက်များ မှတ်တမ်းများတွင် ပါဝင်စေရေးသည်လည်း အရေးပါပါကြောင်း၊ စာရင်းအင်းနှင့် ဆန်းစစ်လေ့လာမှုများ ဆောင်ရွက်တတ်ရန်၊ စာရင်းအင်းများ စနစ်တကျစုစည်းရေးသွင်း မှတ်သားခြင်းကိစ္စရပ်ကို အပိုအလုပ်သဖွယ်မမြင်ဘဲ နိုင်ငံတော်၏ ယန္တရားချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် အလွန်အရေးကြီးသည်ဟု သိမြင်ပြီးစာရင်းအင်း ဆိုင်ရာ အသိပညာနှင့် အချက်အလက်များကို အသုံးပြုသည့်အလေ့အထ (Data Culture) ကိုဌာနဆိုင်ရာများမှာသာမကအများ ပြည်သူနှင့်ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများ အကြားတွင် ပါပျံ့နှံ့စေရေးအတွက် Platformတစ်ခုဖြစ်ပေါ်လာ အောင်မြန်မာစာရင်းအင်းဖိုရမ်ကို နှစ်စဉ်ကျင်းပ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။

 

မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် အချိန်၊ငွေကြေးနှင့်လူအင်အား စသည့် အကန့်အသတ်နှင့်တည်ရှိသည့်ရင်းမြစ်များအကြား စာရင်းအင်းဆိုင်ရာနယ်ပယ်တွင် တတ်နိုင် သမျှရင်းနှီးမြှုပ်နှံပြီး အထိရောက်ဆုံးအသုံးချနိုင်ရေးသည် အရေးကြီးပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်မဟာဗျူဟာများ၊ မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ အကောင် အထည်ဖော်ခြင်းနှင့်စောင့်ကြည့်အကဲဖြတ်ခြင်း တို့ကိုထိရောက်မှုရှိစေရန်အတွက် အရည် အသွေးပြည့်ဝပြီးတိကျမှန်ကန်သည့် စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေး ညီလွယ်လင့်တကူရရှိအသုံးပြုနိုင်ရေးသည် များစွာအရေးကြီးပါကြောင်း၊ ထို့ကြောင့်စာရင်းအင်း ၏အရေးပါပုံကိုပြည်သူများ ပိုမိုသိရှိအောင်"စာရင်းအင်းအချက်အလက်နှင့် လူမှုအဖွဲ့ အစည်းဖွံ့ဖြိုးတိုးတက်ဖို့စာရင်းအင်းဆိုင်ရာ အသိပညာမြှင့်တင်ကြပါစို့" ဆိုသည့်ဆောင်ပုဒ် နှင့်အညီစာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးတို့ အတွက်ဗဟို ကော်မတီအဖွဲ့ဝင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ လုပ်ငန်းအဖွဲ့များနှင့် Stakeholders အသီးသီးတို့ကတက်ကြွစွာပါဝင်ဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။

 

ယင်းနောက် ၂၀၁၉ ခုနှစ်ကမ္ဘာ့စာရင်းဆိုင်ရာ အထိမ်းအမှတ်နေ့ စာရင်းအင်းဆိုင်ရာ သုတဉာဏ်စမ်းပြိုင်ပွဲတွင် ဆုရရှိကြသူများကို ဆုများပေးအပ်ချီးမြှင့်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ပထမဆုရမိထ္ထီလာ စီးပွားရေးတက္ကသိုလ်မှ အဖွဲ့ခေါင်း ဆောင် နှင့်ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ဒုတိယဆုရရန်ကုန်စီးပွားရေး တက္ကသိုလ်မှအဖွဲ့ခေါင်းဆောင် နှင့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က တတိယဆုရမုံရွာစီးပွားရေးတက္ကသိုလ်မှ အဖွဲ့ခေါင်းဆောင်နှင့်ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်းဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများသည် ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများနှင့် လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်လည်းကောင်း၊ ပြည်တွင်း၊ပြည်ပဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ စာရင်းအင်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြမည့် သူများနှင့်စာရင်းအင်းဆိုင်ရာ သုတဉာဏ်စမ်း ပြိုင်ပွဲတွင်ဆုရရှိကြသူများနှင့် လည်းကောင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

 

ယင်းနောက်ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စာရင်းအင်း ဆိုင်ရာစာအုပ်စာတမ်းများ၊ စာရင်းအင်းဆိုင်ရာလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို လိုက်လံကြည့်ရှု အားပေးကြသည်။

 

ယခုကျင်းပသည့် မြန်မာစာရင်းအင်းဖိုရမ်(၂၀၁၉)တွင် စာရင်းအင်းဆိုင်ရာ အချက် အလက်များ အပေါ်ယုံကြည်မှုခိုင်မာအားကောင်းလာစေရေးနှင့် စာရင်းအင်းပညာရပ်အား အသိပညာ ပေးမြှင့်တင်နိုင်ရန် Panel Session များပြုလုပ်ခြင်း၊ဗဟိုစာရင်းအင်းအဖွဲ့၊ စီးပွားရေး လုပ်ငန်းများမှတ်ပုံတင်ခြင်းဆိုင်ရာစာရင်းအင်း လုပ်ငန်းများအကြောင်းမိတ်ဆက်ခြင်းနှင့် အသစ် ပြန်လည်ရေးသားထားသည့်ဗဟိုစာရင်းအင်းအဖွဲ့ Website(https/www. csosstat.gov. mm)အား ပြသခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)