နေပြည်တော် ၁၁ စက်တင်ဘာ 

မြန်မာ့ကြံသကြားဖွံ့ဖြိုးရေး နှီးနှောဖလှယ်ဆွေးနွေးပွဲ (Sugar Forum-2019) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

 

11

 

ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စိုက်ပျိုးရေးဝန်ကြီးများ၊ လွှတ်တော်ရေးရာကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ သကြားစက်လုပ်ငန်း ကုမ္ပဏီအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်း သကြားလုပ်ငန်းရှင်များ၊ ကြံစိုက်တောင်သူကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် NGO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဌာနဆိုင် ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

2

 

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိုင်ငံတော်အနေဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် နိုင်ငံတော်၏စီးပွားရေးမူဝါဒ ၁၂ ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာ တိုးတက်လာစေရန်နှင့် လယ်ယာစက်မှုကဏ္ဍ ချိန်ခွင်လျှာညီသည့် စီးပွားရေးပုံစံဖော်ဆောင်မည့်မူကို ချမှတ်ခဲ့ပါကြောင်း။

 

3

 

ကြံသီးနှံသည် ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးပြီးနိုင်ငံများတွင် စီးပွားဖြစ်စိုက်ပျိုးသည့် အရေးကြီး စက်မှုကုန်ကြမ်းသီးနှံတစ်ခု ဖြစ်ပါကြောင်း၊ ကြံသီးနှံအပြင် မုန်လာဥနီ၊ ပလောပီနံ စသည့် ကုန်ကြမ်းသီးနှံများစွာမှ သကြားထုတ်လုပ်နိုင်သော်လည်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကြံသီးနှံကိုသာ သကြားထုတ်လုပ်ရေး၏ ဦးစားပေးကုန်ကြမ်းသီးနှံ တစ်ခုအဖြစ် စိုက်ပျိုးကြပြီး ပြည်တွင်းစားသုံးမှုအတွက်သာမက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရန်အတွက်ပါ ကြံသကြားထုတ်လုပ်နေကြခြင်း ဖြစ်ပါကြောင်း။

 

4

 

မြန်မာ့သကြားစက်မှုလုပ်ငန်းသည် ပြည်တွင်းစားသုံးမှု၊ သကြားကုန်ကြမ်းအခြေခံ စားသောက်ကုန်လုပ်ငန်းများနှင့် သကြားပို့ကုန်တို့အတွက် အရေးပါသည့် စိုက်ပျိုးရေး အခြေပြု စက်မှုလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ကြံသီးနှံသည် ဘက်စုံသုံးစက်မှုကုန်ကြမ်း သီးနှံဖြစ်ပြီး အဓိကထွက်ကုန်သကြားအပြင် ဘေးထွက်ပစ္စည်းများဖြစ်သည့် တင်လဲရည်၊ ကြံမြှုပ်ချေး၊ ကြံကြိတ်ဖတ်နှင့် ကြံစိုက်ကွင်းထဲမှ ခုတ်သိမ်းပြီး ကြံသီးနှံအကြွင်းအကျန်များကိုလည်း အရက်၊ ဇီဝလောင်စာဆီ၊ သဘာဝမြေသြဇာ၊ စက္ကူ၊ ဘုတ်ပြား၊ အသုံးအဆောင်ပစ္စည်းများ၊ အဆောက်အဦပစ္စည်းများ စသည်တို့ကို ထုတ်လုပ်သုံးစွဲနိုင်သည့်အတွက် စနစ်တကျ စီမံဆောင်ရွက်နိုင်ပါက နိုင်ငံတော်၏စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးတွင် အရေးကြီးသည့် အထောက်အပံ့ဖြစ်လာမည် ဖြစ်ပါကြောင်း။

နိုင်ငံတစ်ဝန်းတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်း တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ သကြားအခြေခံစားသောက်ကုန်များဖြစ်သည့် အချိုရည်၊ ကော်ဖီမစ်၊ တီးမစ်၊ ကိတ်မုန့်၊ သစ်သီးယို၊ နို့ထွက်ပစ္စည်းများ စားသုံးမှုနှုန်းသည်လည်း မြင့်မားလာခဲ့ပါကြောင်း၊ ထို့ကြောင့် သကြားအခြေခံစားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းအရေအတွက် များများပြားလာသကဲ့သို့ ထုတ်ကုန်အမျိုးအစားနှင့် အရည်အသွေးလည်း တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း။

ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိလာခြင်းနှင့်အတူ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည်နှင့်အမျှ ကျေးလက်ဒေသများ၏ စားသောက်ကုန်လုပ်ငန်းများသည် အိမ်တွင်းအသေးစားလုပ်ငန်းများမှတစ်ဆင့် စီးပွားဖြစ်စားသောက်ကုန် ထုတ်လုပ်ရေးအဆင့်ကို ပြောင်းလဲလာနိုင်ပါကြောင်း၊ ထို့ကြောင့် ယခုကာလကို လယ်ယာစီးပွားရေး ဖွံ့ဖြိုးမှု (Agribusiness Development) အဆင့်ကိုတိုးတက်ပြောင်းလဲရန် အရှိန်ယူနေသည့်ကာလဟု ပြောရမည်ဖြစ်ပါကြောင်း။

မြန်မာ့သကြားစက်မှုလုပ်ငန်းအနေဖြင့် ပြည်တွင်းစားသောက်ကုန်လုပ်ငန်း၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ကြံတိုးချဲ့စိုက်ပျိုးရေးနှင့် မိမိတို့စက်ရုံများက အရည်အသွေးမီ သကြားများ တိုးတက်ထုတ်လုပ်နိုင်ရေး၊ ဘေးထွက်ပစ္စည်းများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ပိုလျှံသကြားများကိုလည်း ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး ကုန်သွယ်ရေးသဘောတူညီချက်များ ရရှိရန်လည်း ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း။

ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာစေရေးတွင် ကြံစိုက်တောင်သူများ၏ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်ရေးသည် အဓိကကျပါကြောင်း၊ သုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်နေသည့် ပညာရှင်များအနေဖြင့် စိုက်ပျိုးနည်း ပညာပေးခြင်း၊ မျိုးကောင်းမျိုးသန့်များ လက်လှမ်းမီ ရရှိစိုက်ပျိုးနိုင်ရေးအပြင် ကြံစိုက်တောင်သူနှင့် သကြားစက်ရုံအကြား ကြံသီးနှံကန်ထရိုက် စိုက်ပျိုးစနစ်တစ်ခုကို တည်ထောင်ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်ပြီး အပေးအယူမျှတကောင်းမွန်ရန်၊ အဆင်ပြေချောမွေ့စေရန် အတွက်စံချိန်စံညွှန်းနှင့် ကိုက်ညီသည့်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ပေးရန်လည်း လိုအပ်ပါကြောင်း။

ထို့ပြင် မြန်မာ့သကြားစက်မှုလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ကြံစိုက်ပျိုးသူ၊ သကြားထုတ်လုပ်သူ၊ သကြားအခြေခံစက်မှုလုပ်ငန်းများ၊ ရောင်းဝယ်ဖောက်ကားသူများ၊ စားသုံးသူများစသည်ဖြင့် ပါဝင်ပတ်သက်နေသူ အားလုံးဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန် အထူးအရေးကြီးပါကြောင်း။

Supply Chain တစ်လျှောက်တစ်နေရာရာတွင် ဟန်ချက်ပျက်ပြားသွားမည်ဆိုပါက နောက်ဆုံးခံစားရသူများသည် အခြေခံအဆင့်ဖြစ်သည့် တောင်သူများပင်ဖြစ်ပါကြောင်း၊ ထိုသို့မဖြစ်ရန်အတွက် “တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေ”နှင့်အညီ ထိန်းကြောင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

ထို့ကြောင့် ယနေ့ကျင်းပသည့် Sugar Forum တွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေ အနေအရပ်ရပ်ကို သုံးသပ်ပြီး ရလဒ်ကောင်းများဖေါ်ထုတ်၍ ရေတိုရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်အစိုးရ၏ သက်ဆိုင်ရာကဏ္ဍအသီးသီးရှိ ဝန်ကြီးဌာနများကလည်း လိုအပ်သည့်မူဝါဒ ပိုင်းဆိုင်ရာများ ကူညီပံ့ပိုးပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာစေရန် မြို့နယ်တိုင်း၊ ကျေးရွာတိုင်းတွင် တောင်သူပညာပေးစံနမူနာပြ စိုက်ကွင်းများ ထူထောင်ပြသခြင်း၊ တောင်သူပညာပေးလုပ်ငန်းများ၊ ကွင်းသရုပ်ပြပွဲများ၊ စံပြကွက်များ၊ စမ်းသပ်ကွက်များ စိုက်ပျိုးပြသခြင်းတို့တွင် တောင်သူများကိုယ်တိုင်ပါဝင်ပြီး စိုက်ပျိုးပညာရှင်များနှင့်ပူးပေါင်း၍ မိမိဒေသနှင့်ကိုက်ညီသည့် မျိုး၊ စိုက်စနစ်စသည်တို့ကို ရွေးချယ်ဆောင်ရွက်နေမှု အခြေအနေ၊ တောင်သူများ အထွက်နှုန်းတိုးပြီး ဝင်ငွေပိုမိုရစေရန် အထွက်ကောင်းမျိုးများကို ၆၀ ရာခိုင်နှုန်းခန့် ပြောင်းလဲပေးခဲ့မှုအခြေအနေ၊ စဉ်ဆက်မပြတ် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရန် သုတေသနခြံများတွင် မျိုးစပ်ရွေးချယ်ခြင်းလုပ်ငန်းများအပြင် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တစ်သျှူးဓါတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်း၊ ဇီဝနည်းပညာ ဓါတ်ခွဲခန်းထူထောင်ခြင်းတို့အပြင် apply ဖြစ်စေမည့် သုတေသနစမ်းသပ်ချက်များကိုလည်း ဆောင်ရွက်နေမှုအခြေအနေတို့အား ရှင်းလင်းပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ကြံသကြားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်သင့်သည့် မူဝါဒများကိုလည်းကောင်း၊ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးစိုးလင်းက အသင်း၏ ဦးတည်ချက်နှင့် ကြံသကြားကဏ္ဍတွင် ပါဝင်ပတ်သက်သူများ၏ အခက်အခဲများကိုလည်း ကောင်းရှင်းလင်းတင်ပြကြပြီး မြန်မာ့ကြံသီးနှံ စိုက်ပျိုးဖြစ်ထွန်းနေမှုနှင့် ကြံသကြားကဏ္ဍ အရေးပါပုံ Video Clip ကိုပြသ၍ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စိုက်ပျိုးရေးဝန်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့နှင့် လည်းကောင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ NGO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်လည်းကောင်း၊ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းအလုပ်အမှုဆောင်များနှင့် လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ဟိုတယ်အတွင်း ခင်းကျင်းပြသထားသည့် စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံသကြားနှင့်ကြံ ထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ Kubota Myanmar ၊ Delicious Foods Limited ၊ Super Coffee Mix ၊ Great Wall- Wilmar စသည့်ကုမ္ပဏီများ၏ သကြားနှင့်သကြား အခြေခံစားသောက်ကုန်စ္စည်းနှင့် လယ်ယာသုံးစက်ပစ္စည်းကိရိယာ ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် မြန်မာ့ကြံသကြားဖွံ့ဖြိုးရေး နှီးနှောဖလှယ်ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကြံသကြားစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထွက်တိုးနည်းပညာ များ ဖော်ထုတ်အသုံးပြုခြင်း၊ ကြံသကြားလုပ်ငန်းတွင် ကန်ထရိုက်လယ်ယာစနစ်အပေါ် လွှမ်းမိုးသောအချက်များနှင့် ကြံတောင်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို ဆန်းစစ်သုံးသပ်ခြင်း၊ ကြံစိုက်ပျိုးထုတ်လုပ်မှု စာရင်းအင်းကိန်းဂဏန်း ကောက်ယူစိစစ်ထုတ်ပြန်မှု လုပ်ငန်းများနှင့် ကြံကြိတ်ဝါးထုတ်လုပ်မှု ကိန်းဂဏန်းများအပေါ် ဆန်းစစ်သုံးသပ်ခြင်း၊ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်သို့ G to G နှင့် B to B စနစ်ဖြင့်သကြား ရောင်းချရန်အတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ သကြားတိုက်ရိုက်စား သုံးမှုနှင့်သကြား အခြေခံစားသောက်ကုန်လုပ်ငန်းများ၏ သကြားအသုံးပြုမှုကို စစ်တမ်းကောက်ယူဆန်းစစ်ခြင်းနှင့် မြန်မာနိုင်ငံတွင် ဇီဝအီသနောထုတ်လုပ်ရောင်းချရေး အခွင့်အလမ်းများ စသည့်စာတမ်းများကို ဖတ်ကြားခြင်း၊ စာတမ်းများအပေါ် တက်ရောက်လာသူများက အကြံပြုသုံးသပ်ခြင်း၊ မြန်မာ့ကြံသကြားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကိုရှင်းလင်းခြင်းနှင့် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်