နေပြည်တော် ၁၁ ဇွန်
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး (၁/၂၀၁၉)ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက မသန်စွမ်းသူများအနေဖြင့် မသန်စွမ်းမဟုတ်သူ အခြားနိုင်ငံသားများနည်းတူ တန်းတူညီမျှအခွင့်ရေးရရှိစေရေး ရည်ရွယ်ပြီး မသန်စွမ်းသူများ၏အရေးကိစ္စတို့ကို ကမ္ဘာတစ်ဝန်း မြှင့်တင်ဆောင်ရွက် လျက်ရှိကြပါကြောင်း၊ သို့သော်လည်း နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် သုတေသနဆန်းစစ်ချက်များအရ မသန်စွမ်းသူများသည် မညီမျှမှု အခြေအနေတို့ကို ဆက်လက်ကြုံတွေ့နေဆဲဖြစ်သည်ဟု သိရှိရပါကြောင်း၊ အထူးသဖြင့် မသန်စွမ်းသူများသည် ပညာသင်ကြားမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မှုအားနည်းခြင်းတို့ကြောင့် ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံစားရနိုင်ခြေပိုများသည်ကို တွေ့ရှိရပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှင့်အညီ မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ (၂၀၁၅) ကိုလည်းကောင်း၊ နည်းဥပဒေများ(၂၀၁၇) ကိုလည်းကောင်းရေးဆွဲပြဌာန်းခဲ့ပါကြောင်း၊ ဥပဒေနှင့် နည်းဥပဒေများတွင် ပါဝင်သည့် အခွင့်အရေးများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် အမျိုးသားကော်မတီကို ၂၀၁၇ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်စသည့် ကော်မတီအဆင့်ဆင့်ကိုဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ထို့ပြင် အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို အထောက်အကူ ဖြစ်စေရန် ပညာရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ အလုပ်အကိုင်ရေးရာ ဆပ်ကော်မတီ၊ သုတေသနဆပ်ကော်မတီ၊ စောင့်ကြည့်အကဲဖြတ်ဆပ်ကော်မတီ၊ မသန်စွမ်း အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဆပ်ကော်မတီ၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ဆပ်ကော်မတီ၊ သဘာဝဘေးနှင့်အခြားအရေးပေါ်အခြေအနေဆိုင်ရာ ဆပ်ကော်မတီတို့ကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့ မသန်စွမ်းသူများအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အဓိကထား စီစဉ်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်သည့်နေရာတွင် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တစ်ရပ် ပေါ်ထွက်လာရေးသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ပြီး မသန်စွမ်းမှတ်ပုံတင် ထုတ်ပေးခြင်းအားဖြင့် မသန်စွမ်းသူများအနေဖြင့် လူမှုရေးပြောင်းလဲမှု၊ လူမှုရေးပေါင်းစည်းမှုနှင့် စီပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အပြုသဘောဆောင်သည့် အမြင်များ မြို့ပြနှင့်ကျေးလက်ဒေသများတွင်ပါ သိရှိနားလည် စေရေးအတွက် အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း။
မသန်စွမ်းသူများအတွက် မှတ်ပုံတင်ထုတ်ပေးရာတွင် မသန်စွမ်းမှုအဆင့်ကို (၃)ဆင့် ခွဲခြားသတ်မှတ်သွားမည်ဖြစ်ပြီး ပထမအဆင့် ခွဲခြားသတ်မှတ်နိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် UNICEF (မြန်မာ)တို့ ပူးပေါင်းရေးဆွဲထားသည့်မူကြမ်းကို အတည်ပြုဖို့လိုပါကြောင်း၊ ဒုတိယအဆင့် နှင့် တတိယအဆင့်တို့အတွက် ခွဲခြားသတ်မှတ်မှုပုံစံကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အမြန်ဆုံးသတ်မှတ်သွားရန် လိုအပ်ပါကြောင်း၊ အဆင့်(၃) ဆင့်စလုံးကို သတ်မှတ်ပြီးပါက ကနဦးစီမံကိန်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လက်ရှိတွင် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်အနေဖြင့် နေပြည်တော် ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ် တို့တွင် မသန်စွမ်းအသင်းရုံးခွဲ(၉)ခုဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း သိရသည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မသန်စွမ်းသူတွေအတွက် ဆောင်ရွက်သည့် နေရာတွင် အရေးကြီးသည့်ကဏ္ဍတစ်ခုဖြစ်သည့် သဘာဝဘေးနှင့် အခြားအရေးပေါ် အခြေအနေများ ဖြစ်ပါကြောင်း၊ ထိုသဘာဝဘေးနှင့် အခြားအရေးပေါ် အခြေအနေများကို ဆောင်ရွက် သည့်နေရာတွင် မသန်စွမ်းသူများကို ချန်လှပ်မထားဘဲ ပူးပေါင်းပါဝင်စေခြင်းအားဖြင့် မသန်စွမ်းသူများ၏ လိုအပ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ မသန်စွမ်းမှုအလိုက် သီးသန့်လိုအပ်ချက်များ သိရှိနိုင်ရေး နှင့် ထိရောက်ပြီး ရေရှည်အကျိုးရှိနိုင်မည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတို့ကို ဆောင်ရွက်နိုင် ရေးအတွက် တိကျသည့်မသန်စွမ်းမှုဆိုင်ရာ ကိန်းဂဏန်းသတင်းအချက် အလက်များ ရှိထား ရန်လိုပါကြောင်း။
အချို့သော သတင်းအချက်အလက်များအရ ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်း မသန်စွမ်းသူများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (၂၅)မှု ဖြစ်ပွားခဲ့သည်ဟု သိရှိရပါတယ်ကြောင်း၊ ထို့ကြောင့် ဥပဒေပါ ရည်ရွယ်ချက်နှင့်အညီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဥပဒေဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် လိုမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော လူ့အဖွဲ့အစည်းတစ်ရပ် ဖန်တီးဆောင်ရွက်ပေးခြင်းသည် မသန်စွမ်းသူတွေရဲ့ဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ပြည့်မီစေခြင်းပင် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီ၏ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကျဉ်းချုပ် ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကော်မတီ ယာယီဒုတိယဥက္ကဋ္ဌ(၂)၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ် ယာယီဥက္ကဋ္ဌ ဦးသိန်းလွင်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ တတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ဆွေးနွေးတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးဆိုင်ရာဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မသန်စွမ်းသူကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ မဟုတ်သော လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် စေတနာ့ဝန်ထမ်း ကိုယ်စားလှယ်များက မသန်စွမ်းသူများ၏ အခွင့်အရေးများ ရရှိရေးတို့အတွက် ကဏ္ဍအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့မှုများ၊ ရှေ့လုပ်ငန်းစဉ်များ၊ အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပညာပေးလုပ်ငန်းများ ၊ အကြားအာရုံ မသန်စွမ်းသူများ၊ ဉာဏ်ရည်မသန်စွမ်းသူများနှင့် အမြင်အာရုံမသန်စွမ်းသူများ ကြုံတွေ့ နေရသည့် အခက်အခဲနှင့်စိန်ခေါ်မှုများ၊ မသန်စွမ်းမဲဆန္ဒရှင်များ မဲပေးနိုင်ရေးကိစ္စရပ်များနှင့် ဖြည့်ဆည်းပေးလိုသည့် အချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ကော်မတီ တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အနာဂတ် ကာလတွင် အခြေခံအဆောက်အအုံများ တည်ဆောက်ရာ၌ မသန်စွမ်းသူများအတွက်ပါ ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန်၊ ယခုဆွေးနွေးပွဲမှ ဆွေးနွေးချက်၊ အကြံပြုချက်များကို သက်ဆိုင်ရာဌာနအလိုက် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် အစည်းအဝေးတက်ရောက်လာကြသူများနှင့် အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
အစည်းအဝေးသို့ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ဒုတိယဝန်ကြီးများ ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးဆိုင်ရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်မှတာဝန်ရှိသူများ၊ မသန်စွမ်း သူများ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဆက်စပ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ တက်ရောက်ကြသည်။
(သတင်းစဉ်)