ဆိုးလ် ၃ ဖေဖော်ဝါရီ
ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး - ၂၀၂၀ သို့ တက်ရောက်ရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂ ရက် ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ကိုရီးယားသမ္မတနိုင်ငံ သို့ ထွက်ခွာရာ ဖေဖော်ဝါရီ ၃ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ဆိုးလ်မြို့သို့ ရောက်ရှိသည်။
ဒုတိယသမ္မတနှင့် အဖွဲ့အား ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်၊ Universal Peace Federation - UPF ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဋ္ဌ Mr. Ek Nath Dhakal ၊ သံရုံးဝန်ထမ်းများ၊ သံရုံးမိသားစုဝင်များနှင့် တာဝန်ရှိသူများက အင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် Lotte Hotel Seoul သို့ရောက်ရှိကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တာဝန်ရှိသူများနှင့်အတူ Kintex Center ၌ ကျင်းပသည့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး - ၂၀၂၀ (Peace, Security and Human Development World Summit 2020) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး-၂၀၂၀ ၏ အထွေထွေအတွင်းရေး မှူး Dr. Young Ho Yun အား ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် Kintex Center ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် တတိယအကြိမ် အာရှ- ပစိဖိတ် ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံ အစိုးရနှင့် UPF တို့ပူးတွဲ၍ မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ကျင်းပပြုလုပ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး - ၂၀၂၀ ကြိုဆိုဂုဏ်ပြုညစာစားပွဲ သို့ တက်ရောက်သည်။
(သတင်းစဉ်)