နေပြည်တော်၊ ၅ ဇန်နဝါရီ

 

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ငလိုက်စခန်းသာဆင်စခန်း တောတွင်းဖြတ်လျှောက်လမ်း (သစ်သားတံတား)နှင့် ကြိုးတံတားတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမ မိုင်တိုင် (၂၁၇)မိုင်အနီးရှိ ငလိုက်စခန်းသာ ဆင်စခန်းသို့ရောက်ရှိပြီး စခန်းရှိ ဆင်များအား ဆင်အစာအာဟာရများ ကျွေးမွေးသည်။

 

ထို့နောက် ဒုတိယသမ္မတသည် ဆင်ပြတိုက်အား လှည့်လည်ကြည့်ရှုရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် လက်ထောက်မန်နေဂျာ (ဆင်ဆေးကု) ဒေါက်တာ မျိုးနေဇာတို့က ရှင်းလင်းပြသကြသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် ကျွမ်းကျင်ဆင်လိမ္မာများ မိတ်ဆက်ခြင်း၊ အမည်ခေါ်ထူးခြင်း၊ ဂါရဝပြုအလေးပြုခြင်း၊ တေးသီချင်းဖြင့် ကပြခြင်း၊ ပစ္စည်းကောက်ယူပြခြင်း၊ ဟန်အမူအရာလုပ်ပြခြင်း၊ ဆင်ဦးစီးကို ခမောက်ဆောင်းပေးခြင်း၊ ဘောလုံးကန်ပြခြင်းနှင့် ဆုယူပြကွက်ပြသမှုများကို အားပေးကြည့်ရှုသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် တောတွင်းဖြတ်လျှောက်လမ်း (သစ်သားတံတား) တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘတို့က လိုက်လံရှင်းလင်းပြသကြသည်။

 

အဆိုပါ တောတွင်းဖြတ်လျှောက်လမ်း (သစ်သားတံတား)သည် ထင်းရှူးတော ဆင်စခန်းမှ စားသောက်ဆိုင်ကမ်းခြေအထိ စုစုပေါင်းအရှည်- ၄၈၁၇ ပေရှိပြီး အရှည်ပေ- ၃၀၇၀ တည်ဆောက် ပြီးစီးပြီဖြစ်ကြောင်း၊ တံတားကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၄၀၉ ဒသမ ၆၅၅ သန်းဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ သစ်သားတံတားများတွင် အရှည်ဆုံး သစ်သားတံတားဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် ငလိုက်စခန်းသာဆင်စခန်း ကြိုးတံတားတည်ဆောက်ရေး လုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဦးဆောင်ညွှန်ကြာရေးမှူး ဦးစောဂျွန်ရွှေဘနှင့် အထွေထွေမန်နေဂျာ(အင်ဂျင်နီယာ) ဦးမိုးအောင်တို့က တံတားဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။

 

အဆိုပါကြိုးတံတားသည် အရှည်ပေ- ၁၇၀၊ အကျယ်- ၄ ပေရှိ Steel Structure အမျိုးအစားဖြစ်ပြီး တံတားတည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဒုတိယသမ္မတသည် ရွှေကျွန်းတော နားနေဆောင်သို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ငလိုက်စခန်းသာ တောတွင်းဖြတ်လျှောက်လမ်း (သစ်သားတံတား)နှင့် ကြိုးတံတား တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့မှုများ၊ တောတွင်းဖြတ်လျှောက်လမ်း (သစ်သားတံတား)တွင် မသန်စွမ်းသူများ အပန်းဖြေနားနေနိုင်ရေး ထည့်သွင်းတည်ဆောက်မည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအုန်းဝင်း၊ ဦးအုန်းမောင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့က ဖြည့်စွက်ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

 

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက ငလိုက်ဆင်စခန်းရှိ တောတွင်းဖြတ်လျှောက်လမ်းနှင့် ကြိုးတံတားတည်ဆောက်ခြင်းကို နေပြည်တော်ရှိ ဝန်ထမ်းများ၊ အနီးအနားရှိပြည်သူများ အားလပ်ရက်တွင် အပန်းဖြေအနားယူနိုင်စေရေး တည်ဆောက်ရန် စဉ်းစားမိခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြီးစီးပါက ဒေသတွင်း ပြည်သူများအတွက်သာမက ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်တစား လည်ပတ်နိုင်သည့် ခရီးစဉ်တစ်ခုအဖြစ် ဆက်လက်ဖော်ဆောင်သွားနိုင်မည် ဖြစ်ပါကြောင်း၊ တည်ဆောက်ရာတွင်လည်း အများပြည်သူ ဘေးကင်းလုံခြုံစိတ်ချစွာဖြင့် ရေရှည်အသုံးပြုနိုင်ရေးအတွက် အရည်အသွေး သတ်မှတ်စံချိန်စံနှုန်းမီစွာဖြင့် သတ်မှတ်ကာလ အတွင်းပြီးစီးအောင် တည်ဆောက်ရန်လိုအပ်ကြောင်း၊ တည်ဆောက်ပြီးစီးပါက မိမိတို့ ကြိုးပမ်းဆောင်ရွက်ထားမှုအခြေအနေကို အများပြည်သူသိရှိပြီး လက်တွေ့ လာရောက်အပန်းဖြေနိုင်ရေးအတွက် ကြော်ငြာအား ကောင်းကောင်းဖြင့် အသိပေးမျှဝေခြင်းများ ဆက်လက်ဆောင်ရွက်သွားကြရန် လိုကြောင်း၊ အများပြည်သူများ လာရောက်အပန်းဖြေသည့် နေရာအဖြစ် သန့်ရှင်းသာယာ လှပပြီး ဆွဲဆောင်မှုရှိစေရန် စနစ်တကျ အမှိုက်စွန့်ပစ်နိုင်သည့် အခြေအနေကို စီမံဆောင်ရွက်ပေးထားရန်လိုကြောင်း၊ ဆင်လိမ္မာများကို ယခုထက်ပိုမို၍ ပရိသတ်အား ဆွဲဆောင်နိုင်သည့် ပြကွက်များဖြင့် ဖျော်ဖြေနိုင်ရေးအတွက် လေ့ကျင့်ပေးခြင်းကို တစိုက်မတ်မတ်ဆောင်ရွက်သွားစေလိုကြောင်း မှာကြားသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ထင်းရှူးစိုက်ခင်းသို့ ရောက်ရှိကြပြီး သုံးခွ ထင်းရှူးပင်များကို စိုက်ပျိုးပေးကြသည်။

 

ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ငလိုက်ရေလှောင်တမံအတွင်း ရေယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြသည်။

 

သတင်းစဉ်