နေပြည်တော် ၁၄ သြဂုတ် 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဒုတိယသမ္မတဦးစီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

0647

 

အခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ဦးလှမော်ဦး၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတက ကမ္ဘာပေါ်တွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု များကြောင့် သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့ခံစားနေကြရပါကြောင်း၊ အလားတူ မြန်မာနိုင်ငံ၌လည်း ရေဘေးအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ထိုသို့သော သဘာဝဘေးဒဏ်ခံစားနေကြရမှုများအတွက် လှူဒါန်းမှုများကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကိုယ်စား၊ ရေဘေးသင့်ပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည်စေတနာသဒ္ဓါတရားနှင့်ပတ်သက်၍ အထက်သန် ဆုံးသောနိုင်ငံဖြစ်ပါကြောင်း၊ ယခုလိုလှူဒါန်းမှုများသည် အကောင်းဆုံးသော သက်သေသာဓကများဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က အလှူငွေလှူဒါန်းရခြင်း အကြောင်းရင်းကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့်အဖွဲ့ဝင်များက လှူဒါန်းငွေကျပ်သိန်း ၅၀ဝ ကို ပေးအပ်လှူဒါန်းရာ ဒုတိယသမ္မတကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဦးကျဲအိုလျန်မိသားစု Shine Hill Co.,Ltd ကိုယ်စား လှူဒါန်းငွေကျပ် ၁၅ သိန်းကို ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးထံ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကျေးဇူးတင်စကားပြောကြားသည်။ 

သတင်းစဉ်