နေပြည်တော် ၁၈ ဩဂုတ်
ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှုတို့ကြောင့် စားနပ်ရိက္ခာရှားပါးလာနိုင်မှု အခြေအနေအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည် တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင်ဝင်းနှင့် ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့ကျင်းပသည့် အစည်းအဝေးသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် အပူလွန်ကဲခြင်းနှင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ပြီး စိုက်ပျိုးရေးကဏ္ဍ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်ကာ စားနပ်ရိက္ခာရှားပါမှုများ ကြုံတွေ့လာနိုင်မည့် အခြေအနေများကို သုံးသပ်နိုင်ရန်နှင့် ဆောင်ရွက်နိုင်မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးနိုင်ကြရန် ဖြစ်ပါကြောင်း။
ယနေ့ကမ္ဘာတွင် ပိုမိုဆိုးရွားလာသည့် ရာသီဥတုပြောင်းလဲမှုအခြေအနေများကို တွေ့မြင်ကြားသိနေရပြီး အဆိုပါအကျိုးဆက်များကြောင့် မိုးလေဝသ၊ ဇလဗေဒနှင့် ရာသီဥတုဆိုင်ရာ သဘာဝဘေးအန္တရာယ်များဖြစ်ကြသည့် မုန်တိုင်းတိုက်ခတ်မှုများ၊ ရေကြီးရေလျှံမှုများ၊ အပူလွန်ကဲခြင်းနှင့် မိုးခေါင်ရေရှားခြင်း စသည့် သဘာဝဘေးအန္တရာယ်များသည် ယခင်နှင့်မတူ နေရာဒေသပြောင်းလဲမှုများ၊ ပြင်းအားပိုမိုကြီးမားလာမှုနှင့် အရေအတွက်ပိုမို များပြားလာမှုများ ဖြစ်ပေါ်နေသည်ကို သတိပြုမိကြမည်ဖြစ်ပါကြောင်း။
ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သည့်သဘာဝဘေးများတွင် ကြိုတင်ပြင်ဆင် ရင်ဆိုင်နိုင်သည့် မုန်တိုင်းနှင့် ရေကြီးခြင်း၊ မျှော်လင့်မထားနိုင်သည့် အခြေအနေမျိုးနှင့် ရုတ်တရက် ကြုံတွေ့ရသည့် လျှပ်တပြက်ရေကြီးခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်းတို့နှင့် ဆက်စပ်ဖြစ်ပေါ်သည့် တောင်ပြို၊ မြေပြိုခြင်းများအပြင် သတိမမူမိဘဲ တဖြည်းဖြည်းချင်း ဖြစ်ပေါ်နေတတ်သည့် မိုးခေါင်ရေရှားခြင်း ဘေးအန္တရာယ်ကိုလည်း ရင်ဆိုင်နေကြရပါကြောင်း။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ရာသီဥတုနှင့်သက်ဆိုင်သည့် သဘာဝဘေးများကို ပြန်သုံးသပ်မည်ဆိုပါက လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း မုန်တိုင်းဖြစ်ပွားမှုများသည် ထူးခြားမှုမရှိသော်လည်း ရေကြီးရေလျှံမှုများသည် ယခင်နှင့်မတူသည်များကို တွေ့ရှိလာရပါကြောင်း၊ ယခင်ကရေကြီး ရေလျှံမှုဆိုးရွားစွာမဖြစ်ခဲ့ဖူးသည့် မွန်ပြည်နယ်၌ ၂၀၁၈ ခုနှစ် ရေကြီးမှုများနှင့်အတူ မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီတော် တောင်ပြိုမှုဖြစ်စဉ်နှင့် ၂၀၁၉ ခုနှစ်တွင် ပေါင်မြို့နယ်၊ မလတ်တောင် ပြိုကျမှုဖြစ်စဉ်ကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သဖြင့် (၂)နှစ်ဆက်တိုက် ဆုံးရှုံးမှုများကြုံတွေ့ခဲ့ရပါကြောင်း။
ထို့ပြင် ၂၀၁၈ခုနှစ်တွင် ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှု၊ ယခု ၂၀၂၀ ပြည့်နှစ်တွင် အမရပူရမြို့နယ်၊ ရွှေဂဲရေထိန်းတံခါး တာဘောင် ကျိုးပေါက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့်ရေကြီးရေလျှံမှုနှင့် ဖားကန့်တွင်ဖြစ်ပေါ်ခဲ့သည့် မြေစာပုံ ပြိုမှုများသည် ထူးခြားသည့်အခြေအနေများဖြစ်ပြီး အပူချိန်မြင့်တက်မှု အခြေအနေကို ကြည့်မည်ဆိုလျှင်လည်း နှစ်စဉ်ပိုမိုပူပြင်းခြောက်သွေ့လာသည်ကို မြင်တွေ့ကြရမည်ဖြစ်ပါကြောင်း။
အဆိုပါ ဖြစ်စဉ်အခြေအနေများကြောင့် လူ့အသက်ဆုံးရှုံးမှုများ၊ လမ်းတံတား၊ အဆောက်အဦ၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး စသည့် ကဏ္ဍများတွင် တိုက်ရိုက်ဆုံးရှုံးမှုများရှိခဲ့သည်ကို ဖြေရှင်းဆောင်ရွက်နေရပါကြောင်း၊ မိုးများခြင်းနှင့် ရေကြီးခြင်းများကြောင့် စိုက်ခင်းများ ပျက်စီးရာမှလည်းကောင်း၊ ပူပြင်းခြောက်သွေ့မှု၊ စိုက်ပျိုးရေ မလုံလောက်မှုတို့ကြောင့် စိုက်ပျိုးသီးနှံ များပျက်စီးခြင်း၊ ထွက်နှုန်းကျဆင်းခြင်း၊ အရည်အသွေး ကျဆင်းခြင်းတို့ကြောင့်လည်းကောင်း စားနပ်ရိက္ခာရှားပါးလာနိုင်သည့် အခြေအနေများကို ရေရှည်မျှော်မှန်းဖြေရှင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်သည့် မိုးများခြင်း၊ ရေကြီးခြင်းနှင့် ပူပြင်းခြောက်သွေ့ခြင်းများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများကို ထိခိုက်စေနိုင်ပြီး စားနပ်ရိက္ခာရှားပါးလာနိုင်သည့် အကြောင်းအရင်းများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဓိကအားထားရသည့် စိုက်ပျိုးရေးကဏ္ဍထိခိုက်ပျက်စီးပါက ဆုံးရှုံးမှုများနိုင်သည်ကို သတိပြုကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါအခြေအနေနှစ်ရပ်အပေါ် လိုက်လျောညီထွေ ဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာတွင်ဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေနှင့် မိမိတို့နိုင်ငံ၏ အခြေအနေများကို အမြဲနှိုင်းယှဉ်သုံးသပ် ဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း။
ယနေ့ ကမ္ဘာပေါ်ရှိနိုင်ငံများအကြား သတင်းအချက်အလက်၊ နည်းပညာ၊ ထုတ်ကုန်၊ အလုပ်အကိုင်၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ နိုင်ငံရေး စသည်တို့ လျင်မြန်စွာ ကူးလူးစီးဆင်း နေသည့် Globalization ခေတ်ကာလတွင် တစ်နိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုသည် အခြားနိုင်ငံများအပေါ် သက်ရောက်နိုင်ရန် လွယ်ကူမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၌ ဖြစ်ပေါ်နေသည့် အခြေအနေများကို မျက်ခြေမပြတ် လေ့လာသိရှိနေရန် လိုအပ်ပါကြောင်း။
ယခုနှစ် ကမ္ဘာတစ်ဝန်းကြုံတွေ့နေရသည့် COVID-19 ကူးစက်ရောဂါကြောင့် ကျန်းမာရေးကဏ္ဍနှင့် စီးပွားရေးကဏ္ဍများတွင် စိန်ခေါ်မှုများစွာရှိနေသည်ကို သိရှိကြပြီး ဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်ကြရပြီး စီးပွားရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကိုလည်း ရင်ဆိုင်နေကြရပါကြောင်း။ COVID-19 ကူးစက်ရောဂါကြောင့် တစ်ကမ္ဘာလုံး စိန်ခေါ်မှုများ ရင်ဆိုင်နေရချိန်တွင် ရာသီဉတုပြောင်းလဲမှုများနှင့် ဆိုးရွားမှုများ ထပ်ဆင့်ဖြစ်ပေါ်လာနိုင်မှုကြောင့် အခြားထိခိုက်မှုများအပြင် စားနပ်ရိက္ခာရှားပါးမှုများ ဖြစ်ပေါ်လာနိုင်သည်ကို ကြိုတင်မျှော်တွေးပြီး ဖြေရှင်းဆောင်ရွက်နိုင်မည့် အစီအမံများ ချမှတ်ထားရန် လိုအပ်မည်ပါကြောင်း၊ အဓိကအားဖြင့် မိမိနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံနိုင်ရေးကို ဦးစားပေးဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး နိုင်ငံဖြစ်သည့် မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးထုတ်ကုန်များကို ပြည်ပတင်ပို့မှုမြှင့်တင်နိုင်မည့် အခွင့်အလမ်းတစ်ရပ် ရရှိလာနိုင်ပါကြောင်း၊ ရာသီဉတုပြောင်းလဲ လာမှုများနှင့် လိုက်လျောညီထွေဖြစ်မည့် စိုက်ပျိုးနည်း စနစ်များ၊ စိုက်ပျိုးသီးနှံများဖြစ်ထွန်းစေရေး၊ တောင်သူလယ်သမားများအတွက် နည်းပညာ များပံ့ပိုးပေးနိုင်ရေး၊ အရည်အသွေး ပြည့်ဝသည့် စိုက်ပျိုးရေးထုတ်ကုန်များ ဖြစ်စေရေး၊ ပြည်တွင်း/ပြည်ပဈေးကွက်များ ဖော်ဆောင် ပေးနိုင်ရေး၊ ကုန်သွယ်မှုပမာဏ တိုးတက်ရေး၊ သဘာဝဘေးနှင့် ပိုးမွှားတိရစ္ဆာန်များကြောင့် စိုက်ပျိုးသီးနှံများ၊ စိုက်ခင်းများ ထိခိုက်ပျက်စီးမှုအတွက် အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေး စသည့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရေးနှင့် ဘေးအန္တရာယ်များကြောင့် ထိခိုက်နစ်နာမှု လျော့နည်းရေးတို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများပူးပေါင်းညှိနှိုင်း အလေးထားဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ပါကြောင်း။
သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ပျက်စီးဆုံးရှုံးခဲ့ရသည့် တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အချိန်တိုအတွင်း ပြန်လည်ထူထောင်နိုင်ရန် စနစ်တကျ ဆောင်ရွက်ပေးနိုင်ရေး၊ ဘေးသင့်ပြည်သူများမူလအခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိစေရေးနှင့် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိစေရေးတို့အတွက် “ဘေးသင့်ဒေသများ အမြန်ပြန်လည် ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့” ကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က ပူးတွဲဉက္ကဌများအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိနေကြပါကြောင်း၊ တာဝန်ယူဆောင်ရွက်လျက် ရှိနေကြသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပုံမှန်အခြေအနေများအပြင် ယနေ့ကာလ ရင်ဆိုင်ကြုံတွေ့နေရသည့် COVID-19 ကူးစက်ရောဂါ၊ မိုးလေဝသနှင့်ရာသီဉတုဆိုင်ရာ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ရှိအခြေအနေများ၊ နောင်ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် အလားအလာများနှင့် အကျိုးဆက်များကို ဖြေရှင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပေါင်းစပ်ညှိနှိုင်းရမည့် အခြေအနေများကို ဖော်ထုတ်ကြရမည်ဖြစ်ပါကြောင်း။
နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသောလူဦးရေသည် ကျေးလက်တွင်နေထိုင်ကြသူများဖြစ်ကြပြီး အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာလုပ်ငန်းဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍ အောင်မြင်ပါက လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အတူ စိုက်ပျိုးရေး ကဏ္ဍထိခိုက်ပျက်စီးဆုံးရှုံးပါက ပြည်သူအများစုအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိနိုင်သည့်အပြင် နိုင်ငံ၏စီးပွားရေးကိုပါ ထိခိုက်စေနိုင်ပါကြောင်း။
ထို့ကြောင့် ဆက်စပ်ဝန်ကြီးဌာနများနှင့် တွေ့ဆုံပြီး စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရေး၊ စားနပ်ရိက္ခာလိုအပ်ချက်များ ရှိလာနိုင်မှုအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ စားနပ် ရိက္ခာလိုအပ်ချက်များနှင့်စပ်လျဉ်း၍ အခွင့်အလမ်းမျိုးဖော်ဆောင်နိုင်မည့် အခြေအနေတို့ကို တိုင်ပင်ဆွေးနွေး ရခြင်းဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရာသီဥတုပြောင်းလဲမှုကြောင့် ပြည်သူများ ကြုံတွေ့လာနိုင်သည့် စားနပ်ရိက္ခာပြဿနာ ဖြေရှင်းနိုင်ရေးနှင့်စပ်လျဉ်း၍ လက်ရှိထောက်ပံ့ နေမှုအခြေအနေများ၊ မထင်မှတ်သော၊ ဆိုးရွားသောဘေးများကျရောက်စဉ် လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ ဘေးအန္တရာယ် လျော့ပါးရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် နည်းပညာအသုံးပြုမှုနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်နှင့် ဒေါက်တာသန်းမြင့်တို့က စားနပ်ရိက္ခာနှင့် အဟာရဖူလုံရေး ဆောင်ရွက်လျက်ရှိသည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေချိုငါးမွေးမြူရေး၊ ရေငန် ငါးဖမ်းဆီးရေးတို့နှင့်စပ်လျဉ်းသည့် ထုတ်လုပ်မှု၊ စားသုံးမှုနှင့် ပြည်ပတင်ပို့ရောင်းချမှု အခြေအနေများ၊ သဘာ၀ဘေးအန္တရာယ်များကြောင့် နိုင်ငံတွင်း ပျက်စီးဆုံးရှုံးမှုများ၊ သဘာ၀ဘေးဒဏ် ကာကွယ်ရေးအစီအမံများဆောင်ရွက်ရေး၊ ရာသီဥတုထိန်းသိမ်းထားနိုင်ရန် ဆောင်ရွက်ရေး၊ ဆည်မြောင်း၊ တာ၊ တမံများ ပိုမိုတည်ဆောက်ရေး၊ ရေသိုလှောင်ထိန်း သိမ်းထားနိုင်ရေး၊ ရေကို စနစ်ကျအသုံးချနိုင်ရန်ဆောင်ရွက်ရေး၊ ကုန်သွယ်မှုများဖွံ့ဖြိုးတိုး တက်ရန်ဆောင်ရွက်ရေး၊ ပြည်တွင်းပြည်ပကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ နိုင်ငံတော် အရန်ရိက္ခာများဝယ်ယူ စုဆောင်းသိုလှောင်ထားနိုင်ရေး၊ ရိက္ခာထုတ်လုပ်မှုဖူလုံ တိုးတက်စေရန် ဦးစားပေးဆောင်ရွက်ရေး၊ လျှပ်စစ်ဓာတ်အားလုံ လောက်စွာသုံးစွဲနိုင်ရေး၊ ကုန်ထုတ်လမ်းများ၊ တံတားများ ပိုမိုတည်ဆောက်နိုင်ရေးတို့ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်းနှင့် ဦးစိုးအောင်တို့က စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှုတို့ကြောင့် စားနပ်ရိက္ခာရှားပါးလာမှုအခြေအနေပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် အစီရင်ခံစာပြုစုတင်ပြနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ရေကြီးရေလျှံမှုနှင့် မိုးခေါင်ရေရှားမှု စသည့် သဘာ၀ဘေးအန္တရာယ်များကို ကာကွယ်နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းစောင့်ရှောက်ရေးသည် အထူးအရေးပါသဖြင့် အလေးထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စားနပ်ရိက္ခာဖူလုံမှုရှိစေရန်အတွက် စားနပ်ရိက္ခာများ ပိုမိုထုတ်လုပ်နိုင်ရန် စိုက်ပျိုးမြေတိုးချဲ့ဖော်ထုတ်ခြင်း၊ ရှိပြီးသားစိုက်ပျိုးမြေများကို စနစ်တကျအသုံးချခြင်း၊ တစ်ဧကအထွက် နှုန်းတိုးတက်အောင်ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေလုံလောက်မှုရှိစေရေးအတွက် Rain Water Harvesting ကဲ့သို့ မိုးရေသိုလှောင်ထိန်းသိမ်းနိုင်ရန် ဆည်များ၊ လျှိုပိတ်မြောင်ပိတ်များ တည်ဆောက်ခြင်း၊ ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးမြေများ ပျက်ဆီးဆုံးရှုံးမှုမဖြစ်စေရေးအတွက် ချောင်းကောမြောင်းကောများ ပြန်လည်တူးဖော်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထုတ်လုပ်ရရှိသည့် စားနပ်ရိက္ခာများကို ရေရှည် သိုလှောင်ထိန်းသိမ်းထားနိုင်ရေးအတွက် ခေတ်မီအအေးခန်းများ၊ သိုလှောင်ရုံများကို အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းတည်ဆောက်နိုင်ရေးကိုလည်း ကြိုးပမ်းအကောင်အထည်ဖော်ရမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းရိက္ခာလိုအပ်ချက် ဖူလုံမှုကို အဓိကဦးစားပေးပြီး ပိုလျှံမှသာ ပြည်ပသို့ စိစစ်၍တင်ပို့ရောင်းချနိုင်ရေး စီစဉ်သွားရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို ရေရှည်စဉ်ဆက်မပြတ် အကောင်အထည်ဖော်နိုင်ရန်မှာ MSDP နှင့် ချိတ်ဆက်၍ Master Plan တစ်ခုရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်