နေပြည်တော် ၂၂ ဒီဇင်ဘာ

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အင်းခေါင်းကျေးရွာ ဟဲဟိုးဥယျာဉ်ခြံ၌ ကျင်းပသည့် ရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီပွဲတော် (Shan State Agriculture Symposium) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားသည်။

 

ေ

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်သန်းထွဋ်၊ ဦးတင်မြင့်၊ ဒေါက်တာရဲမြင့်ဆွေ၊ ဦးအောင်ထူး၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဟဲဟိုးမြို့သို့ရောက်ရှိရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဟဲဟိုးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အဖွဲ့ဝင်များနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အင်းခေါင်းကျေးရွာ ဟဲဟိုးဥယျာဉ်ခြံ၌ ကျင်းပသည့် ရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီပွဲတော် (Shan State Agriculture Symposium) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

ေ

 

စိုက်ပျိုးရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မြို့မိ မြို့ဖများ၊ တောင်သူဦးကြီးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ယနေ့ကျင်းပသည့် စိုက်ပျိုးရေး စုံညီပွဲတော်သည် ရှမ်းပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သည့် ပွဲတော်တစ်ခုဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ တောင်သူလယ်သမားများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ အားလုံး ပါဝင်သည့် စိုက်ပျိုးရေးစုံညီပွဲတော်ကို ရေရှည်တည်တံ့သည့် လယ်ယာကုန်ထုတ်လုပ်မှု စနစ်ထွန်းကားစေပြီး လယ်ယာထုတ်ကုန်များရောင်းချရာတွင်လည်း သင့်တင့်မျှတသည့် ဈေးနှုန်းနှင့် ဈေးကွက်ရရှိစေရန်၊ စိုက်ပျိုးရေးသုံးစက်ကိရိယာများကို တောင်သူများ ပိုမိုသိရှိနားလည် အသုံးပြု တတ်လာပြီး ထုတ်လုပ်မှု တိုးတက်စေရန်၊ တောင်သူများလူမှုဘဝဖွံ့ဖြိုး တိုးတက်မှုမှ ရှမ်းပြည်နယ် တစ်ခုလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ပါကြောင်း။

 

ရှမ်းပြည်နယ်သည် နိုင်ငံအတွင်းတွင်အကြီးဆုံးပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ပြည်နယ် ကျယ်ပြန့်သည်နှင့်အညီ မြေဆီဩဇာကောင်းမွန်သည့် စိုက်ပျိုးမြေအများအပြားရှိရာ ရာသီဥတုလည်း ကောင်းမွန်သည့်အတွက် သီးနှံအမျိုးအစားစုံလင်စွာ စိုက်ပျိုးနိုင်သည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ သီးနှံအလိုက်အစုအဖွဲ့များ ဖွဲ့စည်းကာ စိုက်ပျိုးထုတ်လုပ်သည်မှအစ ဈေးကွက် ချိတ်ဆက်သည်အထိ စုပေါင်း ဆောင်ရွက်လျက်ရှိသည်ကိုလည်း သိရှိရပါကြောင်း၊ ယခုကဲ့သို့ စိုက်ပျိုးရေးစုံညီပွဲတော်က တစ်ဆင့်ပြည်နယ်အနှံ့အပြားတွင်ရှိသည့် စိုက်ပျိုးထုတ်လုပ်သူများသည် စိုက်ပျိုးသည်မှ ထုတ်လုပ်ရောင်းချနိုင်သည်အထိ ကွင်းဆက်များအားလုံး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်မှု ယခုထက် ကျယ်ပြန့် ဖွံ့ဖြိုးတိုးတက်လာမည်ဟုလည်း မျှော်လင့်ပါကြောင်း။

 

ထို့ပြင် လာရောက်လေ့လာကြသည့် တောင်သူများနှင့် လုပ်ငန်းရှင်များအတွက် လက်တွေ့ အသုံးချနိုင်မည့် သင်တန်းများဖြစ်သည့် မှိုစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နည်းပညာပေးသင်တန်း၊ သီးနှံ အလိုက် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နည်းသင်တန်း၊ နှစ်ရှည်သီးနှံကိုင်းကူးကိုင်းဆက်ပညာပေး သင်တန်းနှင့် အခြားသင်တန်းများ ပို့ချသွားမည်ဟုလည်း သိရှိရပါကြောင်း၊ တောင်သူများ ကိုယ်တိုင် ဝင်ရောက်ဆွေးနွေးပြီး သိရှိလိုသည်များ တိုက်ရိုက်မေးမြန်းအဖြေရှာနိုင်ရန် စာတမ်းဖတ်ပွဲများနှင့် တောင်သူဆွေးနွေးပွဲများအတွက် ပညာရှင်များ ဖိတ်ကြားထားပြီး ပွဲတော်ကာလအတွင်း ဆောင်ရွက်သွားမည်ဟုသိရှိရပါကြောင်း။

 

ကမ္ဘာတွင်အရေးကြီးကဏ္ဍ တစ်ခုဖြစ်သည့် အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(Good Agricultural Practices – GAP) အသိအမှတ်ပြုလက်မှတ်ရရှိအောင် သီးနှံအလိုက်ဆောင်ရွက်ထားရှိမှုကိုလည်း အားရ ကျေနပ်ဖွယ်တွေ့ရှိရပါကြောင်း။

 

လက်ရှိGAPလက်မှတ်ရတောင်သူများက နောက်နှစ်များစွာတွင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ကျန်ရှိသည့် တောင်သူများလည်း စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP) အသိအမှတ်ပြုလက်မှတ်ရရှိအောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါ ကြောင်း၊ သို့မှသာ ဘေးအန္တရာယ်ကင်းရှင်းသည့် အစားအစာအဖြစ် အသိအမှတ်ပြုခံရပြီးပြည်တွင်း ဈေးကွက် တွင်သာမက ပြည်ပဈေးကွက်ကိုပါ ထိုးဖောက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင်ဘေးအန္တရာယ်ကင်း ရှင်းသည့် အစားအစာများသည် ပြည်သူများ၏ ကျန်းမာရေးကိုလည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။

 

ယခုပွဲတော်အတွင်းတွင် လယ်ယာသုံးစက်ကိရိယာပြခန်းများကို လေ့လာနိုင်သည့်အပြင် စက်ကိရိယာများ လက်တွေ့အသုံးပြုနေပုံများကိုလည်း လေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ တောင်သူ များအနေဖြင့် မိမိတို့အသုံးပြုလိုသည့် စက်ကိရိယာများကို သေချာစွာ လေ့လာရွေးချယ်နိုင်မည်လည်း ဖြစ်ပါကြောင်း။

 

ယနေ့ကျင်းပသည့် ပွဲတော်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပကျွမ်းကျင်ပညာရှင်များ၊ တောင်သူလယ်သမားများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ပွဲတော်သို့လာရောက် လေ့လာ ကြသည့် တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တက်ရောက်လာကြသူများ အားလုံးလည်း ယခုပွဲတော်မှ အကျိုးကျေးဇူးများစွာ ရရှိကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

 

ထို့နောက်ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်တို့က အမှာစကားပြောကြားကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံဆိုင်တို့က ရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီ ပွဲတော် (Shan State Agriculture Symposium) ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့သည်။

 

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရှင်းလင်းဆောင်သို့ရောက်ရှိရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးကစိုက်ပျိုးရေး စုံညီပွဲတော်တွင်ကွင်း အမှတ်များသတ်မှတ်၍ စိုက်ခင်းများ၊ စိုက်ပျိုးရေးဆိုင်ရာပြခန်းများ၊ မွေးမြူရေးဆိုင်ရာ ပြခန်းများ၊ လယ်ယာသုံးစက်ကိရိယာ ပြခန်းများ၊ သင်တန်း၊ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ခင်းကျင်းပြသ ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ကွင်းအမှတ် (၁)၌ခင်းကျင်းပြသ ထားသည့် သုတေသနစိုက်ခင်းများ၊ အစားထိုးသီးနှံစိုက်ပျိုးပင်များ၊ ကွင်းအမှတ်(၂)၌ ခင်းကျင်းပြသ ထားသည့် မျိုးစေ့ပြခန်းများ၊ မြေသြဇာပြခန်းများ၊ ပိုးသတ်ဆေးပြခန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းသုံး ကုမ္ပဏီပြ ခန်းများ၊ဝန်ကြီးဌာနပြခန်းများ၊ ကွင်းအမှတ် (၃)၌ ခင်းကျင်းပြသထားသည့် မွေးမြူရေး ဆိုင်ရာ ပြခန်းများနှင့်ကွင်းအမှတ် (၄)၌ခင်းကျင်းပြသထားသည့် လယ်ယာသုံးစက်ကိရိယာပြခန်း များကို လှည့်လည်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

 

125

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်ကလော မြို့နယ်အင်းခေါင်းကျေးရွာ ဟဲဟိုး ဥယျာဉ်ခြံ၌ ကျင်းပသည့် ရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီပွဲတော်အား ဒီဇင်ဘာ၂၂ရက်မှ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကွင်းအမှတ်(၁)၌ စိုက်ပျိုးရေးသုတေသနခြံ၁၀ခြံမှ သုတေသန စိုက်ခင်းများ၊ မျိုးစေ့ကုမ္ပဏီ၁၃ခုမှ မျိုးစေ့ပြခန်းများ၊သီးနှံအမျိုးအစား၃၈မျိုး၊ သစ်ခွနှင့် ဘွန်စိုင်း၊ ပျိုးပင်အရောင်းဆိုင်ပြခန်း ၅ခန်း ကိုလည်းကောင်း၊ ကွင်းအမှတ်(၂)တွင် ဝန်ကြီးဌာန ပြခန်း၂၀၊ သဘာဝမြေသြဇာပြခန်း၁၃ခန်း၊ ဓာတ်မြေသြဇာ၊မျိုးစေ့နှင့်စိုက်ပျိုးရေး သုံးဆေးပြခန်း ၃၂ခန်း၊ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီပြခန်း ၅၉ ခန်း ကိုလည်းကောင်း၊ ကွင်းအမှတ် (၃)တွင် မွေးမြူရေးနှင့် ပတ်သက်သည့် ပြခန်း ၁၅ခန်း ကိုလည်းကောင်း၊ ကွင်းအမှတ်(၄)တွင် လယ်ယာသုံး စက်ကိရိယာပြခန်း ၃၆ခန်းကိုလည်းကောင်း ခင်းကျင်းပြသထားရာ စုစုပေါင်းပြခန်းပေါင်း ၁၈၀ကို ခင်းကျင်းပြသထားကြောင်း သိရှိရသည်။

 

ေ

 

ထို့ပြင် မှိုစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နည်း ပညာပေးသင်တန်း၊ Greenovator Mobile Application အသုံးပြုနည်းသင်တန်း၊ သီးနှံအလိုက်တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နည်းသင်တန်း၊ အထွက်တိုး Mobile Application အသုံးပြုနည်းသင်တန်း၊ သီးနှံအလိုက်စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့် ကောင်းများ(GAP) သင်တန်း၊ အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေအကြောင်း ပညာပေး သင်တန်း၊ နှစ်ရှည်သီးနှံကိုင်းကူး/ ကိုင်းဆက်သင်တန်း၊ ရော်ဘာပင်များတွင် မှိုရောဂါ ကျရောက်မှုနှင့် ပတ်သက်၍ ပညာပေးသင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး စာတမ်းဖတ်ပွဲကို လည်းထည့်သွင်းကျင်းပသွားမည်ဖြစ်ကာ အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်မှု အဆင့်ဆင့်ကွင်း ဆက်များ အကြံပြုချက်စာတမ်း၊ ပဲပုပ်စိုက်ပျိုး ထုတ်လုပ်ခြင်းနည်းပညာ စာတမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နည်း ပညာပေးစာတမ်း၊ သီးနှံစိုက်ပျိုးရာတွင်အချိန်၊ ငွေကုန် သက်သာမည့် ပညာရပ်များ ပြန့်ပွားရေးစာတမ်း၊ အာလူး နှောင်းပင်နာကျရောဂါနှင့်မှိုသတ် ဆေးများ စမ်းသပ်ချက်စာတမ်းနှင့် အစေ့ထုတ် ပြောင်းသီးနှံ အရည်အသွေးမြင့်မားရေးအတွက် ရိတ်သိမ်းချိန် လွန်နည်းပညာ၏ အခန်းကဏ္ဍ စာတမ်းတို့ကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

ေ

 

ယင်းနောက် ဒုတိယသမ္မတသည်အဖွဲ့ဝင်များနှင့်အတူ ရဟတ်ယာဉ်ဖြင့်ဟဲဟိုးမြို့မှ ထွက်ခွာ ကြရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

(သတင်းစဉ်)