နေပြည်တော် ၂၂ ဖေဖော်ဝါရီ

 

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာကြပြီး ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သို့ ရောက်ရှိကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများဖြစ်ကြသည့် ဦးစိုးညွန့်လွင်၊ ဒေါက်တာညီညီအောင်နှင့် ဦးစိုင်းစွံစိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ပေါင်းလောင်းရေဆိပ် ရှင်းလင်းဆောင်၌ ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က နမ့်မွန်ကြီး ရေတံခွန်နောက်ခံသမိုင်း၊ ရည်ရွယ်ချက်၊ နှစ်အလိုက် ခရီးသွားလာရောက်လည်ပတ်မှုနှင့် လက်ရှိခရီးသွားလုပ်ငန်းအခြေအနေ၊ ဒေသခံများအနေဖြင့် ခရီးသွားများတည်းခိုရန် ယာယီဝါးတဲများ တည်ဆောက်ထားမှု၊ ခရီးသွားဖွံ့ဖြိုးတိုးတက်နိုင်မှု အလားအလာနှင့် အခြေခံအဆောက်အဦလိုအပ်ချက်၊  နမ့်မွန်ကြီးရေတံခွန် ခရီးစဉ်အတွက် ရင်းနှီးမြှုပ်နှံရန် အဆိုပြုထားမှုနှင့် အဆောက်အဦ တည်ဆောက်ရန် အဆိုပြုပုံစံများ၊ ခရီးစဉ်ဒေသရေ ရှည်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားရမည့် အချက်များ၊ ရပ်ရွာလူထုပါဝင်သော ခရီးသွားလုပ်ငန်း ဖြစ်ပေါ်လာစေရေးဆောင်ရွက်သွားမည့် အစီအဉ်များ၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ပေးရန် ဆောင်ရွက်မည့်အခြေအနေနှင့် ပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ ရွာငံမြို့နယ် ပန်းလောင်ပြဒါးလင်း သဘာဝဘေးမဲ့တောဆိုင်ရာ အချက်အလက်များနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး စီမံချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နမ့်မွန်ကြီးရေတံခွန် ခရီးစဉ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ ခရီးစဉ်အလားအလာကောင်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

mdn

 

တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက နမ့်မွန်ကြီးရေတံခွန် ခရီးစဉ် စီမံကိန်းအား အနီးရှိခရီးသွားများ စိတ်ဝင်စားသည့် လိန်းလီတံတား၊ ဟားရေတံခွန်၊ ရေပူစမ်းတို့နှင့် ချိတ်ဆက်၍ သွားလာနိုင်သည့်နေရာဖြစ်အောင် Master Plan ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့်ကုမ္ပဏီ အကျိုးရှိသကဲ့သို့ ဒေသခံပြည်သူများ အလုပ်အကိုင် ရရှိရေးနှင့် ရေရှည်အကျိုးဖြစ်ထွန်းစေရေးကိုလည်း အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း၊ ခရီးသွားများအတွက် ဘေးကင်းလုံခြုံရေးအတွက် ရေလမ်းကြောင်းကောင်းမွန်ရေးကို ဂရုစိုက်ဆောင်ရွက်သွားရန်နှင့် အစားအသောက်များကို သန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ခရီးစဉ်ဒေသ၌ သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေး၊ အမှိုက်များ စနစ်တကျစွန့်ပစ်ရေး တို့ကိုဂရုစိုက်ဆောင် ရွက်ကြရန်လိုကြောင်း၊ နမ့်မွန်ကြီးရေ တံခွန်သည် အခြားသောခရီးစဉ် ဒေသများနှင့် ဆက်စပ်သည့်နေရာတွင် တည်ရှိနေသည့်အတွက် ပြည်တွင်းခရီးသွားများ သာမက နိုင်ငံခြားသားခရီးသွားများပါ လာရောက်မှု များပြားလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြာင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ အမြဲတမ်းသန့် ရှင်းသပ်ရပ်သာယာလှပနေရေးကို အထူးဂရုစိုက်ရန်လိုကြောင်း၊ ဒေသခံများအနေဖြင့် ဝါးလုပ်ငန်းနှင့် အခြားဒေသထွက်ပစ္စည်းအား လူသုံးကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရန် လူစွမ်းအား မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်သွားရန်လိုကြောင်း၊ ပြည်တွင်း ပြည်ပ ခရီးသွားများအတွက် အများသုံးသန့်စင်ခန်းများကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးထားရန်လိုကြောင်း မှာကြားသည်။

 

mdn

 

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ပေါင်းလောင်းမြို့ရေဆိပ်မှ ရေယာဉ်ငယ်များဖြင့် ပေါင်းလောင်းဆည် ပတ်ဝန်းကျင်ရေဝေရေလဲ ထိန်းသိမ်းထားရှိမှု၊ ဆည်အတွင်း ရေဝင်ရောက်ရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ထွက်ခွာခဲ့ရာ နမ့်မွန်ကြီးရေတံခွန် ရေဆိပ်သို့ ရောက်ရှိကြသည်။

 

mdn

 

ထို့နောက် ဒုတိယသမ္မတက နမ့်မွန်ကြီးရေတံခွန် အဆင့်ဆင့် ရေစီးဆင်းနေမှု၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဆောင်ရွက်ထားရှိမှု၊ ခရီးသွားများ လာရောက်အပန်းဖြေ အနားယူနေမှုနှင့် ခရီးစဉ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရမည့် အခြေအနေများကို လိုက်လံကြည့်ရှုပြီး အဖွဲ့ဝင်များနှင့်လည်းကောင်း၊ ခရီးသွားပြည်သူများနှင့် လည်းကောင်း အမှတ်တရဓာတ်ပုံရိုက်သည်။

 

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် နမ့်မွန်ကြီးရေတံခွန်မှ ရေယာဉ်ငယ်များဖြင့် ပြန်လည်ထွက်ခွာလာကြရာ ပေါင်းလောင်းရေဆိပ်သို့ ရောက်ရှိကြပြီး မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

 

mdn

 

နမ့်မွန်ကြီးရေတံခွန်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် လိန်းလီ သစ်တောကြိုးဝိုင်းအတွင်း ပေါင်းလောင်းမြို့၏ မြောက်ဘက် ၁၂ မိုင်အကွာတွင် တည်ရှိပြီး ရေတံခွန်သည် ရေပြာရေတံခွန်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်မှုရှိသည့် ခရီးစဉ်တစ်ခုဖြစ်အောင် စီစဉ်လျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ခရီးသွား(၈၀ဝ၀)၊ ၂၀၁၉ ခုနှစ်တွင် ခရီးသွား(၁၂၀ဝ၀) လာရောက်လည်ပတ်ခဲ့ပြီး ခရီးသွားများအတွက် စက်လှေ ဝန်ဆောင်မှုများ ကောင်းမွန်အောင် စဉ်ထားကြောင်း၊ နမ့်မွန်ကြီးရေတံခွန် ခရီးစဉ်ကို ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဖြစ်စေရန် ဆောင်ရွက်လျက်ပြီး အနာဂတ်ကာလတွင် ရေတံခွန်ဒေသတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ အဆင်ပြေချောစေရန် တည်းခိုဆောင်များနှင့် အပန်းဖြေစရာများကို နမ့်မွန်ကြီးရေတံခွန်ဒေသ၌ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်