ရန်ကုန် ၁ ဖေဖော်ဝါရီ
“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀)” ပွဲတော်မုခ်ဦးနှင့် တိုင်းရင်းသားပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကျိုက္ကဆံအားကစားကွင်း၌ကျင်းပရာ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးအုန်းမောင်နှင့် နိုင်သက်လွင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” မုခ်ဦးကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် နိုင်သက်လွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် အခမ်းအနားကို ပွဲတော်ဝင်းအတွင်းရှိ ယာယီမဏ္ဍပ်၌ ဆက်လက်ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့ကျင်းပသည့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ”ပွဲတော်ကို တိုင်းရင်းသားလူမျိုးများ၏ ဒေသဖွံ့ဖြိုးရေး၊ ခရီးသွားလုပ်ငန်း၊ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း၊ ဒေသထွက်ကုန်၊ တိုင်းရင်းသားအချင်းချင်း အသိအမြင် ဗဟုသုတနှင့် ဒေသထွက်ကုန်များ ဖလှယ်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး တိုင်းရင်းသားများ၏ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သည့် ပွဲတော်လည်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် တိုင်းရင်းသားများစွာ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုသည် များစွာအရေးကြီးပါကြောင်း၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုဖြင့်သာ နိုင်ငံ၏ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင် မည်ဖြစ်သကဲ့သို့ ငြိမ်းချမ်းမှသာ တစ်နိုင်ငံလုံး မည်သည့်ဒေသမကျန် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
နိုင်ငံအတွင်း တိုင်းရင်းသားမျိုးနွယ်စုများ ကွဲပြားနေကြသကဲ့သို့ နောက်ခံသမိုင်းကြောင်းများအရ အတွေးအမြင် မတူညီမှုများလည်း ရှိနိုင်ပါကြောင်း၊ အတွေးအမြင် မတူညီသည်များကို ဘေးဖယ်ထားပြီး တူညီသည်များကို စုစည်းကာ ရှေ့ဆက်ဆောင်ရွက်ရသည်များ ရှိသကဲ့သို့ မတူညီသော်လည်း ပေါင်းစပ်ဆောင်ရွက်နိုင်သည်များလည်း ရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတွင် မတူကွဲပြားမှုများ ရှိနေသော်လည်း စုစည်းတည်ဆောက်၍ ရနိုင်ပါကြောင်း။
ယခုအခါ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကြိုးပမ်းတည်ဆောက်လျက်ရှိသည့် အချိန်အခါဖြစ်ကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် တိုင်းရင်းသားအချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ စည်းလုံးညီညွတ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးများ ခိုင်မာအောင်တည်ဆောက်ကြရမည် ဖြစ်ကြောင်း၊ သို့မှသာ ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို မလွဲမသွေ တည်ဆောက်နိုင်မည် ဖြစ်ကြောင်း။
တိုင်းရင်းသားများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် အခြေခံလိုအပ်ချက်များကို နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေပါကြောင်း၊ နိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေသည့်အတွက် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိက စီးပွားရေးကဏ္ဍသည် များစွာအရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) တွင် ပန်းတိုင် (၃)အဖြစ် အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သည့် ဖွံ့ဖြိုးရေးအဖြစ် ချမှတ်ထားပါကြောင်း။
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ စီးပွားရေးအကျိုးအမြတ် ရရှိနိုင်သည့်အပြင် မိမိဒေသ တိုးတက်ဖြစ်ထွန်းလာနိုင်သည့် အလားအလာရှိသော ဒေသတွင်း ကုန်ထုတ်လုပ်ငန်းများဖြင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်းလိုပါကြောင်း၊ လုပ်ငန်းများစတင်ရာတွင် လွယ်ကူအောင် ဖြေလျော့မှုများ ဆောင်ရွက်နေသကဲ့သို့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် မူဝါဒချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံ၏ သာယာလှပသော နယ်မြေအသီးသီးတွင် ရှိနေကြသည့် တိုင်းရင်းသားများ၏ ချစ်စရာဓလေ့ထုံးစံများ၊ ရိုးရာယဉ်ကျေးမှုများနှင့် ရိုးရာအစားအစာများသည် ပြည်တွင်းခရီးသွားများကို သာမက နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်နိုင်သည့် အချက်များ ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများအနေဖြင့် ခရီးသွားလုပ်ငန်းကဲ့သို့ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဒေသထွက်ကုန်ပစ္စည်းများကို ပြည်တွင်းဈေးကွက်၌သာမက ပြည်ပဈေးကွက်သို့ပါ ထိုးဖောက်နိုင်ရေး အတွက် တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် အဆင့်မြင့် ဝန်ဆောင်မှုများပေးနိုင်ရန် တီထွင်ဖန်တီးမှုရှိရှိ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့ ဒေသထုတ်ကုန်များ ဈေးကွက်ရလာပြီး ခရီးသွားလုပ်ငန်းများ အောင်မြင်လာလျှင် မိမိတို့၏ စီးပွားရေးသာမက ဒေသခံလူထုကိုပါ အလုပ်အကိုင်ဖန်တီးပေးနိုင်ပြီး ဒေသစီးပွားရေးနှင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ပါကြောင်း။
တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် မိမိတို့ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုများ၊ အနုပညာများနှင့် သမိုင်းအမွေအနှစ်များ မတိမ်ကော မပျောက်ပျက်စေရန် ဆက်လက်ထိန်းသိမ်းကြပါ၊ ငြိမ်းချမ်းသာယာဝပြောပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားများ အားလုံးအတူတကွ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားကြပါ၊ တိုင်းရင်းသားများ၏ စီးပွားရေးကိုသာမက နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အေးချမ်းသာယာမှုကိုပါ ပိုမိုတိုးတက်ခိုင်မာအောင် အကောင်အထည်ဖော်ဆောင်ပေးကြပါဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဝန်ကြီးချုပ်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်းနှင့် ဦးအယ်လ်ဖောင်းရှို၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း နာယက ဒေါက်တာတင်မျိုးဝင်းတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ကေ့ထျိုးဘိုး(ခ)ကယားတံခွန်တိုင် စိုက်ထူခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီး တံခွန်တိုင်ကို စိုက်ထူပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ကေ့ထျိုးဘိုး(ခ)ကယားတံခွန်တိုင် ပွဲတော်သည် ကယားလူမျိုးတို့၏ စည်းလုံးညီညွတ်မှု၊ ရိုင်းပင်းကူညီမှုနှင့် မေတ္တာစေတနာပြည့်ဝသော ဓလေ့စရိုက်ကောင်းများကို ဖော်ညွှန်းသည့် ပွဲတော်တစ်ခုဖြစ်ပြီး ပွဲတော်ကို မိုးလေဝသ မှန်ကန်ကောင်းမွန်စေရန်၊ ဆန်ရေစပါးနှင့် ကောက်ပဲသီးနှံပေါများ ကြွယ်ဝစေရန်၊ သဘာဝဘေးအန္တရယ်မှ ကင်းဝေးစေရန်၊ တိုင်းပြည်အေးချမ်းသာယာပြီး တိုင်းရင်းသားများ ပိုမိုချစ်ကြည်ရင်းနှီး စည်းလုံးစေရန်နှင့် မျိုးဆက်သစ်လူငယ်များ မိမိတို့ ရိုးရာယဉ်ကျေးမှု အစဉ်အလာကောင်းများကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကျင်းပကြခြင်းဖြစ်ကြောင်း သိရသည်။
ကယားတံခွန်တိုင် စိုက်ထူနေစဉ်အတွင်း ကယားရိုးရာ တံခွန်တိုင်အကဖြင့် ကပြဖျော်ဖြေ၍ ဗုံပုလွေတီးမှုတ်သည့်အဖွဲ့များက မြန်မာပြည်မြေပုံဖြင့် သရုပ်ဖော်ကပြ တီးမှုတ်ဖျော်ဖြေကြသည်။
ထို့နောက် ဒုတိယသမ္မတသည် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၀) အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ကချင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း၊ ကယားတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း၊ ကရင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း၊ ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း၊ ဗမာတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း၊ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း၏ သစ်တောထွက် ပစ္စည်းပြခန်း၊ မွန်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း၊ ရခိုင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း၊ ရှမ်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း၊ ကိုးကန့်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း၊ ဓနုတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း၊ နာဂတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း၊ ပလောင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း၊ ပအိုဝ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း၊ “ဝ” တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း၊ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ပြခန်းနှင့် တိုင်းရင်သားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြခန်းတို့ကို လှည့်လည်ကြည့်ရှုပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
သတင်းစဉ်