ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်သို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော်  ၂  အောက်တိုဘာ

 

အမျိုးသားမြေအသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဋ္ဌာန(၂)၌ ကျင်းပရာအမျိုးသား မြေအသုံးချမှုကောင်စီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်မိန့်ခွန်း ပြောကြားသည်။

 

ဖိုရမ်သို့ အမျိုးသားမြေအသုံးချမှုကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

 

ဖိုရမ်တွင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့ သည့် လူဦးရေနှင့် အိမ်ရာအကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ(၅၁)သန်းကျော်ရှိပြီး လူဦးရေသိပ်သည်းမှုအနေဖြင့် မြေဧရိယာ တစ်စတုရန်း ကီလိုမီတာတွင် လူဦးရေ(၈၁)ဦးခန့်နေထိုင်လျက် ရှိပါကြောင်း၊ အရှေ့တောင်အာရှတွင် လာအိုနိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် လူဦးရေသိပ်သည်းမှု ဒုတိယအနည်းဆုံးနိုင်ငံ ဖြစ်ပါကြောင်း။

 

မြေသယံဇာတအရင်းအမြစ်များသည် မိမိတို့လူသားများ၊ လူမှုအသိုင်းအဝိုင်းများ ဖြစ်တည်မှုအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအကျဆုံး သဘာဝသယံဇာတအရင်း အမြစ်ဖြစ်ပါကြောင်း၊ အခြားသယံဇာတအရင်း အမြစ်များနှင့် မတူသည့်အချက်မှာ တိုးပွားအောင်လုပ်ဆောင်၍ မရဘဲအကန့်အသတ်နှင့်သာရှိသည့် သဘာဝသယံဇာတ အရင်းအမြစ်ဖြစ်သည်ကို သတိပြုရမည် ဖြစ်ပါကြောင်း။

 

ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)၏ ခန့်မှန်းချက်အရ ကမ္ဘာ့ လူဦးရေတိုး ပွားလာမှုနှင့် မြေဆီလွှာယိုယွင်းပျက်စီးမှုအခြေအနေတို့ကြောင့် ၂၀၂၀ ခုနှစ် တွင် လူတစ်ဦးအတွက် စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေဧရိယာ သုည ဒသမ ၁၈ ဟက်တာ ခန့်သာရှိတော့မည် ဖြစ်ပါကြောင်း၊ ယင်းအခြေအနေသည် ၁၉၆၀ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ထက်ဝက်ခန့်ကျဆင်းလာခြင်းဖြစ်ပြီး ၂၀၅၀ ခုနှစ်တွင်လည်း ထက်ဝက်ခန့် ထပ်မံကျဆင်းသွားမည်ဟု ခန့်မှန်းထားပါကြောင်း။

 

နိုင်ငံတော်၏မြေသယံဇာတများကို စဉ်ဆက်မပြတ်စီမံအုပ်ချုပ်အသုံးချနိုင်ရေး အတွက် လိုအပ်နေသည့် အမျိုးသားမြေအသုံးချမှုမူဝါဒကို အများပြည်သူပါဝင်မှုနှင့် ရေးဆွဲခဲ့ပြီး ၂၀၁၆ ခုနှစ်ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ယခင်ကမရှိခဲ့သည့် အမျိုးသားမြေအသုံးချမှု မူဝါဒသတ်မှတ်ပြဋ္ဌာန်း နိုင်ခဲ့ခြင်းသည် မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် တိုးတက်မှုဖြစ်သော်လည်း စနစ်တကျ ကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုများ ဖြစ်ပေါ်လာစေရေးအတွက် အတည်ပြုပြဋ္ဌာန်းခဲ့သည့် အမျိုးသားမြေအသုံးချမှု မူဝါဒကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် ရန်လိုအပ်ပါကြောင်း။

 

ယခုအခါ အမျိုးသားမြေအသုံးချမှုမူဝါဒပါရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် မြေအသုံးချမှုမူဝါဒနှင့် သက်ဆိုင်သည့်ဥပဒေများကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား မြေအသုံးချမှု ကောင်စီကိုဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံတွင် မြေအသုံးချမှုစီမံခန့်ခွဲရာ၌ အစိုးရကစီမံခန့်ခွဲသည့်မြေများ အတွင်း ဝင်ရောက် အခြေချနေ ထိုင်ကြသည့်အတွက် မြေယာအငြင်းပွားမှုများ ရင်ဆိုင် တွေ့ကြုံရခြင်း၊ မြေဧရိယာကျယ်ပြန့်စွာ ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမပေးနိုင်ခြင်း၊ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများသည်လည်း ခေတ်စနစ်နှင့်အညီ ပြုပြင်ပြဋ္ဌာန်းရန် လိုအပ်ခြင်း၊ ကဏ္ဍအလိုက်ပြဋ္ဌာန်းထားသည့် ဥပဒေများချိတ်ဆက်မှုမရှိခြင်း၊ သဟဇာတ မဖြစ်ခြင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအားလိုက်နာဆောင်ရွက်မှုအားနည်းခြင်း၊ အဂတိတရားနှင့် ဆောင်ရွက်မှုများ ရှိနေခြင်း၊ အသိပညာပေးရန်လိုအပ်ခြင်း၊ မြေအသုံးချမှု စီမံခန့်ခွဲရာတွင် စီးပွားရေးအကျိုး အမြတ် အများဆုံးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် မြေအသုံးချမှုဦးစားပေး အစီအစဉ်များကြိုတင် ရေးဆွဲမှုအားနည်းခြင်း၊ စီးပွားရေးလုပ်ငန်း များတွင် လူမှုဖွံ့ဖြိုးရေးတာဝန်ယူမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်မှုအားနည်းပြီး ဒေသခံပြည်သူများနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်း၊ မြေအသုံးချမှု စီမံကိန်းရေးဆွဲခြင်း၊ မြေအသုံးချမှုအခွင့်အရေးများကို အများပြည်သူတို့ ပါဝင်အတည်ပြု ရန်လိုအပ်ခြင်း၊ မြေသယံဇာတ အချက်အလက်များနှင့် မြေပုံများတိကျ မှန်ကန်မှုမရှိခြင်း၊ မြေပြင်၌လက်တွေ့ စီမံခန့်ခွဲရန်ခက်ခဲခြင်း၊ ဆက်စပ်ဋ္ဌာနများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ခြင်းစသည့် အကန့်အသတ်နှင့် စိန်ခေါ်မှုများရင်ဆိုင် တွေ့ကြုံ နေရပါကြောင်း။

 

ယင်းစိန်ခေါ်မှုများကိုဖြေရှင်းရန်နှင့် အမျိုးသားမြေအသုံးချမှုမူဝါဒပါရည်ရွယ်ချက် များကို အကောင်အ ထည်ဖော်ရန် အတွက် မြေယာစီမံခန့်ခွဲမှုနှင့်ဆက်စပ်နေသည့် လက်ရှိဥပဒေများကို လေ့လာဆန်းစစ်ပြီး ပြည်သူ့အကျိုးပြုနိုင်မည့်မူဝါဒ၊ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စီမံခန့်ခွဲမှုပုံစံများ ဖြစ်ပေါ်လာစေရေး အဆိုပါဥပဒေများကို လွှမ်းခြုံသည့် အမျိုးသားမြေဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း။

 

အထောက်အကူပြု လုပ်ငန်းကော်မတီများနှင့် အကြံပေးအဖွဲ့တို့ကိုဖွဲ့စည်းပြီး နိုင်ငံတော်၏မြေသယံ ဇာတအရင်းအမြစ်များကို အကျိုးရှိစွာ စီမံခန့်ခွဲနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အထူးလို အပ်ချက်အရ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ ဖွဲ့စည်းဆောင်ရွက် ထားသည့်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီနှင့် လယ်ယာ မြေဥပဒေအရ ဖွဲ့စည်းဆောင်ရွက်ထားသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့တို့နှင့် အမျိုးသားမြေအသုံးချမှုကောင်စီတို့အကြား မြေစီမံခန့်ခွဲမှုအကြောင်းအရာများကို ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့်အတွက် အဆိုပါအဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေဖော်ထုတ်ရမည် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံသည် လုပ်ကွက်ငယ်တောင်သူလယ်သမားအများစုက လယ်ယာ စိုက်ပျိုးရေး၊ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး အသက်မွေး ဝမ်းကျောင်း နေကြပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးအားကောင်းလာစေပြီး လုပ်ကွက်ငယ် တောင်သူများနှင့် မြေယာမဲ့ပြည်သူများ၏ မြေအသုံးချမှုနှင့်လုပ်ပိုင်ခွင့်ခိုင်မာမှုကိစ္စမှာလည်း ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ခြင်းကြောင့် စိုက်ပျိုးရေးမူဝါဒနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာ ဗျူဟာတို့တွင် ပင်မလုပ်ငန်းစဉ်(၁၄)ခုချမှတ်ပြီး မဟာဗျူဟာကျကျ ဆောင်ရွက်သွားရန် လျာထားပြီးဖြစ်ပါကြောင်း၊ ယင်းပင်မလုပ်ငန်းစဉ်(၁၄)ခု ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားမြေအသုံးချမှု ကောင်စီအနေနှင့် လုပ်ငန်းကော်မတီ တစ်ခုဖွဲ့စည်းဆောင်ရွက်ရန် ဦးစားပေးလုပ်ငန်းစဉ်တစ်ခုအနေနှင့် ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း။

 

 

ထို့ပြင်နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံလုပ်ငန်းစဉ်နှင့် အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဖြစ်ပေါ်လာရေး ဆောင်ရွက်လျက်ရှိသည့် နေရာတွင် မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍမူဝါဒသဘောတူညီချက်များအဖြစ် (၂၁) ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးတွင် (၁၀) ချက်၊ တတိယအစည်းအဝေးတွင် (၂) ချက် အတည်ပြုနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ မြေယာကဏ္ဍပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များဖြစ်သည့် အမျိုးသားမြေအသုံးချမှု မူဝါဒလမ်းညွှန်ချက်နှင့် အညီအမျိုးသားမြေဥပဒေရေးဆွဲရေး၊ တည်ဆဲဥပဒေများ သဟဇာတဖြစ်စေရေး၊ အမျိုးသားမြေအသုံးချမှု စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ရေး၊ ဒေသခံ ဌာနေတိုင်းရင်း သားများနှင့်ဓလေ့ထုံးတမ်းမြေယာစီမံခန့်ခွဲရေးစနစ်များ၊ လုပ်ပိုင်ခွင့် များကို အမျိုးသားမြေဥပဒေရေးဆွဲသည့်နေရာတွင် ထည့်သွင်းအသိ အမှတ်ပြုအကာ အကွယ်ပေးရေးနှင့် အခြားမြေယာ စီမံခန့်ခွဲရေးကိစ္စရပ်များ ဆောင်ရွက်သည့်နေရာတွင် (၂၁)ရာစုပင်လုံ ညီလာခံက ထွက်ပေါ်လာ သည့် မူဝါဒသဘောတူညီမှုများကို ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ရေးသည်လည်း အရေးကြီးသည့် ရေရှည်လုပ်ငန်းစဉ် တစ်ခုအဖြစ် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 

ထို့ကြောင့် အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာ အကောင်အထည် ဖော်ဆောင် ရွက်နိုင်ရေးအတွက် ရေတိုရေရှည်မဟာဗျူဟာများ၊ နည်းဗျူဟာများ၊ လုပ်ငန်းစဉ်များချမှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးရန်၊ အမျိုးသားမြေ အသုံးချမှုမူဝါဒကိုအခြေခံပြီး အမျိုးသားမြေဥပဒေရေးဆွဲရေးနှင့် မြေအရင်းအမြစ်များ စီမံခန့်ခွဲရေးတို့နှင့်စပ်လျဉ်းပြီး ညှိနှိုင်းဆွေးနွေးရန်ရည်ရွယ်၍ ယခုအမျိုးသား မြေအသုံးချမှု မူဝါဒဆိုင်ရာ ဖိုရမ်ကိုကျင်းပရခြင်းဖြစ်ပါကြောင်း။

 

အမျိုးသား မြေအသုံးချမှု မူဝါဒပါရည်ရွယ်ချက်၊ လမ်းညွှန်ချက်နှင့် အခြေခံမူများကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် ကောင်းမွန်သည့်မြေယာ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာနိုင်ရေးအတွက် ယနေ့ဖိုရမ်သို့တက်ရောက်လာကြသည့် ကိုယ်စားလှယ်များအနေဖြင့် အလေးအနက်ထား ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် ဖိုရမ်သို့တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အမျိုးသားမြေအသုံးချမှု မူဝါဒထွက်ပေါ်လာရေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ပြခန်းကို လှည့်လည်ကြည့်ရှုသည်။

 

ထို့နောက် ဖိုရမ်ကို ဆက်လက်ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက အမျိုးသားမြေအသုံးချမှု မူဝါဒဖြစ်ပေါ်လာပုံ၊ အမျိုးသားမြေအသုံးချမှု မူဝါဒပါ အရေးကြီးသောလမ်းညွှန်ချက်များ၊ မြေအသုံးချမှုကော်မတီများ ဖွဲ့စည်းရေးဆောင်ရွက်နေမှု၊ အမျိုးသားမြေဥပဒေ ရေးဆွဲရေးနှင့် ဥပဒေများ သဟဇာတဖြစ်ရေး ဆောင်ရွက်မှု အခြေအနေ၊ အမျိုးသားမြေအသုံးချမှု အစီအစဉ်များနှင့် ဇုန်များရေးဆွဲ အသုံးပြုခြင်း ဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များ၊ မြို့ပြမြေအသုံးချမှု အစီအစဉ်ရေးဆွဲနေမှု၊ အမျိုးသား မြေပုံစနစ်ဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များနှင့် မြေတိုင်းဦးစီးဌာန၏ လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ်တည်ထောင်ရေးစီမံကိန်းနှင့် တိုးတက်မှုများကို ဆွေးနွေးခဲ့ကြသည်။

 

အမျိုးသားမြေအသုံးချမှုမူဝါဒဖိုရမ်ကို အောက်တိုဘာ ၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖိုရမ်ဒုတိယ နေ့တွင် စိုက်ပျိုးမြေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုင်ရာ မြေယာကဏ္ဍဖွံ့ဖြိုးမှု၊ ဒေသခံဌာနေတိုင်းရင်းသား များ၏ လူနှင့်သစ်တောအတူယှဉ်တွဲ နေထိုင်ခြင်းနှင့် အမျိုးသားမြေအသုံးချမှုကောင်စီက ဦးစားပေး ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဆက်လက် ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

mdn