ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား-
ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံလှတဲ့ ၂၀၂၀ ပြည့်နှစ်ရဲ့ နှစ်သစ်ကူးမင်္ဂလာနေ့ရက်မှသည် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံပြီးကောင်းချီးမင်္ဂလာ အဖြာဖြာကို ရရှိခံစားနိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။
ကုန်လွန်ခဲ့တဲ့ နှစ်ဟောင်းရဲ့ အတွေ့အကြုံကို အခြေခံကာ ပြည်ထောင်စု တိုင်းရင်းသားသွေးချင်းများအချင်းချင်း အပြန်အလှန်လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှု၊ နားလည်ယုံကြည်မှုများနဲ့အတူ နှစ်သစ်မှာ တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ကျော်လွှားရင်ဆိုင် ဖြတ်သန်းနိုင်ကြပြီး အခွင့်အလမ်းကောင်းတွေကိုလည်း ရယူပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
ဒီလို စုစည်းမှုအင်အား၊ ညီညွတ်မှုအင်အားတွေနဲ့ ဆောင်ရွက်မှုကနေ ပြည်ထောင်စုကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ ပြည်သူများ မျှော်လင့်တောင့်တနေကြတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေးတို့မှာ ထိရောက်တဲ့အထောက်အကူများ၊ ရလဒ်ကောင်းများ ရရှိနိုင်ကြမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။
ကျွန်တော်တို့ တိုင်းရင်းသားများ စုစည်းတည် ထောင်ထားတဲ့ ပြည်ထောင်စုကြီးရဲ့ ရှေ့ခရီးလမ်းနဲ့ အနာဂတ်ဟာ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူများရဲ့ လုပ်ဆောင်မှု အရပ်ရပ်အပေါ်မှာ တည်မှီနေမှာဖြစ်လို့ နိုင်ငံတော်ရဲ့ အကျိုး တိုင်းရင်းသားလူမျိုးအားလုံးရဲ့ ဂုဏ်သိက္ခာတို့ကို ဆတက်ထမ်းပိုး တိုးမြှင့်သယ်ပိုးနိုင်တဲ့ နိုင်ငံ့သားကောင်းများ ဖြစ်ကြပါစေ၊ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။