ရန်ကုန် ၄ ဖေဖော်ဝါရီ

 

ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည့် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၀)ပွဲတော်၏ စတုတ္ထမြောက်နေ့ ညနေပိုင်းတွင် ကချင်ရိုးရာပြခန်း၌ ကချင်ရိုးရာ မနောပွဲကိုကျင်းပသည်။

 

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကိုးကန့်၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ နာဂ၊ နှင့် အခြားတိုင်းရင်းသားများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဧည့်သည်တော်များနှင့် တိုင်းရင်းသားများ စုပေါင်း၍ ကချင်ရိုးရာပြခန်းရှေ့ရှိ မနောကွင်းတွင် မနောအကကို ပျော်ရွှင်စွာဆင်နွဲကြသည်။

 

အဆိုပါ မနောအကသည် တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်စွာဖြင့် မြန်မာနိုင်ငံ၏စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ရည်ရွယ်၍ ကျင်းပသည့် ဆွတ်မနောင် (စီးပွားရေးအောင်မြင် ဖြစ်ထွန်းသောအခါ ကသည့်ပွဲ) ဖြစ်ကြောင်း သိရသည်။

 

ကချင်ရိုးရာမနောအကသည် အဓိကအားဖြင့် (၅)မျိုးရှိပြီး ၎င်းတို့မှာ ပဒန်မနောင် (စစ်အောင်နိုင်ခြင်း အထိမ်းအမှတ်ဖြစ်အောင်ပွဲခံသည့်ပွဲ)၊ ဆွတ်မနောင် (စီးပွားရေးအောင်မြင်ဖြစ်ထွန်းသောအခါ ကသည့်ပွဲ)၊ ဂျူမနောင် (မကျန်းမာသည့်အခါနှင့် အသက်အရွယ်ကြီး ရင့်သောဘိုးဘွားအိုများ သေဆုံးသောအခါကျင်းပသောပွဲ)၊ ဂွမ်ရင်မနောင် (ညီအစ်ကို တစ်ဦးဦး နယ်မြေသစ် တည်ထောင်နေထိုင်သောအချိန် ကျင်းပသည့်ပွဲ)၊ ရှိဒိပ်မနောင် (နယ်မြေသစ်သတ်မှတ်ခြင်းနှင့် အုပ်ချုပ်ခြင်းအထိမ်းအမှတ်ဖြစ် ကျင်းပသည့်ပွဲ) စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် မိုးလေဝသ မှန်ကန်စေရန်၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံပေါများကြွယ်ဝစေရန်၊ သဘာဝဘေးအန္တရာယ်မှ ကင်းဝေးစေရန်၊ တိုင်းပြည်အေးချမ်းသာယာပြီး တိုင်းရင်းသားများပိုမိုချစ်ကြည် ရင်းနှီးစည်းလုံးစေရန်နှင့် မျိုးဆက်သစ်လူငယ်များမိမိတို့ ရိုးရာယဉ်ကျေးမှု အစဉ်အလာကောင်းများကို ထိန်းသိမ်း စောင့်ရှောက်လိုစိတ်ဖြစ်လာရန် ရည်ရွယ်၍ စုပေါင်းဆင်နွဲကြသည့် ကယားတိုင်းရင်းသား ရိုးရာကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို ကယားတိုင်းရင်းသားများနှင့်အတူ ပါဝင်ဆင်နွှဲသည်။

 

ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီးဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် အဖွဲ့ဝင်များသည် ကချင်ရိုးရာပြခန်းတွင် တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများရရှိစေရန်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် တဖက်တလမ်းမှ အထောက်အကူပြုစေရန်၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုများ တိုးတက်ဖြစ်ထွန်းစေရန်၊  ရိုးရာအစားအစာများနှင့် ယဉ်ကျေးမှုများအချင်းချင်း ဖလှယ်ကြရန် ရည်ရွယ်ကျင်းပသည့် ကချင်တိုင်းရင်းသားများ၏ ရိုးရာအစား အစာများဖြင့် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။

 

ယင်းနောက် ဒုတိယသမ္မတ၏ ဇနီးဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများနှင့် အဖွဲ့ဝင်များသည် ကျိုက္ကဆံအားကစားကွင်းရှိ သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၀) ဖျော်ဖြေရေးစင်မြင့်၌ တိုင်းရင်းသား အဆိုရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုအကအလှ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးသည်။

 

သတင်းစဉ်